..............................

Monday, April 4, 2011

နိုင်ငံတကာ သံတမန်ရေး ထိုးစစ်နှင့် တတိယ အင်အားစု

အောင်လင်းထွဋ်
Friday, 01 April 2011

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး ဒေါက်တာ သန့်မြင့်ဦး ရေးသားခဲ့တဲ့ နအဖ အစိုးရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော် အကြောင်းကို VOA ရေဒီယို သတင်းဆောင်းပါး ကဏ္ဍတွေထဲမှာ ကြားလိုက်ရလို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ မြန်မာ သံရုံးမှာ ကျနော် တာဝန် ထမ်းဆောင်စဉ် ကာလတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်တခုကို သွား သတိရမိပါတယ်။ စိတ်ဓာတ် စစ်ဆင်ရေး ဌာနမှာ လုပ်ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်ကတော့ “မင်းတို့ ထင်ပေါ် ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ မိသားစု ဝင်တွေကို ပစ်မှတ်ထားပြီး စည်းရုံးပေါ့ကွာ၊ ဟိုအမျိုးသမီးနဲ့ Compare လုပ်ဖို့” ဆိုတာပါ။ ဟိုအမျိုးသမီး ဆိုတာက ဒေါ်အောင်ဆန်း စုကြည်ကို ဆိုလိုတာပါ။

ဝါရှင်တန်မှာ အဲဒီအချိန်တုန်းက တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ သံအမတ်ကြီး ဦးလင်းမြိုင်က သူ့ရဲ့ အစ်ကို ဦးကျော်မြိုင်နဲ့ အမေရိကန်မှာ ရွှေ့ပြောင်း အခြေချတဲ့ မြန်မာ အမျိုးသမီး ပါမောက္ခ တယောက်ရဲ့ ဆက်သွယ် ပေးမှုကြောင့် ဦးသန့် မိသားစုဝင်များ၊ ဖဆပလ ခေတ် ဝန်ကြီးဟောင်း တဦးရဲ့ သားများကို အဆက်အသွယ် ရခဲ့ပါတယ်။ အလားတူ ရန်ကုန်မှ ဆက်သွယ် ပေးမှုကြောင့် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဒီယေဂိုမှာနေတဲ့ ဦးအောင်ဆန်းဦးနှင့် ဇနီး တို့ကို နအဖ စစ်အစိုးရက အချိတ် အဆက်များ ရခဲ့ကြတယ်။ နအဖ၏ ပြည်တွင်းပြည်ပ သံတမန် ထိုးစစ် (နိုင်ငံတကာ ဆက်ဆံရေးကို ထိုးဖောက်ခြင်း) နဲ့ ဒေါ်အောင်ဆန်းစုကြည်အား စိတ်ဓာတ် စစ်ဆင်ရေး လုပ်ငန်းများ အတွက် အဆိုပါ ပုဂ္ဂိုလ်များကို အသုံးချ ခဲ့ပါတယ်။

ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီး အကြံအစည်ကို သတိထားဖို့ လိုပါမယ်။ လူဆိုတာက တချိန်တုံးက ရွှေထီး ဆောင်းခဲ့ရတဲ့ အဖြစ်များကို မမေ့နိုင်ကြသလို နည်းနည်းလေး ပင့်မြှောက် ပေးလိုက်ရုံနဲ့ အထင် ရောက်တတ်ကြတာကိုး။ အဲဒီ ပုဂ္ဂိုလ်ကြီးတွေရဲ့ မိသားစု ဝင်တွေကို ရန်ကုန် လွှတ်ပြီး ပြုစုပေးလိုက်တဲ့ အခါမှာတော့ ထင်ထားတာ ထက်တောင် စစ်အစိုးရကို ထောက်ခံ ပြနေတာ တွေ့ရပါတယ်။ ကျနော်တို့ကတော့ ကြည့်ပြီး ပြုံးမိတယ်။ သူတို့ကတော့ သိမ်းသွင်း ခံလိုက်ရပြီဆိုတာ မရိပ်မိ ကြပါဘူး။ သူတို့သာ မြန်မာနိုင်ငံကို ကယ်တင်မယ့် တကယ့် လူစွမ်းကောင်းတွေလို့ အထင် ရောက်စေပါတယ်။

