..............................

Friday, March 20, 2009

တရုတ်စစ်ဦးစီးချုပ် မြန်မာနိုင်ငံ အလည်အပတ် ရောက်ရှိ

မုံပီး
ကြာသပတေးနေ့၊ မတ်လ 19 2009

နယူးဒေလီ။ ။ မြန်မာနိုင်ငံ၏ တရားဝင် ထုတ်ဝေဖြန့်ချိသော သတင်းစာ၏ ရေးသား ဖော်ပြချက်အရ တရုတ်နိုင်ငံ တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချင်ပင်းတဲ့ (Chen Bingde) သည် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေစဉ် အတွင်း ဗုဒ္ဓဟူးနေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ချင်ပင်းတဲ့သည် ဗိုလ်ချုပ်ကြီးသူရ ရွှေမန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်သို့ ရောက်ရှိနေသည် ဟု ကြာသပတေးနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသား ဖော်ပြထားသည်။ သူသည် ဗိုလ်ချုပ်ကြီး ရွှေမန်းနှင့် တွေ့ဆုံကာ ‘နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ချည်ကြည် ရင်းနှီးမှုကို ခိုင်မာတိုးတက်အောင် လုပ်ရန်’ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

နှစ်နိုင်ငံအကြား အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိနေသည့်အတွက် ဤသို့ ချင်ပင်းတဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အံ့အားသင့်စရာ မရှိသော်လည်း၊ ဤသို့ လည်ပတ်မှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမို ခိုင်မြဲအောင်လုပ်ရန် ကြိုးပန်းမှု ဖြစ်နိုင်သည်ဟု အကဲခတ်များက ပြောကြသည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးသုံးသပ်သူ ဦးအောင်ကျော်ဇော်၏ အပြောအရ တရုပ်ပြည်က ယူနန်-ရခိုင် ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်း အပါအဝင် နှစ်နိုင်ငံအကြား သဘောတူထားခဲ့သော စီးပွါးရေး သဘောတူ ညီမှုများကို မြန်မာနိုင်ငံ အနေဖြင့် ရှေ့ဆက် ဆောင်ရွက်စေလိုသည်ဟု ဆိုသည်။

တိုင်းရင်းသား သူပုန်တပ်ဖွဲ့များ ခိုလှုံနေကြသည့် တရုတ်နယ်စပ်ဒေသ အခြေနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံက စိုးရိမ်ပူပန်လျက် ရှိကြောင်းလည်း သူကပြောသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုများကြောင့် နယ်စပ်ဒေသ တည်ငြိမ်မှုကို အကြီးအကျယ် ထိခိုက်လာမည်ကို မမြင်လိုကြောင်း ပြောသည်။

“ကျနော်ထင်တာ တရုတ်က မြန်မာဗိုလ်ချုပ်ကြီးတွေကို သူတို့ရဲ့ လမ်းပြမြေပုံနဲ့ ပတ်သက်လို့လဲ အကြံပေး ချင်တယ်နဲ့ တူတယ်” ဟု သူက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအစိုးရသည် မကြာသေးခင်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ အင်ဒိုနီးရှားနှင့် စင်္ကာပူ ခရီးစဉ်များ အပါအဝင် အိမ်နီးချင်း နိုင်ငံများမှ ခေါင်းဆောင် အများအပြားနှင့် တွေ့ဆုံခဲ့သည်။ နေပြည်တော် သတင်း ရပ်ကွက်များ၏ အဆိုအရ သိန်းစိန်သည် အဆိုပါ အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံသို့ လမ်းပြမြေပုံ အစီအစဉ်အရ ကျင်းပရန် စီစဉ်ထားသော စစ်အစိုးရ၏ ရွေးကောက်ပွဲ အကြောင်း သွားရောက် ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD-LA) ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဦးညိုအုန်းမြင့်၏ အပြောအရ စစ်အစိုးရသည် သူတို့ လမ်းပြမြေပုံ၏ ပဌ္စမအဆင့်ဖြစ်သော ရွေးကောက်ပွဲကို ထောက်ခံမှု ရရှိရေးအတွက် ဒေသတွင်းနိုင်ငံများကို တိုးမြှင့်၍ စည်းရုံးရေးဆင်းလျက် ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသော အာဆီယံအဖွဲ့နှင့် တရုပ်၊ အိန္ဒိယတို့၏ ထောက်ခံမှု မရဘဲ၊ သူတို့လမ်းပြ မြေပုံသည် တရားဝင်မှုကို ရရှိလိမ့်မည် မဟုတ်ကာ၊ အစီအစဉ်အတိုင်း ရှေ့ဆက် လုပ်ဆောင်နိုင် လိမ့်မည်လည်း မဟုတ်ဟု ဦးညိုအုန်းမြင့်က ပြောသည်။

သို့သော် မြန်မာနိုင်ငံကို ကြာရှည်စွာ ထောက်ခံခဲ့သော တရုတ်နိုင်ငံ ကမူ မြန်မာအစိုးရက အမျိုးသား ရင်ကြားစေ့ရေး အတွက် ပေးထားသော ကတိများကို အကောင်အထည် ဖော်ရန် ပျက်ကွက်ခဲ့ခြင်း အတွက် ပိုမိုပူပန် စိုးရိမ်လာလျက် ရှိသည်။ ဤအကြောင်းသည်ပင် ချင်ပင်းတဲ့ ဆွေးနွေးမည့် အကြောင်းအရာ အစီအစဉ်တရပ် ဖြစ်နိုင်သည်ဟု သူကပြောသည်။

