..............................

Wednesday, March 18, 2009

ဗိုလ်သိန်းစိန်ရဲ့ အင်ဒိုနီးရှားခရီးနဲ့ စဉ်းစားစရာများ

မတ်လ(၁၇) ရက်၊ ၂၀၀၉
ရဲဘော်ဖိုးသံချောင်း

ဗိုလ်သိန်းစိန် အင်ဒိုနီးရှားကို ဆိုင်းမဆင့်ဗုံမဆင့် သွားတာကို သတိပြု မိပါသလား။

အချိန်အခါ၊ အဖြစ်အပျက် တိုက်ဆိုင်မှုတွေကိုရော ဆက်စပ်စဉ်းစား မိပါသလား။

စဉ်းစားစရာတွေများပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။

အခုသွားတာဟာ အမေရိကန်သမ္မတအိုဘားမားက အင်ဒိုနီးရှား သမ္မတ ဆူဆလိုဘမ်ဘမ်း ယူဒိုယူနို နဲ့ ဗမာပြည်ကိစ္စကို တယ်လီဖုန်းနဲ့ ပြောကြပြီးချိန်မှာ ဗိုလ်သိန်းစိန်က ကောက်ကာငင်ကာ သွားလိုက်တာ ဖြစ်နေလို့ စဉ်းစားစရာ ကောင်းလှတယ်လို့ ပြောရတာ ဖြစ်ပါတယ်။

ဒီတော့ စဉ်းစားကြည့်ပါမယ်။

ဝါရှင်တန်ဟာ အရှေ့တောင်အာရှ အထူးသဖြင့် အာဆီယံ နိုင်ငံတွေရဲ့ ကိစ္စများ ဆောင်ရွက်ရာမှာ ဂျကာတာကို စခန်းထောက်တခုလို ရွေးချယ်ခဲ့တာကို တော်တော်စောစော ကတည်းကပဲ သတိထား မိပါတယ်။ သူတို့နှစ်နိုင်ငံ အကြား နီးကပ်စွာ ဆက်သွယ်မှုတွေဟာ ဆူဟာတို လက်ထက် ကတည်းက တည်ဆောက်ခဲ့တာ မဟုတ်လား။ ၂ဝဝ၇ ခုနှစ်တုန်းကလည်း အဲဒီတုန်းက သမ္မတ ဖြစ်နေတဲ့ ဂျော့ခ်ျဒဗလျူ ဘုရှ်ဟာ ဗမာပြည်ကိစ္စမှာ တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်စေလိုကြောင်း ဂျကာတာက တဆင့် ပြောခဲ့ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအလယ်လောက် တုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ပထမဆုံး အာရှတိုက် ခရီးစဉ်မှာလည်း သူက ဂျကာတာကို ရောက်တုန်းမှာ ဗမာပြည်နဲ့ ပတ်သက်ပြီး ဝါရှင်တန်အနေနဲ့ သူတို့ လက်ရှိကျင့်သုံးနေတဲ့ ဗမာပြည်အပေါ် ပိတ်ဆို့ရေး ပေါ်လစီတွေကို ပြန်သုံးသပ်မယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ သူက ကျမတို့ဟာ ဂျကာတာနဲ့ နီးကပ်စွာ ဆက်စပ် လုပ်ကိုင်သွားမယ်၊ ဗမာပြည်ဆိုင်ရာ ကိစ္စတွေကို တိုင်ပင် ညှိနှိုင်းသွားမယ်လို့ ပြောခဲ့ တာတွေကိုလည်း ပြန်ဆက်စပ် တွေးကြည့်သင့်ပါတယ်။ ဒါတွေက ဖော်ပြနေတာဟာ ဂျကာတာက ထွက်လာတဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ စကားတွေဟာ ဝါရှင်တန်ရဲ့အသံတွေ ဖြစ်တယ်ဆိုတာပါပဲ။ မတ်လ (၁၃) ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန် ထားတဲ့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ သမ္မတ အိုဘားမားနဲ့ သမ္မတ ယူဒိုယူနိုတို့ တယ်လီဖုန်း ပြောကြရာမှာ ဗမာပြည်ကိစ္စလည်း ပါဝင်တယ်လို့ အတိအလင်း ဆိုထားတယ် မဟုတ်ပါလား။

