..............................

Tuesday, April 5, 2011

NDF နှစ်ခြမ်းကွဲ

Monday, 04 April 2011

ဦးသိန်းညွန့် ဦးဆောင်သော အဖွဲ့သည် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) နှင့် လမ်းခွဲလိုက်ပြီ ဖြစ်ပြီး အခွင့်သင့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြန်လည် ပူးပေါင်းမည် ဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သော ဦးသိန်းညွန့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ သင်္ဃန်းကျွန်း မြို့နယ်မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးက ဧပြီလ ၂ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဦးသိန်းညွန့်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဦးသိန်းညွန့်က “အခုအချိန်ကစပြီး တရားဝင်ကြေညာတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက နှစ်ခု ကွဲသွားပြီ။ ကျနော် ဦးဆောင်တဲ့ သင်္ဃန်းကျွန်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီနဲ့ ဆွေငြိမ်း (ဦးခင်မောင်ဆွေနဲ့ ဒေါက်တာ သန်းငြိမ်း) ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဆိုပြီး နှစ်ခု လုံးဝ ကွဲသွားပြီ။ NLD က ပြန်ပြီး မှတ်ပုံတင်ခဲ့မယ်၊ ရွေးကောက်ပွဲ ၀င်ဖို့ ရှိလာခဲ့ရင် NLD နဲ့ ပြန်ပေါင်းမယ်” ဟု ပြောသည်။

ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်း တို့သည် ပြည်ပ နိုင်ငံများမှ အထောက်အပံ့ ရယူခဲ့သော အဖွဲ့ အစည်းများ ထံမှ အကူအညီ ငွေကြေးများ လက်ခံခဲ့ကြောင်း၊ မိမိတို့ အနေနှင့် မည်သူ့ အကူအညီမျှ ယူမည် မဟုတ်ဘဲ နိုင်ငံရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်တဲ့ အတွက် ဆွေငြိမ်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ကိစ္စကို ကိုင်တွယ် လိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအခါ ကျလို့ရှိရင် ပြဿနာ ပြေလည်သွားရင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ နှစ်ခုပေါ်လာမယ်။ တကယ်လို့ ပြဿနာ မပြီးဘဲ ဆွေငြိမ်းပါတီ ဖျက်သိမ်းခံရရင် ကျနော်တို့ သင်္ဃန်းကျွန်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက နိုင်ငံရေးကို ဆက်ဦးဆောင်သွားမယ်” ဟု ၄င်းက ဆိုသည်။

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် အဆိုနှစ်ခုကို လွှတ်တော်တွင် ၄င်းက တင်ပြ ခဲ့သော်လည်း လွှတ်တော်က ပယ်ချ ခဲ့ရုံမက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ အဆိုဖြစ်သော စီးပွားရေး ပိတ်ဆို့မှုများ ကန့်ကွက်သည့် အဆိုကို ၄င်းက ထောက်ခံ ဆွေးနွေး ခဲ့ရာတွင် ၄င်း ပြောကြားခဲ့သော စကား အများစုကို ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းစာတွင် မဖော်ပြဘဲ ချန်လှပ်ခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။

“ဦးဌေးဦးက စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်တဲ့အဆိုလည်းတင်ရော ကျနော်က ကျနော် ပြောချင်တာ တွေကို သူ့ အဆိုကို ထောက်ခံရင်းနဲ့ ထပြောတယ်။ လွှတ်တော် ကိုယ်စားလှယ် တဦးကို မိနစ် ၂၀ ပြောခွင့်ရတော့ ကျနော်က ၁၈ မိနစ် ထပြောတယ်။ ဘာပြောလဲ ဆိုရင် စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းဖို့ဆိုရင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးရမယ်။ နောက်ပြီး အားလုံး ပါဝင်တဲ့ နိုင်ငံရေးစနစ် ဖော်ဆောင် ပေးဖို့လိုတယ် ဆိုတာကို ကျနော်တင်ပြတယ်။ ကျနော်တို့ နိုင်ငံက စီးပွားရေးပိတ်ဆို့မှု တခုတည်းကြောင့် ဆင်းရဲတာ မဟုတ်ဘူး။

တခြားအကြောင်းတွေ ရှိသေးတယ်။ အဲဒီအထဲက တချက်ကို ပြောပြရရင် ‘ဤဌာနတွင် ငွေပေးရန် မလို’၊ သို့သော် ငွေမပါလျှင် ဘာအလုပ်မှ လုပ်မပေးတဲ့ ကိစ္စ။ တရားရုံးတွေမှာ ‘ပုဒ်မ လေး၊ ပေးမှ လုပ်’ ဆိုတဲ့အထိ လူထုရဲ့ အော့နှလုံး နာစရာတွေ ဖြစ်နေပြီဆိုတာ တင်ပြတယ်။ ဒါပေမယ့် အဲဒါတွေကို သတင်းစာထဲမှာ မဖော်ပြဘူး။ ကျနော်က ဦးဌေးဦးရဲ့ အဆိုကို ထောက်ခံတယ် ဆိုတာပဲ ပါတယ်” ဟု ၄င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရကို မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် နအဖ စစ် အစိုးရက တရားဝင် အာဏာ လွှဲပြောင်း ပေးခဲ့သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့