..............................

Wednesday, March 18, 2009

၂၀၁၀ ရွေးကောက်ပွဲက ဖန်တီးနိုင်တဲ့ အပြောင်းအလဲတခု

မတ်လ(၁၇) ရက်၊ ၂၀၀၉
ရဲဘော်ဖိုးသံချောင်း

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ နီးလာလေလေ တချို့လူတွေ မရိုးမရွဖြစ်လေ ဖြစ်နေတာကို ဒီနေ့ တွေ့နေရပါတယ်။ ပြည်သူလူထုက နည်းနည်းမှ စိတ်မဝင်စားတဲ့ ဒီရွေးကောက်ပွဲကို အင်အားစုပေါင်းစုံက အမျိုးမျိုး တုံ့ပြန် နေကြပုံတွေဟာ စိတ်ဝင်စားစရာတော့ အကောင်းသားလို့ ပြောရမလို ဖြစ်နေပါတယ်။

၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီးမှ စစ်အစိုးရက အသိအမှတ်ပြုတာ ငြင်းပယ်ခြင်း ခံရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကိစ္စကို စကားထဲတောင် ထည့်အပြော မခံပါဘူး။ ပြည်ပရောက် အင်အားစုတွေထဲမှာ တချို့က ရွေးကောက်ပွဲကို အသိအမှတ် မပြုဘူးလို့ ကြေညာ နေကြသလို တချို့ကတော့လည်း “နှစ်ခါခေါ်မှ” ဆိုတာမျိုး ညိုမြ လုပ်နေကြပါတယ်။ ပြည်တွင်းမှာလည်း နအဖက အသံလေး ပေးလိုက်တာနဲ့ ချို(ဂျို) ကြွနေကြ သူတွေဟာ ရွေးကောက်ပွဲ ဝင်ရေး စီမံကိန်းတွေကို ပြောင်ကြေညာ လုပ်ကိုင်နေကြ ပါပြီ။ တချို့ကတော့လည်း ရွေးကောက်ပွဲ ဥပဒေ ထွက်မလာသေးလို့ ဆိုပြီး လည်ပင်းကိုးတောင်ကျော် မျှော်တော်ယောင် လုပ်နေကြပါတယ်။ ဒါ့အပြင် ပြည်တွင်းရော ပြည်ပမှာပါ နအဖကတောင် မောင်မောင် မခေါ်သေးဘူး ‘ဗျာ’ ထူးပြီးနေပြီ ဆိုတဲ့ လူမျိုးတွေလည်း မနည်းဘူး တွေ့နေရပါတယ်။

ပြောရရင် ဒီမျှော်တော်ယောင်လုပ်နေသူတွေ အဖို့တော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘာမှ ပြဿနာ မရှိပါဘူး။ သူတို့အဖို့ သူတို့ လိုချင်တဲ့ အမတ်နေရာလေး တခုနှစ်ခု ကိစ္စပဲ အရေးကြီးပါတယ်။ တပြည်လုံး ဘာဖြစ်သွားမလဲ ဆိုတာ အရေး မကြီးပါဘူး။ တချို့ကဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်မပါတဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တွေဟာ နအဖဘက်ရဲ့ အမတ်လောင်းနဲ့ ယှဉ်ပြိုင် အရွေးခံသူ ဘယ်သူ့ကို မဆို မဲပေးမှာပဲ။ ဒါကြောင့် နိုင်ဖို့ အလားအလာ အများကြီး ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် တွက်ကြဟန် တူပါတယ်။ ဒါကြောင့် သူတို့တတွေက တက်ကြွနေကြတာပါ။ ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံကျကျ ဆန့်ကျင်သူတွေ ကျတော့ နအဖရဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ့် ပြဿနာကြီး ဖြစ်နေပါတယ်။

စစ်ဗိုလ်ချုပ်တွေက သေနတ်ပြပြီး မဲထည့်ခိုင်းထားတဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိဒါန်းကနေ နောက်ဆုံး အခန်း (၁၅) အထိ ပြဿနာတွေ ဒင်းကြမ်းပဲ ဖြစ်ပါတယ်။ နိဒါန်းတခုလုံးရဲ့ အနှစ်သာရဟာ သူတို့ရဲ့ “အမျိုးသားညီလာခံ” ဆိုတာကြီးက ချမှတ်တဲ့ အခြေခံမူတွေ၊ အသေးစိတ်မူတွေကို အတင်းလက်ခံခိုင်းပြီး “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ” ရလဒ်ကို အတည်ပြုပေးပါတယ်လို့ အတင်းလက်ခံ သဘောတူ ခိုင်းတာပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် သူတို့ကြိုက်တဲ့ လူတွေနဲ့ ကြိုက်သလို လုပ်ခဲ့ကြတဲ့ “အမျိုးသားညီလာခံ” ဆိုတာကြီးကိုပါ အသိအမှတ် ပြုခိုင်းတာ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၄) မှာကျတော့ နဝတ-နအဖ အာဏာရ စစ်ဗိုလ်ချုပ်တွေက မာရှယ်လော ခေတ်မှာ တတိုင်းပြည်လုံး ဗြောင်းဆန်အောင် သူတို့လုပ်ချင်တိုင်း လုပ်ခဲ့သမျှကို သင်ပုန်းချေ၊ လွတ်ငြိမ်းခွင့် ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေ အမိန့်တွေကိုလည်း ဆက်လက် အတည်ပြု လက်ခံသွားရမယ်လို့ တောင်းဆိုထားပါတယ်။ ဒါက ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ထိပ်နဲ့ ဘိတ်ကိုသာ အလွယ်မြင်သာအောင် ထောက်ပြ ထားတာဖြစ်ပါတယ်။ တကယ်ကျတော့ ဒီဥပဒေ တခုလုံး၊ တအုပ်လုံး၊ အခန်းတိုင်းကို သေချာကြည့်လိုက်ရင် ဗမာပြည်မှာ စစ်အာဏာရှင် စနစ် တည်မြဲနေရေးအတွက် ရေးထားတာ ချည့်ဖြစ်ပါတယ်။