ဝါရှင်တန်အနေနဲ့ ဗမာပြည်ကစစ်အုပ်စုကို ချဉ်းကပ်ဖို့အတွက် ဂျကာတာကို ရွေးချယ်တာလည်း အင်မတန်မှ သဘာဝကျပါတယ်။ တကယ်က ဗမာပြည်က စစ်အုပ်စုရဲ့ ဘိုးအေကြီးတွေ ဖြစ်တဲ့ ဗိုလ်နေဝင်းတို့ ဗိုလ်မောင်မောင် တို့အဖို့ အင်ဒိုနီးရှားဟာ ရှေ့ဆောင်းလမ်းပြ ဖြစ်နေခဲ့တာပါ။ စစ်ဗိုလ် တမတ်သား စနစ်အပါအဝင် သူတို့တတွေ အင်ဒိုနီးရှားကို အတုခိုး ခဲ့ကြတာတွေဟာ လက်ချိုးရေလို့ မကုန်ပါဘူး။ အဲဒီနိုင်ငံမှာက အခု နောက်ပိုင်းမှာတောင် ဗိုလ်ချုပ်တွေ အရပ်ဝတ်နဲ့ အာဏာရတာတွေ ရှိနေတယ် မဟုတ်ပါလား။

တကယ်ကျတော့ အင်ဒိုနီးရှားနဲ့ ဗမာပြည်အကြားမှာ လောလောဆယ် အားဖြင့် နှစ်ဦးချင်း ဖြေရှင်းရမယ့် ပြဿနာ ဘာမှမရှိပါဘူး။ အရင်ကလည်း မရှိခဲ့ပါဘူး။ သူ့အနေနဲ့ ရိုဟင်ဂျာ ကိစ္စလိုဟာမျိုးကို အကြောင်းပြပါမယ်၊ ရိုဟင်ဂျာကိစ္စ လက်ရှိ အခြေအနေ လောက်နဲ့တော့ ဝန်ကြီးချုပ်တဦး ဒီလို ခရီးဝေး မထွက်ပါဘူး။ တခြားဖုံးကွယ်ထားတဲ့ အကြောင်းရင်းတွေလည်း မုချရှိပါမယ်။ နအဖစစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြင်ဆင်နေချိန်၊ ရွေးကောက်ပွဲ ဥပဒေ ကြေညာရတော့မယ့် ကာလမှာ စစ်အာဏာရှင် စနစ်ကနေ တဖြစ်လဲလာတဲ့ အင်ဒိုနီးရှားကို သွားတာဖြစ် ပါတယ်။ ဒါ့အပြင် သူသွားတဲ့အချိန်ဟာ အင်ဒိုနီးရှား နိုင်ငံရဲ့ ရွေးကောက်ပွဲရာသီ စတင်တဲ့ အချိန်လည်း ဖြစ်နေပါ တယ်။

နအဖစစ်ဗိုလ်ချုပ်တွေ ဘယ်လိုပဲပြောနေနေ၊ အမှန်ပြောရရင် နအဖ စစ်အစိုးရဟာ ဟိုအရင် ကာလတွေ ကတည်းက အမေရိကန်နဲ့ အင်မတန်မှကို ပြေလည် နေချင်တာပါ။ သူ့ဘက်က တဖက်သတ် ပိုးသလို တမန်တွေ အမျိုးမျိုးလွှတ်ပြီး ကြိုးစားခဲ့တယ် ဆိုတာလည်း အားလုံး အသိပါပဲ။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖျက်သိမ်း ပေးစေချင်ကြောင်း အခွင့်အခါကြုံတိုင်း နည်းသဏ္ဌာန် မျိုးစုံနဲ့ ဖော်ပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ တိုက်တိုက်၊ တခြား အတိုက်အခံတွေကိုပဲ ဆဲဆဲ ဒီကိစ္စကို ပြောဖြစ်အောင် ပြောတယ် ဆိုတာကို သတိပြုမိကြမှာပါ။