“တရုတ်က မြန်မာနိုင်ငံကို အားလုံး ပါဝင်နိုင်တဲ့ လက်ခံနိုင်လောက်တဲ့ ဖြစ်စဉ်အတိုင်း လုပ်စေချင်တယ်။ အနည်းဆုံးတော့ စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု လက်ခံတာ ဖြစ်စေချင်တယ်” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အဓိက အတိုက်အခံပါတီကို အလျှော့ပေး လိုက်လျောရခြင်း မဟုတ်သမျှ စစ်အစိုးရကလည်း တရုတ်နိုင်ငံ၏ အကြံပေးချက်ကို လိုက်နာဖွယ် ရှိသည်ဟု သူက ပြောပါသည်။

“ဒါကြောင့် သူတို့ တတ်နိုင်သလောက် နိုင်ငံရေး ပါတီတွေများများ ခွင့်ပြုမှာဘဲ၊ ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုတော့ ဘေးဖယ်ထားလို့ရအောင် သေချာအောင်လုပ်မှာဘဲ” ဟု သူက ဆက်လက် ပြောဆိုသည်။

ဤအတောအတွင်း စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဘန်ခဲ့ပြီး တင်းကြပ်သည့် စီးပွါးရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည့် အမေရိကန် နိုင်ငံကမူ သူတို့၏ စစ်အစိုးရကို အထီးကျန်အောင် လုပ်ရေး မူဝါဒ မအောင်မြင်ကြောင်း ဝန်ခံ ပြောကြားလိုက်ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ သူတို့၏ မူဝါဒများကို ပြန်လည် သုံးသပ်မည့် အကြောင်း ပြောဆိုခဲ့သည်။

ဤသို့ ဝါရှင်တန်ဘက်က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲ ရှိလာနိုင်ခြင်းအပေါ် တရုတ်နိုင်ငံက စိုးရိမ်လျက် ရှိကြောင်းလည်း ဦးညိုအုန်းမြင့်က ပြောသည်။ တရုတ်မြန်မာ ဆက်ဆံရေးသည် စီးပွါးရေး ဆက်ဆံရေး၊ နှစ်နိုင်ငံအကျိုးတူ အကျိုးစီးပွါးတို့ အပေါ်တွင် တည်ဆောက်ထားခြင်း မဟုတ်ဘဲ စစ်အစိုးရ၏ အာဏာကို ထိန်းသိမ်းထားလိုသည့် သံန္နိဌာန် အပေါ်တွင်သာ တည်ဆောက်ထားခြင်း ဖြစ်သည်။ အကယ်၍ အခြားနိုင်ငံများမှ ထောက်ခံမှုကို ရရှိလာမည်ဆို ပါက မြန်မာ စစ်အစိုးရသည် တရုတ်နှင့် ဆက်ဆံရေးကို အပြောင်းအလဲ လုပ်လာနိုင်သည် ဟု သူက သုံးသပ်ပြောဆိုသည်။

“တရုတ်ကလဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ လုံးလုံး စစ်အစိုးရကို တောက်လျှောက် ထောက်ခံ အားပေးခဲ့ရတာကြောင့် သူ့ရဲ့ မြန်မာနိုင်ငံအပေါ် သြဇာ လျော့ကျသွားတာမျိုး ကြိုက်မှာ မဟုတ်ဘူး” ဟု ဦးညိုအုန်းမြင့်က ပြောသည်။ သို့သော် မြန်မာစစ်အစိုးရကမူ ထိုသို့ စဉ်းစားမည် မဟုတ်ဘဲ သူတို့ အာဏာ တည်မြဲရေးကိုသာ စဉ်းစားမည် ဖြစ်သည်၊ တရုတ်နှင့် ဆက်ဆံရေးကိစ္စကို ထည့်သွင်းစဉ်းစားမည် မဟုတ်ဟုလည်း သူက ပြောဆိုသွားခဲ့သည်။

အပြင်သို့ ပေါက်ကြားလာခဲ့သော ၂ဝဝ၈ ခုနှစ်အတွင်းက မြန်မာစစ်တပ် ခေါင်းဆောင်များ၏ အစည်းအဝေး မှတ်တမ်း အရ၊ ဒေသတွင်းနိုင်ငံများက မြန်မာနိုင်ငံအပေါ် ရင်းနှီးချစ်ကြည်လိုပုံ မရသည့်အတွက် နိုင်ငံတကာ ထောက်ခံမှုရရှိရန် တရုတ်နှင့် ပို၍ နီးနီးကပ်ကပ် ဆက်ဆံခဲ့ရသည်ဟု ရေးသား ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွါး မြန်မာနိုင်ငံတွင် ရှိနေသည် ဆိုစေဦးတော့ တရုတ်နိုင်ငံနှင့် ရင်းနှီး ချစ်ကြည်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရှိရေး ဟူသည့် မြန်မာနိုင်ငံ၏ အကျိုးစီးပွါးသည် နိုင်ငံတကာ နယ်ပယ်တွင် ပိုမိုအကာ အကွယ်ရရေးသာ ဖြစ်သည်ဟုလည်း မြန်မာ ဗိုလ်ချုပ်ကြီးများက ဝန်ခံ ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ချင်ပင်းတဲ့ သူရရွှေမန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂ဝဝ၈ ခုနှစ် အတွင်း လာရောက် လည်ပတ်ခဲ့စဉ် နှစ်နိုင်ငံအကြား နိုင်ငံချင်း ဆက်ဆံရေးနှင့် စစ်ရေး ဆက်ဆံမှုများကို တိုးမြှင့်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်

Ref: မဇ္ဈိမ

....

0 comments:

အပေါ်သို့