..............................

Wednesday, July 15, 2009

ရွေးကောက်ပွဲမတိုင်မီ အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကုလ ဆိုင်ရာ မြန်မာ သံအမတ်ပြော

NEJ / ၁၄ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ တောင်းဆိုချက်အရ မြန်မာ စစ်အစိုးရက အကျဉ်းသားများကို လူသားချင်း စာနာ ထောက်ထားမှု အခြေခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် နိုင်ရန်အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် စီစဉ်နေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ပြောကြားသည်။

မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ယမန်နေ့က အစီရင်ခံ တင်ပြရာတွင် မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ သို့သော် ဦးသန်းဆွေက အကျဉ်းသား မည်မျှကို မည်သည့် အချိန်တွင် လွှတ်ပေးမည် ဆိုသည်ကို ထုတ်ဖော် ပြောခြင်း မရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်၊ မပါဝင်မည် ဆိုသည်ကိုလည်း ပြောဆိုခြင်း မရှိခဲ့ဟု သိရသည်။

မြန်မာသံအမတ် ဦးသန်းဆွေ၏ပြောကြားချက်နှင့် ပတ်သက်၍ မစ္စတာ ဘန်ကီမွန်းက “ဒါဟာ အားတက်စရာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကျနော် တင်ပြခဲ့တဲ့ ကိစ္စတွေကို သူတို့ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရပါမယ်။ ဒီ လွတ်ငြိမ်း ချမ်းသာခွင့်မှာ ဘယ်သူ ပါမယ်ဆိုတာ ကျနော် သေချာ မသိပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။

ဇူလိုင် (၃-၄) ရက် မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် မြန်မာ စစ်အစိုးရအား တောင်းဆိုခဲ့သည်။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံ နေရကာ အင်းစိန်ထောင် အတွင်း ရုံးတင် စစ်ဆေး ခံနေရချိန် ဖြစ်သည်။

ထို့အပြင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့် တောင်းခဲ့ သည်ကိုလည်း မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် စစ်ဆေးနေချိန် ဖြစ်သည့် အတွက်ဟု အကြောင်းပြကာ တွေ့ခွင့် မပေးခဲ့ပေ။

Ref: ခေတ်ပြိုင်


0 comments:

အပေါ်သို့