..............................

Wednesday, March 18, 2009

လူရွှင်တော်ပြက်လုံးအပေါ်အငြိမ့်ကခွင့်မပေးသည် အထိ အငြိုးထား

NEJ / မတ်လ(၁၇) ရက်၊ ၂၀၀၉

မွန်ပြည်နယ် သဘင်ကောင်စီသည် ပြည်နယ်အာဏာပိုင် သဘင်ကောင်စီ ဗဟိုနှင့် ပေါင်းကာ ယခုနှစ် သဘင်ရာသီမှ စတင်၍ မော်လမြိုင် အခြေစိုက် ဇာတ်အဖွဲ့များ၊ ပဒေသာကပွဲများကို အငြိမ့်ကခွင့် ပိတ်ပင်ထားသည်ဟု ၀ါရင့်သဘင် ပညာရှင်တဦးက ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်နယ်သဘင် ကောင်စီတာဝန်ရှိသူများနှင့် ငွေရှင်များက လူရွှင်တော် အသားပေး အငြိမ့် အဖွဲ့များသည် နိုင်ငံရေး ပျက်လုံးများ၊ အဓိပ္ပာယ် နှစ်ခွထွက်သော ပြက်လုံးများကြောင့် မလိုလားအပ်သော ပြသာနာများ ဖြစ်လာနိုင်သဖြင့် အငြိမ့်ကခွင့် ပိတ်ပင်ပေးပါရန် ဗဟိုသို့ တောင်းဆိုခြင်းကြောင့် အငြိမ့်ကခွင့် ပိတ်ပင်ခံရခြင်း ဖြစ်သည်။

မော်လမြိုင်မှ ဇာတ်အဖွဲ့တည်ထောင်ထားသူတဦးက “အဖြစ်မှန်ကို သဘင်ကောင်စီ ဗဟိုက မသိဘူး။ မော်လမြိုင် ဇာတ်လောကမှာ အဓိက ပြဿနာက မင်းသမီးကောင်း ရဖို့အတွက် အငြိမ့်မင်းသမီးကောင်း တလက်ကို တနှစ်တာ ကြေးသိန်း (၂၀) အထက်မှာရှိတယ်။ ပွဲငှားတဲ့ လူတွေကလည်း ပြည်သူတွေဘ၀ အမောပြေစေမယ့် အငြိမ့်ပါတဲ့ ဇာတ်ကို အဓိကထားပြီး ဌားကြတော့ မင်းသားရဲ့ အခန်းကဏ္ဍဟာ မင်းသမီးလောက် မရှိတော့ဘူး။ မော်လမြိုင်မှာ မင်းသားကြေးက အမြင့်ဆုံး (၁၅) သိန်းထက် မပိုဘူးဆိုတော့ ဇာတ်ထောင်တဲ့ ငွေရှင်တွေဟာ အမြတ်များများ ရအောင်ဆိုပြီး တဖက်လှည့်နဲ့ အငြိမ့်ကို ဖြုတ်လိုက်တာဖြစ်တယ်” ဟု ပြောသည်။

မော်လမြိုင်အခြေစိုက်ဇာတ်များ အငြိမ့်ကဏ္ဍပိတ်ပင်မူကို ပြည်နယ် သဘင်ကောင်စီ အတွင်းရေးမှူး ယခင်ပြဇာတ် မင်းသားဟောင်း ဦကျော်ဆွေ (ညမွှေး) က အဓိက ဦးဆောင်သူဖြစ်ပြီး ၎င်းကိုယ်တိုင် မင်းသားများကို အခြေခံသည့် ဇာတ်အဖွဲ့ တည်ထောင်ထားသူဖြစ်သည်။

လူရွှင်တော်မျိုးရိုးမှ ဆင်းသက်လာသူ လူရွှင်တော်တဦးက “မော်လမြိုင်မှာ အငြိမ့်ကခွင့် မရဘူး။ အငြိမ့်ကဏ္ဍ ဖြုတ်ခိုင်းပြီး ဇာတ်ခုံပေါ်မှာ စတိတ်ရှိုးတို့၊ ဟဲဗီးလ်တို့၊ ဟစ်ဟော့တို့ကိုကြတော့ ခွင့်ပြုတယ်။ သူတို့ပြောတဲ့ ရိုးရာယဉ်ကျေးမူ ဖော်ထုတ်မြှင့်တင် ထိန်းသိမ်းရေး ဦးတည်ချက်ဆိုတာက ဘယ်မှာ အဓိပ္ပာယ်ရှိတော့မှာလဲ” ဟု ပြောသည်။

၎င်းက “အစိုးရက ဆိုကရေးတီးပြိုင်ပွဲတွေ နှစ်စဉ်လုပ်လာတာ နှစ် (၂၀) ပြည့်တော့မယ်။ ဇာတ်တော်ကြီး၊ ရုပ်သေး၊ ခေတ်ပေါ်ပြဇာတ်နဲ့ ကွက်စိပ်ပါ မကျန် ပြိုင်ပွဲလုပ်တယ်။ အငြိမ့်ကိုကြတော့ လုံးဝ မလုပ်ပေးတော့ဘူး။ ၁၉၉၅ နဲ့ ၉၇ မှာ မြ၀တီ အငြိမ့်ပြိုင်ပွဲဆိုပြီး အစိုးရက နှစ်ကြိမ်လုပ်ပေးတယ်။ အဲဒီနှစ်ကြိမ်စလုံးမှာ ပြိုင်ပွဲဝင်တဲ့ လူရွှင်တော်တွေ ဟာ အစိုးရနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန် အခြေအနေတွေကို အပြုသဘောနဲ့ ပြက်လုံး ထုတ်သွားတာကို အငြိုးအတေးနဲ့ ရန်သူလို သဘောထားပြီး အစိုးရက အငြိမ့်ပြိုင်ပွဲ မလုပ်ပေးတော့တာ ဒီနေ့အထိပဲ” ဟုပြောသည်။

