..............................

Tuesday, March 17, 2009

လက်ဖက်ရောင်းလျှင် ဆိုးဆေးကင်းကြောင်း ထောက်ခံချက် လို

NEJ / မတ်လ(၁၆) ရက်၊ ၂၀၀၉

အရီးတောင်း၊ ပင်ပျိုရွက်နု၊ ရွှေတုတ်၊ မွမွလေးတို့ အပါအ၀င် မြန်မာ့လက်ဖက် အသား (၄၃) မျိုးကို သက်ဆိုင်ရာ မြို့နယ် ဈေးများအလိုက် ရှင်းလင်းသုတ်သင်ရန် ကျန်းမာရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၂) ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် အဆိုပါ လက်ဖက် (၄၃) မျိုးကို အစား အသောက်တွင် သုံးစွဲရန် ခွင့်မပြုသော အ၀ါရောင်ဆိုးဆေး (Auramine o) ပါဝင်နေကြောင်း စိစစ် တွေ့ရှိရသည့် အတွက် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ကြေညာခဲ့သည်။

“မြို့နယ်အလိုက် ဈေးတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီလက်ဖက် အမျိုးအစားတွေကို ဆက်ပြီး ရောင်းနေလား၊ မရောင်းလား ဆိုတာကို လိုက်စစ်ပါမယ်။ ပြီးရင် အားလုံးကို မြေသြဇာ အဖြစ် အသုံးပြုမယ်၊ ရှင်းလင်းသုတ်သင်တဲ့ သဘောပါ” ဟု FDA ၏ တာဝန်ရှိသူ တဦးက ပြောသည်။

“လက်ဖက်အရောင်းဆိုင်တွေရှိတယ်၊ အကြီးဆုံးက ဘုရင့်နောင်ပါ။ ဘုရင့်နောင်ပွဲရုံတန်း၊ ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေး၊ ဘိုကလေးဈေး စတဲ့ ဈေးကြီးတွေမှာ လိုက်ပြီး စစ်ဆေးနေပါပြီ” ဟု ၎င်းက ဆိုသည်။

လက်ဖက်တွင် ဓာတ်ခွဲတွေ့ရှိရသည့် Auramine o သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုပစ္စည်းဖြစ်ကြောင်း၊ စားသုံးသူအား လတ်တလော အဆိပ်အတောက် မဖြစ်သော်လည်း ရေရှည်တွင် အသည်းနှင့် ကျောက်ကပ် ရောဂါ ဖြစ်စေခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေခြင်း၊ ကင်ဆာရောဂါ ဖြစ်စေခြင်း တို့ကြောင့် စားသုံးရန် မသင့်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

မန္တလေးမှ လက်ဖက်စိုလုပ်ငန်းတခု၏ ပြောပြချက်အရ ၎င်းတို့အနေဖြင့် လက်ဖက်အသားအရောင် မမည်းစေရန် အတွက် ကျောက်ချဉ်ကို အသုံးပြုကြောင်း၊ အခြားမည်သည့် ဆေးမှ မသုံးကြောင်း ပြောသည်။

“လက်ဖက်ဆိုတာက အရောင်က မည်းနေရမယ်၊ ဒါမှစစ်တာ။ ဒါပေမယ့် ဈေးကွက်မှာ အရောင်မလှရင် အရောင်း မတွင်ဘူးပေါ့။ လက်ဖက်ညွန့် လေးတွေဆိုပြီး စိမ်းဝါ၀ါလေး တွေ့ရတာကို အရောင်းဆိုင်မှာ ကောက်မြည်း ကြည့်ပါလား။ ကိုင်လိုက်မိတဲ့ လက်အသွားမှာ လက်ဖက်က အရောင်တွေ စွန်းသွားတယ်။ ဒါဟာ ဆိုးဆေးသုံးတာ ဖြစ်နိုင်တာပေါ့” ဟု လက်ဖက်စားသုံးသည့် ရန်ကုန်သူတဦးက ပြောသည်။

ဘုရင့်နောင်ပွဲရုံတန်းမှ ပင်ပျိုရွက်နုသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ မည်သို့စီမံရမည်ကို လာရောက်ညွှန်ကြားခြင်း မရှိသေးကြောင်း၊ ရောင်းချမှု ရပ်ထားကြောင်း ဆိုသည်။

FDA ၏ ပြောရေးဆိုခွင့်ရှိသူက နောက်ရောင်းရမည့် လက်ဖက်များကို ဆိုးဆေးကင်းရှင်းကြောင်း ထောက်ခံချက် ပေးပြီးမှ ရောင်းရတော့မည်ဖြစ်သည်ဟု ပြောသည်။

မတ်လ (၁၄) ရက်နေ့ထုတ် The Voice ဂျာနယ်တွင် အရောင်ဆိုးဆေး များမှာ အကြမ်းအားဖြင့် နှစ်မျိုးရှိပြီး၊ အစားအသောက်များတွင် အသုံးပြုသော ဆိုးဆေး Edible dye နှင့် အသုံး အဆောင်များတွင် Chemical dye ဖြစ်ကြောင်း၊ Edible dye မှာ Chemical dye ထက် အဆ (၂၀) ခန့် ဈေးကွာ၍ Chemical dye ကို သုံးခြင်းဖြစ်နိုင်ကြောင်း၊ ယင်းကို စားသုံးမိပါက ဆီးအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီး ကင်ဆာများ ဖြစ်ပွားတတ်၍ အန္တရာယ်ကြီးကြောင်း အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်ဟု ဖော်ပြပါရှိပါသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့