..............................

Wednesday, March 18, 2009

စက်မှု(၁)၀န်ကြီးဌာန စားသောက်ကုန်လုပ်ငန်းကြီး အရှုံး ပေါ်ပြီး ပြိုကျတော့မည်

NEJ / မတ်လ(၁၇) ရက်၊ ၂၀၀၉

စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ စားသောက်ကုန်လုပ်ငန်း ဌာနကြီး အရှုံးပေါ်ပြီး တွက်ခြေ မကိုက်တော့သည့် အတွက် အဆိုပါဌာန ဦးဆောင် ညွှန်ကြားရေးမှူး ရာထူးကို စစ်ဗိုလ် မထားတော့ဘဲ အရပ်သားကိုသာ ၀န်ကြီး ဦးအောင်သောင်းက ရာထူး တိုးပေးထားသည်ဟု စုံစမ်းသိရသည်။

စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်းမှ စီးကရက် စက်ရုံ၊ ဘီယာ စက်ရုံနှင့် သကြားစက်ရုံ များကို ပုဂ္ဂလိကမှ လွှဲယူတော့မည် ဖြစ်သည်။ လက်ကျန် အခြား စက်ရုံသေးများမှာ စီးပွားရေးအရ တွက်ခြေ မကိုက်သည့် စက်ရုံများသာ ဖြစ်သဖြင့် စားသောက်ကုန် လုပ်ငန်းဌာနကြီး ပြိုလဲလု နီးပါးဖြစ်နေသည်ဟု စက်ရုံမှူး တဦးက ပြောသည်။

ရန်ကုန်စီးကရက် စက်ရုံအမှတ် (၂) လှိုင်မြို့နယ်အား လက်ရှိဝန်ထမ်း (၆ဝဝ) ကျော်နှင့် အတူ ပုဂ္ဂလိကလက် လွှဲပြောင်းရာ ပုဂ္ဂလိကမှ ဝန်ထမ်း (၂ဝဝ) ကျော်သာ လက်ခံသည်ဟု ၀န်ကြီး ဦးအောင်သောင်း၏ လက်ထောက် တဦးက ပြောသည်။ ကျန်ဝန်ထမ်း (၂ဝဝ) ကျော်ကို မြန်မာ့စားသောက်ကုန် လုပ်ငန်း လက်အောက်ရှိ စက်ရုံအချို့သို့ အရေးပေါ် ပြောင်းရွှေ့ပြီး ကျန် (၁၇ဝ) ခန့်မှာ အသက်ကြီး ဝန်ထမ်းများဖြစ်သည့် အတွက် စက်မှု (၁) ရှိ အခြားစက်မှု လုပ်ငန်းများက လက်မခံလိုသဖြင့် အဆိုပါဝန်ထမ်းများ အလုပ်ပြုတ်လု နီးပါး ဖြစ်နေသည်ဟုလည်း ပြောသည်။

စားသောက်ကုန်လုပ်ငန်းဌာနကြီး ယခုကဲ့သို့ ယိမ်းယိုင်နေချိန်တွင် လစ်လပ်သည့် ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးအား စစ်ဗိုလ်များကို မပေးတော့ဘဲ အရပ်သား ဓာတု အင်ဂျင်နီယာ ဒေါက်တာ ချိုဝင်းမော်အား ၀န်ကြီး ဦးအောင်သောင်းက ရာထူးတိုးပေးခဲ့သည်။ သဘောမှာ နောင်တက်မည့် အရပ်သား အစိုးရသို့ လွှဲချိန်တွင် အရပ်သား ဒေါက်တာ ချိုဝင်းမော် လက်ထက်ကျမှ စားသောက်ကုန် လုပ်ငန်းဌာနကြီး ပြိုလဲသွားရသည် ဆိုသည့် အဖြစ်မျိုး ရောက်ရန် ဦးအောင်သောင်းက ကြံစည်ခြင်း ဖြစ်သည်ဟု နေပြည်တော် ၀န်ကြီးဌာန တခုလုံးရှိ အရာထမ်းများ ပြောဆိုနေသည်။

ထိုအတောအတွင်း စက်မှု (၁) အပါအဝင် ၀န်ကြီးဌာနပေါင်းစုံမှ နိုင်ငံ စီမံကိန်းများကို ၂ဝ၁ဝ မတိုင်မီ ပြီးရန်၊ စီမံကိန်း များအနက် အရေးမကြီးသော စီမံကိန်းများအား လာမည့်နှစ် ၂ဝဝ၉-၂ဝ၁ဝ တွင် ငွေလုံးငွေရင်း အသုံး စရိတ်များ (၂ဝ) ရာခိုင်နှုန်းအထိ ဖြတ်နေသည့်ပြင် မလုပ်သင့်တော့သည့် စီမံကိန်းများအား စိစစ်နေသည်ဟု စုံစမ်းသိရသည်။

ဝန်ကြီးဌာနများအပေါ် နအဖက ဖိအားပေးနေချိန်တွင် ၀န်ကြီး ဦးအောင်သောင်းကလည်း အရာရှိများအား ဖိအားပေးနေကြောင်း အရာရှိတဦးက ပြောသည်။

၎င်းက “၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်ကုန်ခါနီးတာမို့ စက်မှု (၁) ဝန်ကြီးမှ လုပ်ငန်းများကို လုံးဝလစ်ဟာမှု မရှိစေရန်၊ ကလီကမာ မလုပ်ကြရန်၊ ဉာဏ်မများကြရန်၊ သူပြောတာ နာခံမှု မရှိရင် အရေးယူမယ် ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ခိုင်းတာ မလုပ်ချင်ရင် အာဏာ ရုပ်သိမ်းခံရမယ်။ သူ့အနေနဲ့ By Force မလုပ်ချင်ဘူး။ သူ့ကွယ်ရာမှာ သူရဲကောင်း လုပ်နေ၍မရ။ သတ္တိရှိရှိ၊ အရည်အချင်းရှိရှိ၊ ယုံကြည်ချက်၊ ခံယူချက်နဲ့ ကြိုးစားလုပ်ကိုင်ပါ။ မလုပ်ကိုင်ရင် တစုံတရာ ဖိအားပေးခံရမယ်၊ အဲသလို ခံရရင် ကိုယ်အလုပ် မလုပ်တာ မနာခံတာကြောင့် ဆိုတာ နားလည်ပါ။ အမေ မွေးကတည်းက ရာထူး ကပ်ပါလာခြင်း မဟုတ်ဘူး၊ ပေါ့ပေါ့လျော့လျော့ လုပ်လို့မရ၊ ဇီဇာကြောင်၍ မရ၊ သူ့အနေနဲ့ မပြောချင်လို့ မပြောတာကို “အ” တယ်လို့ မထင်ကြနဲ့ ဆိုပြီး အမိန့်တွေ ဆက်တိုက်ထုတ် ဖိအားပေး တာပါပဲ” ဟု ပြောသည်။

ဝန်ကြီးဦးအောင်သောင်း ဆေးကုသမှု ခံယူရန်အတွက် လောလောဆယ် စင်ကာပူနိုင်ငံသို့ ရောက်နေသည်ဟု ဦးအောင်သောင်း၏ လက်ထောက် တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့