ထိုစဉ်က ပြိုင်ပွဲတွင် အုပ်စိုးသူအစိုးရကို ထိထိမိမိအပြုသဘောဖြင့် ဝေဖန် ထောက်ပြသည့် ပြက်လုံးများ ထုတ်ခဲ့ကြသည့် အငြိမ့်အဖွဲ့များမှာ လူရွှင်တော်မိုးဒီ၊ မော့်စ်တို့ ဦးဆောင်သည့် မြနန်းဧရာ အငြိမ့်နှင့် လူရွှင်တော်ဒီပါနှင့် ချစ်စရာ တို့ပါဝင်သည့် မန္တလေးမှ လာရောက် ယှဉ်ပြိုင်သည့် သစ်လွင်အငြိမ့်တို့မှာ အထူးလူကြိုက်များခဲ့သည်။

လက်ရှိမော်လမြိုင်မြို့နယ် သဘင်ကောင်စီ လက်အောက်ခံ ဇာတ်အဖွဲ့များဖြစ်သော ချစ်ဆူးငယ်၊ ချစ်ရဲမင်း၊ မင်းနိုင်စိုး၊ အောင်နိုင်စိုး၊ ဆန်းမင်းအောင်၊ ဆန်းမေတ္တာ အပါအ၀င် မြန်မာဇာတ်အဖွဲ့ (၃၀) နှင့် မွန်ဇာတ်အဖွဲ့ (၁၀) ဖွဲ့တို့မှာ အငြိမ့်မကကြောင်း မြို့နယ် သဘင်ကောင်စီတွင် ခံဝန်ကတိပြု ထားကြရသည်။ မော်လမြိုင်တွင် အငြိမ့် လူရွှင်တော်များကို မျက်မုန်းကျိုး သူများထဲတွင် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းလည်း ပါဝင်သည်ဟုသိရသည်။

မော်လမြိုင်မှ ဇာတ်မင်းသားကြီးတဦးက “ရွှေဝါရောင် တော်လှန်ရေးဖြစ်တော့ မော်လမြိုင်မှာ ဘုန်းကြီးတွေ မေတ္တာပို့ လမ်းလျှောက်ကြတော့ မော်လမြိုင်က နာမည်ကြီးလူရွှင်တော် (ပွင့်ကောင်း) ဟာ ဘုန်းကြီးတွေနဲ့ လိုက်ပြီး ၀တ်ကြီး ၀တ်ငယ် ဖြည့်တယ်။ အဲ့ဒါကို ထောက်လှမ်းရေးတွေ ရိုက်ထားတဲ့ မှတ်တမ်းမှာ သူ့ပုံပါလာတော့ တိုင်းမှူးသက်နိုင်ဝင်းက မွန်ပြည်နယ် သဘင်ကောင်စီ ဥက္ကဋ္ဌ ဦးတိုင်းကျော်ကိုခေါ်ပြီး ပွင့်ကောင်းကို ခင်ဗျားတို့သဘင် ကောင်စီကနေ ရာသက်ပန် ထုတ်မှာလား။ ဒါမှမဟုတ်ရင် မွန်ပြည်နယ်မှာရှိတဲ့ ဇာတ်အဖွဲ့တွေပွဲ ကခွင့်အပိတ်ခံမှာ လားဆိုပြီးပြောတော့ ပွင့်ကောင်းတယောက် လမ်းဘေးရောက် သွားခဲ့ရတယ်။ မော်လမြိုင်က နာမည်ကြီးမင်းသား တလက် သူများသမီးပျို တဦးကို ဖျက်လိုဖျက်ဆီး လုပ်တာကို မော်လမြိုင် သဘင်ကောင်စီက ငွေနဲ့ညှိပြီး အဲ့ဒီ မင်းသားကို ပွဲကခွင့် ရာသီဝက်ပဲ ပိတ်လိုက်တယ်။ အခုသူပြန်ကနေပြီး ပွင့်ကောင်းကတော့ လမ်းဘေးမှာပဲ။ ဒါတွေဟာ လုံးဝ မတရားမှုတွေပါ” ဟုပြောသည်။

အသက်ကြီး၍ လူရွှင်တော်ဘ၀မှ အနားယူပြီး မော်လမြိုင် အခြေစိုက် ဇာတ်အဖွဲ့တခု၏ ကဇာတ်တင်ဆက်မှု အကြံပေးအဖြစ် လုပ်ကိုင်နေသူတဦးက “အငြိမ့်ကဏ္ဍ နှိပ်ကွပ်ခံနေရတာ အနှစ် (၂၀) လောက်ရှိပြီး ဒီရိုးရာ အနုပညာ တိမ်ကောသွားမှာကို တကယ် စိုးရိမ်တယ်။ ခေတ်စနစ်ကြီး ကောင်းလာတဲ့ အချိန်ကြရင်တော့ အငြိမ့်ခေတ်ကို ပြန်ရောက်လာမှာပါ။ အဲဒီခေတ်ကို ကျနော် မီနိုင်အုံးမှာလား မသိတော့ဘူးဗျာ” ဟု ဆို့နစ် ကြေကွဲစွာဖြင့် ပြောသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့