..............................

Wednesday, March 18, 2009

ပဲဈေးကွက် အေးစက်၊ ကုမ္ပဏီများ ဆက်ဖွဲ့

မင်းနိုင်သူ / မတ်လ(၁၇) ရက်၊ ၂၀၀၉

ပြည်ပ ၀ယ်လက် မရှိခြင်းကြောင့် ပြည်တွင်းပဲဈေးကွက် အေးနေပြီး နအဖအစိုးရက နယ်ကုန်စည် ဒိုင်များတွင် ပဲဝယ်ယူရေး ဆိုင်ရာ ကုမ္ပဏီများ ဆက်လက် ဖွဲ့ခိုင်းနေကြောင်း အညာ ဒေသခံ ပွဲစားများက ပြောသည်။

လွန်ခဲ့သောနှစ် သြဂုတ်လအတွင်းက ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲကုန်သည် အချို့ ထွက်ပြေး တိမ်းရှောင်မှု ရှိခဲ့ပြီးနောက် ပဲဝယ်ယူ တင်ပို့ရာတွင် ကုမ္ပဏီဖွဲ့ လုပ်ကိုင်ရန် UMFCCI မှတဆင့် အစိုးရက ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

“အခုထိမပြီးပြတ်သေးပါဘူးဗျာ။ စိတ်ဝင်စားတဲ့သူ အတော်နည်းပါတယ်။ မလွှဲသာ မရှောင်သာတဲ့ လူတွေလောက်ပဲ စုဖွဲ့ကြရမှာပါ။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို အဓိကထား ဖွဲ့ခိုင်းထားတာပါ။ ကုမ္ပဏီတခုမှာ အဖွဲ့ဝင် (၅၀) ပါရှိရမယ်လို့ လူကြီးတွေက ပြောနေပေမယ့် ထည့်ဝင်လိုတဲ့ ပွဲစားကုန်သည် အတော်နည်းပါတယ်ဗျာ” ဟု မန္တလေး မြို့ခံပွဲစားတဦးက ပြောသည်။

မုံရွာကုန်စည်ဒိုင်တွင်လည်း ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီတခု ဖွဲ့စည်းခိုင်းထားရာ ရန်ကုန်ရှိ VRV ကုမ္ပဏီမှ ဦးတင်မြင့်က ကုမ္ပဏီ ဖွဲ့စည်းနိုင်ရေး ဦးဆောင် လှုပ်ရှားနေသည်ဟု မြို့ခံပွဲစားတဦးက ပြောသည်။

“အခုလောလောဆယ်တော့ ဒါရိုက်တာ (၇) ဦးထားမှာပေါ့နော်။ ဒါရိုက်တာအဖွဲ့ဝင် စာရင်းအများကြီး တင်ရင် ဖွဲ့စည်းခွင့် ကျဖို့ ကြာတယ်။ နောက်မှ ဖွဲ့စည်းပုံ ပြန်ပြောင်းရင်လည်း ပြောင်းမယ်။ အခု ရန်ကုန်က လူတွေပဲ ဦးဆောင် လှုပ်ရှားနေကြတာပေါ့။ မုံရွာက ဖွဲ့မယ့်ကုမ္ပဏီမှာ ရန်ကုန်က (၁၄) ဦးပါမယ်” ဟု မုံရွာ ကုမ္ပဏီဖွဲ့စည်းရေး တွင်ပါဝင်သူတဦးက ပြောသည်။

အဆိုပါကုမ္ပဏီတွင် ရှယ်ယာဝင် (၅၀) ဦးဖြင့်ဖွဲ့စည်းရမည်ဖြစ်ကာ ရှယ်ယာဝင် တဦးလျှင် သိန်းတရာနှုန်းစီ ထည့်ဝင်ကြရမည် ဖြစ်သော်လည်း ရန်ကုန် ကုမ္ပဏီတခုကမူ သိန်းတထောင် ထည့်ဝင်သွားမည်ဟု ကြားသိရသည်။