အခုဆောင်းပါးမှာ အဲဒီမိသားစုဝင်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ စစ်အစိုးရရဲ့ အသုံးချခဲ့ပုံကို အနည်းငယ် ဖော်ပြ လိုပါတယ်။ နအဖ ခေါင်းဆောင်တွေဟာ ၂၀၀၀ ပြည့်နှစ် မတိုင်မီ အချိန်အထိ နိုင်ငံတကာ ဆက်ဆံရေး ဆိုတာကို ကောင်းကောင်း နားမလည် ကြသေးတာ အမှန်ပါ။ ကိုယ့်နိုင်ငံ ကိုယ်လုပ်ချင်တာ လုပ်မယ်၊ ဘယ်သူ့ ဂရုစိုက်ရမလဲဆို တဲ့ လူမိုက် စိတ်ဓာတ်မျိုး ထားကြပြီး နိုင်ငံ တကာမှာ သူတို့ စစ်အစိုးရ ပုံရိပ် ဘယ်လို ဖြစ်နေသလဲ ဂရု မပြုကြတဲ့ သူတွေပါ။

အထူးသဖြင့် ဒီလိုစိတ်ဓာတ်မျိုးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှာ ရှိနေတော့ အမိန့် နာခံ ကြရတဲ့ လက်အောက်ခံ ဗိုလ်ချုပ်များ အတွက် ဆုတ်လည်းဆူး စားလည်းရှုး ဖြစ်ခဲ့ကြရတဲ့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့ကြတာပါ။ ဥပမာ ကလေးစစ်သား စုဆောင်းတာမျိုး၊ အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေတာမျိုး၊ အတင်းအဓမ္မ ရွာတွေ ရွှေ့ခိုင်းတာမျိုးတွေကို နိုင်ငံတကာ ဥပဒေအရ မလုပ်ရဘူး ဆိုတာကို သူနားမလည် ခဲ့ပါဘူး။ ကုလသမဂ္ဂမှာ ရှိတဲ့ စည်းမျဉ်း စည်းကမ်းတွေ မြန်မာ အစိုးရ အဆက်ဆက် လိုက်နာ ပါမယ်လို့ ထိုးထားတဲ့ စာချုပ်တွေက ဘာတွေလဲ ဆိုတာ သူမသိဘူး။ သိရှိ နားလည်တဲ့ နိုင်ငံခြားရေး ဝန်ကြီးက တင်ပြဖို့ ကြိုးစားတော့လည်း လက်မခံဘူး။

ဒီလိုနဲ့ ၁၉၉၇ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စ ပြဿနာဟာ ကုလသမဂ္ဂမှာ ပိုပြီး ကျယ်ကျယ် လောင်လောင် ဖြစ်လာ တော့တယ်။ ဒီပြဿနာတွေကို ရင်ဆိုင်ဖို့ အဲဒီအခါကျမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စဉ်းစား မိလာတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဓာတ်က အချင်းချင်း ပြောတာကို လက်ခံလေ့ မရှိဘူး။ ကုလ သမဂ္ဂက အမေရိကန် နိုင်ငံသား ထိပ်တန်း အရာရှိကြီး တဦး ဖြစ်တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ ရိဒ် ကနေ ဒါတွေဒီလို လုပ်သင့် ပါတယ်လို့ပြောမှ သံတမန်ရေး ထိုးစစ် (နိုင်ငံတကာ ဆက်ဆံရေး ထိုးဖောက်ခြင်း) မဟာဗျူဟာ ချမှတ်ပြီး နိုင်ငံတကာ အဖွဲ့စည်းတွေမှာ နအဖကို ထောက်ခံသူ များလာအောင် လုပ်ခဲ့ ကြပါတယ်။