ဒါကြောင့် ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ဘယ်လို သဘောထားတယ်၊ ကြည့်မြင်တယ် ဆိုတာဟာ ဒီနေ့ နိုင်ငံရေးမှာ အင်မတန် အဓိကကျတဲ့ စံတခုဖြစ်နေပါတယ်။ ဒီတကွေ့မှာ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ထောက်ခံတယ် (နအဖ အုပ်ချုပ်မှုအောက်မှာ နေရလို့ ပြောင် မဆန့်ကျင်နိုင် သူတွေကို မဆိုလိုပါ)၊ မထောက်ခံဘူး ဆိုတာဟာ ရပ်တည်ချက် ပြဿနာ ဖြစ်နေပါတယ်။ မူဆိုင်ရာ ပြဿနာလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကို ရေရှည် ကမ္ဘာတည်အောင် စီမံထားမှန်း ဒါလောက် သိသာနေပါလျက်နဲ့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ထောက်ခံတယ် ဆိုတာဟာ သာမာန်သဘောထား ပြဿနာ မဟုတ်ပါဘူး။ နအဖနဲ့ တွေ့ဆုံ စကားပြောရေးကို တောင်းဆိုနေကြ တဲ့အချိန်မှာ မတွေ့ဆုံ၊ စကား မပြောရဘဲ သူတို့ချပြတဲ့ အချက်တွေကိုပဲ တချိုးတည်း လက်ခံလိုက်တာမျိုး ဖြစ်နေတော့ ဒါဟာ ဘယ်အဓိပ္ပာယ် သက်ရောက်သလဲ စဉ်းစားစရာ ဖြစ်ပါတယ်။ တဖက်က ပစ်ပေးတာကို အလုံးလိုက် အခဲလိုက် မျိုချသလို ဖြစ်နေတာကို အားမနာတမ်း ပြောရရင် ဒါဟာ ၁၉၈၈ ခုနှစ်အရေးတော်ပုံနဲ့ လက်ရှိ ပြည်သူ့ အရေးတော်ပုံ တို့ကို သစ္စာဖောက်ရာ ကျပါတယ်။ ထောင်ထဲရောက်ဖူးသူတွေ အနေနဲ့ဆိုရင် “ပေးတာယူ၊ ကျွေးတာစား၊ စကား မများနဲ့” ဆိုတဲ့ အင်မတန် နားခါးစရာ ကောင်းတဲ့ ဆူငေါက်သံတွေကို ပြန်သတိရကြမှာပါ။

နောက်တွေ့နေရတာတခုက ဒီရွေးကောက်ပွဲအကြောင်းကိုပဲ ပြောပြီး လူတွေကို ဒီကိစ္စ ထဲမှာပဲ နစ်နေ၊ အာရုံမျောနေ အောင်လုပ်တာပါပဲ။ အဓိက လုပ်ရမယ့် နအဖ ဆန့်ကျင်ရေး ကွန်ရက် တည်ဆောက်ရေး၊ တက်ကြွသူ ဖော်ထုတ်ရေး၊ ကွန်ရက်တွေ ချိတ်ဆက်ရေး စတဲ့ လုပ်ငန်းတွေကို ဘေးချပြီး ဒီရွေးကောက်ပွဲ ကိစ္စကိုပဲ ရေးကြီးခွန်းကျယ်၊ တကယ့် နိုင်ငံရေး လုပ်ငန်းကြီးလို ဖြစ်အောင် တမင် လုပ်နေသူတွေ ရှိနေပါတယ်။ သူတို့ဟာ နအဖက ခိုင်းလို့များ လုပ်နေတာလား လို့တောင် စဉ်းစားစရာ ဖြစ်ပါတယ်။ တချို့က ဆိုရင် ဒါဟာ နောက်ဆုံးရထား မမီလိုက် မရှိစေနဲ့လို့ လက်ယပ်ခေါ်လို့များတောင် နေပါတယ်။