ဒီတော့ ဖြစ်နိုင်တာက ဗိုလ်သိန်းစိန်ဟာ သူတို့စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အစီအစဉ်ကို သွားရှင်းပြတာ ဖြစ်ပါလိမ့်မယ်။ ဒါဟာလည်း အင်ဒိုသမ္မတ ယူဒိုယူနိုကို ရှင်းပြတယ် ဆိုတာထက် သူကတဆင့် အိမ်ဖြူတော်ကို ရှင်းပြတာ ဖြစ်ပါတယ်။ ဒီအခါမှာ ယူဒိုယူနိုကလည်း သူတို့ရဲ့သဘောထား (အမှန်က အိမ်ဖြူတော်ရဲ့ သဘောထား) ကို ဗိုလ်သိန်းစိန် သိအောင် ရှင်းပြပါလိမ့်မယ်။ တပါတည်းမှာ ကျွဲကူးရေပါ သူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေ ကိုလည်း ဆက်စပ်ပြောပြမှာ သေချာပါတယ်။ သူတို့ နိုင်ငံမှာ အာဏာရှင် ဆူဟာတိုကို ဖြုတ်ချပြီးတဲ့ နောက် ကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲမှာ အင်ဒိုနီးရှား နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်လို့ ပြောရမလိုဖြစ်တဲ့ ဆူကာနိုရဲ့သမီး မီဂါဝတီကို ဝင်အရွေးခံခွင့် ပြုခဲ့တာကိုလည်း သူတို့က ထောက်ပြကောင်း ထောက်ပြပါလိမ့်မယ်။ ဗိုလ်သိန်းစိန်ကတော့ နအဖ အနေနဲ့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်နိုင်တဲ့ အကြောင်းကို ထုံးစံအတိုင်း ကြံဖန် အကြောင်းပြပြီး ရှင်းပြမှာ သေချာပါတယ်။ တဆက်တည်းမှာ အမေရိကန်ကသာ ပိတ်ဆို့မှုတွေ ကို ဖျက်သိမ်းရင် သူတို့ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အသင့်ပဲဆိုတာမျိုးလည်း သူတို့ ပြောနေကျ အတိုင်း ပြောနိုင်ပါတယ်။ တကယ်လို့များ ဗိုလ်သိန်းစိန် အင်ဒိုနီးရှားက ပြန်လာပြီးတဲ့အခါမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဥပဒေ ပေါ်ထွက်လာရင် တိုက်ဆိုင်မှုလို့ မပြောသင့်ပါဘူး။

သေချာတာကတော့ ဝါရှင်တန်ဟာ သူတို့ပြောနေတဲ့ အမာနဲ့ အပျော့ပေါင်းစပ်တဲ့ သံတမန်နည်းလမ်း (Smart Power) ကို ဗမာပြည်ဆိုင်ရာ သံခင်းတမန်ခင်းမှာ ချသုံးတာပါပဲ။ မကြာမီမှာ ဗမာပြည်ရှိနေတဲ့ အင်ဒိုနီးရှား သံရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တွေ့ဆုံတာ ဒါမှမဟုတ် ဝါရှင်တန်မှာ နအဖရဲ့သံရုံးကို အဆက်အသွယ် ပြုတာတွေ တွေ့ချင် တွေ့လာရ နိုင်ပါတယ်။ ဒါက အာဏာ ရထားသူတွေချင်း လုပ်ကြတာပါ။ အတိုက်အခံ အင်အားစုတွေအနေနဲ့ ကတော့ သမ္မတအိုဘားမားရဲ့ အပြောင်းအလဲ ဆိုတာကို မျှော်ကိုး လုပ်ကိုင်နေကြလို့ မဖြစ်တာ သေချာပါတယ်။ အိမ်ဖြူတော်က အပြောင်းအလဲ လုပ်မှာကို တကယ် မျှော်ကိုးနေသူဟာ နအဖ စစ်အစိုးရပဲ ဖြစ်ပါတယ်။

နအဖတကယ်တမ်း စားပွဲဝိုင်းမှာ စကားပြောချင်တာဟာ အိမ်ဖြူတော်က ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ပြည်တွင်းက လူတွေကိုတော့ သူတို့က စာရင်းထဲ မထည့်ပါဘူး။ သူတို့အနေနဲ့ ဝါရှင်တန်နဲ့သာ ပြေလည်ရင် ဘာမဆို လုပ်လို့ရပြီ၊ လက်ခမောင်း ခတ်လို့ရပြီလို့ တွက်ထားတာဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဗမာပြည်ရဲ့ ၂၁ ရာစုနိုင်ငံရေးမှာ အရေးပါတဲ့ အကွေ့အချိုး တခု ဖြစ်လာနိုင်တယ် ဆိုတာ ဒီလိုအချက်တွေကြောင့် ပြောနေတာ ဖြစ်ပါတယ်။ နအဖအနေနဲ့ သူ့အခက်အခဲတွေ အားလုံး၊ သူ့အတွက် အဆီးအတားတွေ အားလုံးကို ဖြေရှင်းရတော့မှာပါ။ ဒီအထဲမှာ နိုင်ငံတကာ နယ်ပယ်နဲ့ သံတမာန် ရေးရာလည်း ပါဝင်ပါတယ်။

အထက်မှာပြောခဲ့တာတွေဟာ မှန်းကြည့်တာတွေပါ။ ကြက်ဥအရောင်၊ တိမ်တောင်သဖွယ် မင်းရေးကျယ် လေတော့ ဒီလိုမှ ကြိုမတွက်ကြရင် ကိုယ်ကလက်ဦးမှု မဲ့နေမှာ စိုးရပါတယ်။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့