အဲဒီမှာ ပြည်ပရောက် ထင်ရှားပြီးအရေးပါတဲ့ မဟာမြန်မာကြီးတွေဟာ နအဖ ရဲ့ ပစ်မှတ်များ ဖြစ်လာ ခဲ့ကြပါတယ်။ ဒုတိယ ပစ်မှတ်ကတော့ ပညာတတ် အသိုင်း အဝန်းက မြန်မာ လူငယ်များနဲ့ တတိယ ပစ်မှတ်ကတော့ မြန်မာ့ အရေးကို စိတ်ဝင်စားကြတဲ့ နိုင်ငံခြားသား ပညာရှင်များ ဖြစ်ကြပါတယ်။

ဦးသန့်ရဲ့ မိသားစုဝင်တွေကတော့ ပထမ ပစ်မှတ်တွေပါ။ ၁၉၈၈ အရေးခင်းပြီးတော့ ဦးသန့်ရဲ့ မိသားစုဝင် တွေဟာ ဒီမိုကရေစီ ဘက်တော်သားတွေ ဘက်က တော်တော်လေး တက်တက် ကြွကြွ လှုပ်ရှား ခဲ့ကြတာ တွေ့ရယ်၊ ၁၉၇၄ ခုနှစ် ဦးသန့် အရေးခင်းမှာ စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို ပစ်သတ် ထားတာတွေကြောင့် စစ်တပ်ရဲ့ စည်းရုံးမှုကို အလွယ်တကူမှ လက်ခံပါ့မလား ဆိုပြီး အစ ပထမမှာ စိတ်ပူ မိသေးတယ်။ ဒါပေမယ့် ထင်သလောက် အခက်အခဲ မရှိခဲ့ပါဘူး။

ဦးသန့်ရဲ့ မိသားစုဝင်တွေဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါပုံ၊ မြန်မာပြည်၏ ဒီမိုကရေစီ အရေး အတွက် အရေးပါပုံ အစရှိတဲ့ ချီးမွမ်းခန်း တွေကို ဖွင့်ပြီးတဲ့ အခါမှာတော့ မိသားစု ဝင်တွေ အသီးသီး အစိုးရ ဧည့်သည်တော်တွေ အဖြစ်နဲ့ မြန်မာ့နိုင်ငံကို ချီတက် ကြတော့တာပါပဲ။ နအဖ က ကောင်းကောင်း သိမ်းသွင်း လိုက်ပုံ ရပါတယ်၊ ပြန်လာပြီးတဲ့ အခါမှာတော့ စစ်တပ်ကို မုန်းတဲ့စိတ် ပျောက်သွားပြီး မြန်မာ့နိုင်ငံကို ကယ်တင်မယ့် နအဖ ရဲ့ အကျိုးဆောင်တွေ အဖြစ် နအဖ က နိုင်ငံတကာကို ပြောချင်တာတွေကို နအဖ ကိုယ်စား ပြောပေးနေတာ အခုအထိ တွေ့နေရဆဲပါပဲ။

ဒီလိုနဲ့ နအဖ ဟာ ၁၉၉၇ ခုနှစ်လောက်ကစပြီး ခုနပြောခဲ့တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ ရိဒ် ရဲ့ အကြံပေးချက် အရ နှစ်စဉ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကာလဖြစ်တဲ့ သြဂုတ်လ ကနေ နိုဝင်ဘာလ အတွင်းမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျနီဗာနဲ့ ပြင်သစ်က မြန်မာ သံအမတ်ကြီးများဟာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးမှာ လာရောက် စုစည်းရပါတယ်။ ပြီးတော့ နိုင်ငံတကာက ရောက်လာကြတဲ့ သံတမန်များနဲ့ နယူးယောက်မှာ ရှိကြတဲ့ နိုင်ငံတကာ သံတမန်များကို စစ်အစိုးရ အတွက် ထောက်ခံမှု ရအောင် ရှေ့မျက်နှာ နောက်ထားကာ လနဲ့ချီ စည်းရုံးရေးဆင်း ဆွယ်တရားဟော (Lobby) လုပ်နေခဲ့ကြတာ ယနေ့အထိ တွေ့နေရဆဲပါ။