အခုအချိန်အထိ နအဖစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ၊ ပါတီ ထူထောင်ခွင့် ဥပဒေ စတာတွေနဲ့ ပတ်သက်လို့ ဘာမှ မပြောသေးတာဟာ သူတို့ စစ်တပ်ထဲက ဘယ်သူတွေကို ဘာတာဝန် ယူခိုင်းရမယ်၊ ဘာပါတီ နာမည် ခံခိုင်းရမယ်၊ ဘယ်ဒေသမှာ အမတ် ဝင်ရွေးခိုင်းရမယ်၊ ဘာဝန်ကြီး လုပ်ရမယ် စတဲ့ နေရာ ချထားမှုတွေ မပြီးပြတ်သေးလို့သာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ တပ်တွင်းရော၊ တပ်ပြင်ပါ အများကြီး ကုလားဖန် ထိုးရအုန်းမှာ ဖြစ်ပါတယ်။ ဒီတခါ ကျင်းပမယ့် လေးလပတ် အစည်းအဝေး မှာတောင်မှ ပြတ်ပါ့မလား မသိပါဘူး။ ဒါမျိုးဟာ အဝေမတည့်ရင် တသက်လုံး မပြေနိုင်တဲ့ ရန်ညှိုး ဖြစ်သွားနိုင်တယ်၊ ဂိုဏ်းဂဏကြီးတွေ ဖြစ်သွားနိုင်တယ် ဆိုတာ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ အသိဆုံးပဲ ဖြစ်ပါတယ်။

နအဖစစ်အစိုးရဟာ ဒီရွေးကောက်ပွဲကို လာရောက် စစ်ဆေးနိုင်ပါတယ်လို့ “အင်မတန် သဘောထားကြီးစွာ” ပြောနေတာ၊ ပြည်တွင်းပြည်ပရှိ ဗမာ နိုင်ငံသားတွေ၊ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေ အပါကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းနေတာ စတာတွေကို ထောက်ရင် ဒင်းတို့တတွေ ဒီရွေးကောက်ပွဲ အပေါ်မှာ မျှော်လင့်ချက် အများကြီး ထားတယ်ဆိုတာကို တွေ့နိုင်ပါမယ်။ သူတို့အနေနဲ့ ဒီရွေးကောက်ပွဲကို ဖြတ်သန်း လိုက်တာနဲ့ သူတို့ရဲ့ စစ်အာဏာရှင် အစိုးရဟာ နတ်ရေကန်ထဲ ခုန်ချလိုက်သလို နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့တဲ့ အရပ်သား အစိုးရတရပ် ဖြစ်သွားမယ်လို့ ယူဆနေပါတယ်။ ဒါ့အပြင် သူတို့လူတွေသာ နေရာများများ အနိုင်ရလိုက်လို့ ကတော့ ဗိုလ်သန်းရွှေတို့ တတွေက “သားရွှေအိုး ထမ်းလာတာ တွေ့ရတယ်” လို့ ယူဆသွားမှာပါ။

ဒီတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မယ်တကဲကဲလုပ်နေသူတွေ အနေနဲ့ အစာကိုပဲ ငမ်းပြီး အရမ်း တိုးဝင်ရင် ထောင်ချောက်ထဲ ရောက်သွားလိမ့်မယ် ဆိုတာ သတိပြုသင့်ပါတယ်။ တဘဝလုံး လုပ်ခဲ့သမျှ ဒီတလှမ်း၊ ဒီတကွက်နဲ့ ပျက်စီး သွားနိုင်ပါတယ်။ ကိုယ်သေပြီး တဲ့နောက်တောင်မှ အမည်းကွက်ကြီး အဖြစ် ကျန်ရစ်ခဲ့မှာပါ။ ဘယ်လိုမှ ဖျက်မရ နိုင်ပါဘူး။ တချို့ အကြိမ်ကြိမ် လက်နက်ချနေသူ တွေကိုကြည့်ပြီး လက်နက်ချတာများ ခက်တာမှတ်လို့ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ အင်မတန် အစဉ်အလာကြီးပါတယ် ဆိုတဲ့ လူတွေ လက်နက်တခါ ချလိုက်တာနဲ့ ဘဝတခုလုံး လုပ်ခဲ့တာတွေအပါ မြောင်းထဲ ရောက်သွားတာကို မမေ့ သင့်ပါဘူး။

အတိုက်အခံတွေထဲမှာ ဒီရွေးကောက်ပွဲ အကြောင်းပြပြီး ကတ္တီပါလမ်းခွဲ ဖြစ်သွားတာ၊ ကျောခိုင်းကြတာ၊ ဒါမှမဟုတ် မိတ်ဆွေ အဖြစ်ကနေ ရန်သူဖြစ်သွားတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ တချို့လက်နက်ကိုင် အင်အားစုတွေထဲမှာ တောင်မှ ဒါမျိုးတွေကို မကြာမကြာ တွေ့နေရပါတယ်။ တကယ်တော့ ရဲဘော်ရဲဘက်ချင်း၊ မိတ်ဆွေချင်း၊ ဘယ်သူမှ အဲဒီလို မဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် ဒီသမိုင်း တကွေ့ဟာ ဗမာပြည် နိုင်ငံရေးမှာ ထူးခြားတဲ့ အကွေ့ကြီးတခု မဟုတ်ပါလား။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့