သီးနှံဈေးကွက်သတင်းများရေးသားနေသူတဦးက “စိတ်မ၀င်စားကြ ပါဘူးဗျာ။ ပဲဈေးက အေးနေတဲ့ အထဲ သူတို့ ဖွဲ့စည်းရေးတွေက တမျိုး။ အခုတမျိုး တော်ကြာတမျိုး။ စည်းကမ်းတွေကလည်း အမျိုးမျိုးရယ်။ သူတို့နဲ့ မကင်းသာတဲ့ လူတွေပဲ ပါမယ့်သဘောပါ။ ဒီက ကုန်သည်ပွဲစား တွေကတော့ monopolize ဖြစ်သွားမှာ ကြောက်ကြတယ်။ ဒါကြောင့် မလွှဲ မရှောင်သာတဲ့ သူတွေက သိန်းတရာ သတ်မှတ်ရင် တရာပဲ ထည့်ကြတာ။ ပိုမထည့်ကြဘူး။ ရန်ကုန် ကုမ္ပဏီတွေကတော့ ပိုထည့်ကြမယ်လို့ ကြားတယ်” ဟု ပြောသည်။

ယခုနှစ် ပဲထွက်ချိန်တွင် ဈေးနှုန်းများကျဆင်းခြင်း၊ အထွက်နှုန်းနည်းခြင်း တို့ကြောင့် တောင်သူများလည်း အရှုံးပေါ်သည်ဟု ပုလဲမြို့နယ်မှ တောင်သူ တဦးက ဆိုသည်။

“အထွက်နည်းတာက ပိုးကျလို့မဟုတ်ဘူး။ မနှစ်က မိုးနှောင်း သိပ်မကောင်းတော့ အသီး မတင်ကြဘူး။ အရင်က တဧက စိုက်ရင် ဗွီတူး (ကုလားပဲဖြူလုံးကြီး) ဆယ့်ငါးတင်းနဲ့ နှစ်ဆယ်ကြားမှာ ထွက်တယ်။ ဒီနှစ် ဆယ်တင်းလောက်ပဲ ရကြတာ။ စိုက်ပျိုးစရိတ်က တဧကကို တသိန်းခွဲ နှစ်သိန်းကြားမှာ ကုန်ခဲ့ကြတာဗျာ။ ပေါ်ချိန်မှာ ပဲဈေးက တသောင်းလောက်ပဲရှိတော့ ရှုံးကြတာပေါ့။ မကိုက်ဘူး။ ဒီနှစ်ကတော့ ဘာမှ အလုပ်မဖြစ် ကြဘူး။ ခရမ်းချဉ် သမားတွေလည်း ရှုံးကြတာပဲ။ တပိဿာမှ သုံးဆယ်လောက်ပဲ ဈေးရှိတာ ဆိုတော့လေ။ တခြားဈေးတွေ ကျပေမယ့် စိုက်ပျိုးရေးဆေး ဈေးတွေက မကျဘူး” ဟု အထက်ပါ တောင်သူက ပြောသည်။

ယမန်နှစ် ပဲပေါ်ချိန်တွင် ပြည်ပပို့ပဲများဖြစ်သော ပဲစင်းငုံ၊ ဗွီတူး တို့သည် တတင်း ကျပ်တသောင်းကျော်ဖြင့် ပွဲထွက်ခဲ့သော်လည်း ယခုနှစ်တွင် ကျပ်တသောင်းအောက်ဖြင့် စတင်ခဲ့ရသည်။

ပြီးခဲ့သည့် တလပိုင်းက အိန္ဒိယမှ ပဲတန်ချိန်ရှစ်သောင်းဝယ်ယူမည့် သတင်းများ ပေါ်ထွက်ခဲ့သော်လည်း ယခုအချိန်ထိ အိတ်စ်ပို့ ဆွဲလက် မရှိသေးဘဲ ပြည်တွင်းခွဲစက် သမား အနည်းအကျဉ်းသာ ၀ယ်ယူနေသေးကြောင်း အညာဒေသခံပွဲစားများက ပြောသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့