..............................

Wednesday, March 18, 2009

ရှမ်းတဲကြီးကျေးရွာအနီး ရေနံထွက်ရှိခြင်း မမှန်ကန်

အောင်ထက် / မတ်လ(၁၇) ရက်၊ ၂၀၀၉

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် လေးထောင့်ကန် အနီး ရှမ်းတဲကြီးကျေးရွာ အပိုင် ဦးသန်းထွန်းပိုင် လယ်ကွက်တွင်းမှ သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနေ၍ သက်ဆိုင်ရာမှ သွားရောက် တိုင်းတာစစ်ဆေးကာ ထိုလယ်မြေများကို သိမ်းယူ လိုက်ခြင်းကြောင့် လယ်ပိုင်ရှင်မှာ ရူးနေကြောင်း၊ နစ်နာကြေး တဧက (၂) သောင်းနှုန်းသာ ပေးမည် ဖြစ်သည့်အတွက် လယ်သမားတဦးအပေါ် အခွင့်အာဏာနှင့် အဓမ္မ အနိုင်ကျင့်နေကြောင်း ဖေဖော်ဝါရီ လကုန်ပိုင်းက ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ဖော်ပြပါရှိပြီး ဖြစ်သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ ထွက်ရှိနေသည့် လယ်ကွက်သည် လေးထောင့်ကန် ကားလမ်းမကြီးမှ တမိုင်သာသာခန့်သာ ကွာဝေးကြောင်း၊ အောင်ကေဒါ ကြက်မွေးမြူရေးခြံနှင့် အင်ကြင်းမြိုင် ဘုန်းတော်ကြီးကျောင်း တို့ အနီးတွင် ရှိကြောင်း၊ တူးဖော်ရေး လုပ်ငန်းခွင်သို့ ၀င်ခွင့်မရဘဲ အပြင်မှ လေ့လာ၍တော့ ရကြောင်း၊ လက်ရှိတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ၀န်ထမ်း အယောက် (၂၀) ခန့်ဖြင့် နေ့ဆိုင်း၊ ညဆိုင်း တာဝန်ထမ်း နေကြောင်း၊ တူးဖော်ရေး စက်ပစ္စည်း အတင်အချနှင့် ၀န်ထမ်း အသွားအလာ များခြင်းကြောင့် လယ်ယာမြေတချို့ မြေသားလမ်း ဖြစ်နေကြောင်းသိရသည်။

“တူးနေတုန်းပဲ။ သဘာဝဓာတ်ငွေ့ ထွက်မယ် မထွက်ဘူး။ စီမံကိန်း အဆင့် ရရှိမယ်လည်း မပြောနိုင်သေးဘူး။ ထွက်နိုင်တယ်လို့ စမ်းသပ် တွေ့ရှိရတာကိုး။ ဘယ်လိုစမ်းသပ်လဲ ဆိုတော့ (၂) မိုက် အနက်မြေကို တောက်လျှောက် တူးလိုက်တယ်။ အဲဒီမှာ ရှာဖွေရေးစက်ကလေး လွှတ်လိုက်တယ်။ သဘာဝဓာတ်ငွေ့ ရှိနိုင်တဲ့နေရာကျတော့ အဲဒီ စက်က ရပ်သွားရော။ ဒီတော့ အဲဒီနေရာကို ကွင်းပြီး တူးနေတယ်။ စီးပွားဖြစ် ရနိုင်တယ် မရနိုင်ဘူး ခုအနေအထားမှာ ပြောမရသေးဘူး။ မရနိုင်ရင် ပြန်ဆုတ်သွားမှာပါ” ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ၀န်ထမ်းတဦးက ပြောကြားသည်။

သဘာဝဓာတ်ငွေ့ ထွက်ရှိနိုင်သည်ဟု စမ်းသပ်တွေ့ရှိရ၍ အသိမ်းခံလိုက်ရသော ဦးသန်းထွန်း၏ လယ်မြေဧကမှာ (၅) ဧက ဖြစ်ကြောင်း၊ တဧက (၁၀) သိန်းခန့် တန်ကြေးရှိပြီး၊ လယ်အပြီး ယခုလို ရာသီတွင် ပဲတီစိမ်းများ စိုက်ပျိုးလေ့ ရှိကြောင်း၊ တဧက (၁၇-၁၈) တင်းခန့် ထွက်ရှိသည်ဟု သိရသည်။

တူးဖော်ရေးအဖွဲ့တာဝန်ရှိသူတို့မှ စည်းဝေးတိုင်ပင်ကြပြီး သီးနှံပျက်ခကို တွက်ချက်ပေးမည်ဟု အသိပေးထားကြောင်း၊ နစ်နာကြေး လက်ဝယ် မရသေးသော်လည်း သီးနှံပျက် တန်ဖိုး (၁၀) သိန်းကျော်တော့ ရနိုင်မည် မှန်းထားကြောင်း၊ ကျီစုကျေးရွာ ငါးခြောက်တန်း ဘက်တွင် နစ်နာကြေး မြေတကွက် ပေးမည်ဟု သိရကြောင်း၊ ဦးသန်းထွန်းနှင့် တလမ်းတည်းနေ (ဂျပန်လမ်း) သွေးသား မကင်းသည့် ဦးစိုးသန်းက ရှင်းပြသည်။

ဦးသန်းထွန်းတွင် လယ်ဧက (၂၀) ခန့်ရှိပြီး၊ ကျေးရွာတွင်း အလှူမင်္ဂလာဆောင် မီးစက်အငှား လိုက်ခြင်း၊ လော်စပီကာဖွင့်ခြင်း အလုပ်များ လုပ်ကိုင်နေသော လူရိုးလူအေး တယောက်ဖြစ်ကြောင်း၊ လယ် (၅) ဧက သိမ်းခံရသည့် အတွက် ရူးရလောက်အောင် စိတ်ထိခိုက်ခြင်းမျိုး မဟုတ်ရကြောင်း ဦးစိုးသန်းက ရှင်းပြသည်။

ယခုအခါ လေးထောင့်ကန်ကျေးရွာ၊ သုံးပွင့်ဆိုင် တံတားအနီး ရေနံထွက်ရှိနေကြာင်း၊ ထို့အတွက် သက်ဆိုင်ရာ ရ၀တများမှ အိမ်ထောင်စု စာရင်းများ လိုက်လံ ကောက်ယူနေကြောင်း၊ မကြာမီ ရွာအလိုက် ရွှေ့ပြောင်းရမည် ဆိုသည့် သတင်းများ ထွက်ရှိနေသော်လည်း အမှန်မှာ တခုမှ အခြေအမြစ် မရှိကြောင်း၊ ကောလဟာလ သတင်းများသာ ဖြစ်ကြောင်း ဦးစိုးသန်းမှ ထပ်လောင်း ပြောကြားသွားသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့