..............................

Friday, March 20, 2009

ဒေါ်လာဈေးရုတ်တရက်မြင့်တက်၊ မြန်မာငွေ ၅ ရာခိုင်နှုန်းကျ

NEJ / မတ်လ(၁၉) ရက်၊ ၂၀၀၉

မကြာခင်က တဒေါ်လာလျှင် မြန်မာငွေ (၁,၀၁၀) ကျပ် ခန့်သာရှိရာမှ မတ်လ (၁၈) ရက် ညနေပိုင်းတွင် တဒေါ်လာလျှင် မြန်မာငွေ (၁,၀၅၀) ကျပ်၊ (၁,၀၆၂) ကျပ်ထိ မြင့်တက်သွားသည့် အတွက် (၃) ရက်အတွင်း မြန်မာငွေ (၅) ရာခိုင်နှုန်း ကျသွားသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်ရှိ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ ဒေါ်လာ အရောင်းအ၀ယ် လုပ်သူများက ရုတ်တရက် အ၀ယ်လိုက် လာကာ ဈေးခုန်တက်ခြင်း ဖြစ်သည်ဟု ထင်ပြီး မည်သည့် အကြောင်းရင်းကြောင့် ဈေးတက်သည်ကို တိတိကျကျ မသိကြောင်း ပြောကြသည်။

“ကျနော်လည်း မနက်နဲ့ညနေ ကွဲသွားတဲ့ ဈေးကိုကြည့်ပြီး အံ့သြရတယ်။ ကျနော်အထင်ကို ပြောရရင် ကုန်သည် တွေများ ကစား တာလားပေါ့ဗျာ” ဟု ပွဲစား ကျော်ထွန်းအုပ်က ပြောသည်။

ဘောဂဗေဒစီးပွားရေး ပညာရှင်တဦးက သုံးသပ်ရာတွင် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းအတွက် Trading money ၀ယ်ယူသူ များကြောင့် ဖြစ်နိုင်ကြောင်း ပြောသည်။

“ပို့ကုန်ပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် တခုခုကို ဆောင်ရွက်တော့မယ်လို့ ဆိုတိုင်း ဒေါ်လာ ၀ယ်ရပါတယ်။ ဒါကြောင့်လို့ မြင်တယ်” ဟု သူကပြောသည်။

“ဒေါ်လာဈေးက နှစ်တိုင်း ဒီလိုရာသီမှာ တက်နေကျပါ။ ဟိုတလောက ကျတယ်ဆိုတာက ခဏပဲလေ၊ မြန်မာငွေကို ဘယ်သူမှ မယုံကြည်ကြဘူး။ ဒေါ်လာက ကမ္ဘာသုံးငွေပဲ၊ ဈေးကျလည်း ခဏပဲ” ဟု ၀ါရင့် စီးပွားရေး လုပ်ငန်းပိုင်ရှင် တဦးက ပြောသည်။

ဒေါ်လာဈေးတက်သည့်အတွက် ရန်ကုန် ရွှေဈေးကွက်တွင် ယမန်နေ့က အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် (၅) သိန်း (၂) သောင်းထိ တက်လာကြောင်း ရွှေဈေးကွက် အတွင်းက သိရသည်။

“ကမ္ဘာ့ရွှေဈေးတက်နေတာပဲ၊ မြန်မာ့ရွှေဈေးက ကျတယ်။ ခုမှပြန်ပြီး နည်းနည်းပိုလာတဲ့ သဘောပါ” ဟု (မဂိုလမ်း/ ရွှေဘုံသာလမ်း) ရွှေဈေးကွက်က သိရသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့