..............................

Friday, March 20, 2009

လူရွှင်တော်ဇာဂနာ ခဲဆိပ်ုသင့် ဝေဒနာခံစားနေရ

NEJ / မတ်လ(၁၉) ရက်၊ ၂၀၀၉

မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် လူရွှင်တော် ဇာဂနာသည် ထောင်တွင်း၌ ခဲဓာတ်ပါသည့်ရေကို သောက်သုံးနေရပြီး ခဲဆိပ်သင့်ဝေဒနာ ခံစားနေရကြောင်း မတ်လ (၁၁) ရက်က ထောင်ဝင်စာ သွားတွေ့သည့် ခယ်မ မငြိမ်းက ပြောဆိုသည်ဟု မိသားစုဝင်တဦးက ပြောသည်။

၎င်းက “မငြိမ်းက မြစ်ကြီးနားကို (၁၁) ရက်နေ့မှာ သွားတယ်။ (၁၁) ရက်နေ့မှာပဲ ထောင်ဝင်စာ တွေ့ခွင့်ရတယ်။ ယူသွားတဲ့ ဂျာနယ်တွေ၊ စာအုပ်စာတမ်း တွေကိုလည်း ပေးခွင့်ရတယ်။ အသားမည်း လာတာက လွဲရင် ကိုသူရ ကျန်းမာရေး ကောင်းတယ်။ ဒါပေမယ့် ထောင်ထဲမှာ ခဲဓာတ်ပါတဲ့ရေကို နေ့စဉ်သောက်နေရတော့ ခဲဆိပ်သင့်တဲ့ ဝေဒနာတမျိုး ခံစားနေရတယ်လို့ ကိုသူရက ပြောတာ မငြိမ်းက ပြန်ပြောတယ်” ဟု ပြောသည်။

၎င်းတို့ မိသားစုဝင်များအနေဖြင့် ခဲဓာတ်ပါသည့်ရေကို သောက်သုံးပြီးနောက် ဖြစ်သည့် ခဲဆိပ်သင့် ဝေဒနာ ဆိုသည်ကို သိပ်နားမလည်ကြောင်း၊ ထို့ကြောင့် ကိုသူရအား မည်သို့ လုပ်ကိုင်ပေးရမည် ဆိုသည်ကို နားလည်သည့် ဆရာဝန်ကြီးများကို ပြောပြ အကူအညီ တောင်းထားကြောင်းလည်း ပြောသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံရပြီး မကြာသေးခင်ကမှ မြစ်ကြီးနားထောင်က ပြန်လွတ်လာသည့် ဒေါက်တာ ဇော်မြင့်မောင်သည်လည်း အဆိုပါ ခဲဓာတ်ပါသည့် ရေကို နှစ်ပေါင်းများစွာ သောက်သုံးခဲ့၍ ကျန်းမာရေး ထိခိုက်ခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားထောင်တွင် ထောင်ကျနေသည့် ကိုသူရကို အစ်ကိုဖြစ်သူ ကိုတေဇက ပြီးခဲ့သည့် မတ်လ (၃) ရက်က ထောင်ဝင်စာ သွားတွေ့ ခဲ့သော်လည်း တွေ့ခွင့်မရကြောင်း၊ အကျဉ်းထောင် အာဏာပိုင်များက ကိုသူရသည် အမှတ် (၅၄) ရှမ်းကုန်းလမ်း၊ စမ်းချောင်းတွင် နေထိုင်သူဖြစ်ပြီး အဆိုပါနေအိမ်၌ ဖမ်းဆီးခဲ့၍ ယင်းနေအိမ် အိမ်ထောင်စု ဇယားပါ မိသားစုဝင်မှသာ တွေ့ဆုံခွင့် ရမည့်အကြောင်း ပြောသည်ဟု သိရသည်။

ယခုအချိန်၌ ကိုသူရ၏ မိခင်ကြီး ဒေါ်ကြည်ဦး အသည်းအသန် မကျန်းမမာ ဖြစ်နေပြီး ဆေးရုံမှ အိမ်သို့ ပြန်လည် ခေါ်ထား ရသည့်အတွက် မိခင်ကြီး၏ ကျန်းမာရေး နောက်ဆုံးအချိန် ကိုသူရနှင့် တွေ့ခွင့်ရရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြ တောင်းဆိုထားကြောင်း မိသားစုဝင်တဦးက ပြောသည်။

အင်းစိန်ထောင်မှလွဲ၍ မြန်မာနိုင်ငံအနှံ့က စစ်အစိုးရ အကျဉ်းထောင်များ သောက်ရေသန့် သောက်သုံးသည့် အလေ့အထ မရှိဘဲ ထောင်တွင်း တူးဖော်ထားသည့် ရေတွင်းများမှ ရေကိုသာ သောက်သုံးလေ့ရှိသည်။ အကျဉ်း ထောင်အများစုကို မြန်မာနိုင်ငံအား ဗြိတိသျှ အစိုးရ အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အကျဉ်းသားများ သောက်သုံးသည့် ရေထဲတွင် ခဲဓာတ် ပါဝင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်း ဖြစ်ပေါ်ခဲ့သော်လည်း အစိုးရ တာဝန်ရှိသူများက စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် ညီမညီ၊ သောက်သုံးရန် သင့်မသင့် စသဖြင့် သတင်းထုတ်ပြန်ခြင်း မျိုးလည်း မရှိဘူးဟု အကျဉ်းဦးစီးဌာန အရာရှိတဦးက ပြောသည်။

ကိုသူရခေါ် ဇာဂနာသည် နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများကို ကယ်ဆယ်ရေး လုပ်ခဲ့ခြင်းကြောင့် စစ်အစိုးရက အခြားသော ပုဒ်မများ တပ်ပြီး ထောင်ဒဏ် (၅၉) နှစ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း အယူခံဝင်သည့် အတွက် ထောင်ဒဏ် (၂၄) နှစ် လျှော့ချခံရပြီး လက်ရှိ ထောင်ဒဏ် (၃၅) နှစ်ဖြင့် မြစ်ကြီးနားအ ကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့