ဒါပေမယ့် နအဖ ကိုယ်တိုင်လုပ်တာထက် သာမန်အစိုးရနဲ့ မဆိုင်တဲ့ သူများက လုပ်တာ ပိုပြီး ထိရောက်မှု ရှိနိုင်တယ်လို့ အကြံပြုချက် အရ နအဖရဲ့ ပထမ၊ ဒုတိယ၊ တတိယ ပစ်မှတ်တွေကို စုစည်းပြီး တတိယ အင်အားစုကို ၂၀၀၂ ခုနှစ်လောက်မှာ အကောင်ထည် ဖော်ခဲ့ကြပါတယ်။

နိုင်ငံတကာကို စည်းရုံးတဲ့အခါမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရဲ့ အမည်ဟာ စစ်အစိုးရ အတွက် သံတမန်ရေး ထိုးစစ် (နိုင်ငံတကာ ဆက်ဆံရေး ထိုးဖောက်ခြင်း) လုပ်ငန်းကို အကျိုးရှိပါတယ်။ အလားတူ ဦးသန့်ရဲ့ မိသားစု ဝင်တွေဟာလည်း အသုံး အလွန် တည့်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းတွေဟာ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖြုတ်ခံရပြီးတဲ့နောက် ခေတ္တ ရပ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဝါရှင်တန် သံအမတ်ကြီးဟောင်း ဝန်ကြီး ဦးသောင်းရဲ့ တင်ပြချက်အရ အမေရိကန် သမ္မတ အိုဘားမား အစိုးရကို စည်ရုံးမှုတွေ ပြန်လုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်ပြုခဲ့တဲ့ အတွက် ပြည်တွင်းပြည်ပ တတိယ အင်အားစုတွေ ပြန်လည် လှုပ်ရှားခွင့် ရခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွှန့် ပြုတ်ပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်း အားယူ ပေါ်ထွက်လာတဲ့ တတိယ နိုင်ငံရေး အင်အားစုတွေ ထဲမှာ Myanmar Egress ဟာလည်း တခု အပါအဝင် ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်း ကာလတုန်းက အနောက် နိုင်ငံက အမျိုးသမီး သံအမတ် တဦးကလည်း တတိယ အင်အားစုတွေ ပေါ်ထွက်ရေးမှာ အဓိက အားပေးအားမြှောက် ပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သိသိသာသာ ထောက်ခံခြင်းဖြင့် သူတို့ရပ်တည်မှုကို ပြည်တွင်း ပြည်ပက မေးခွန်း ထုတ်လာ ခဲ့ကြပါတယ်။ အစောပိုင်းတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်း (ယခု ကြံ့ဖွံ့ပါတီ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနဲ့ ဒေါက်တာ သန့်မြင့်ဦးကို ဘန်ကောက်မှာ တွေ့ဆုံ ဆွေးနွေး စေတာမျိုးတွေကို Myanmar Egress က ကြားဝင်ပြီး ညှိပေး တာမျိုးတွေ ရှိခဲ့တယ်။

ယမန်နှစ် နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ရဲ့ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီယားနဲ့ တတိယ အင်အားစုတွေ တွေ့ဆုံပြီး သူတို့ အမြင်တွေကို တင်ပြတဲ့ အထိလည်း ခြေလှမ်း ကျယ်ခဲ့ပါတယ်။

မြန်မာ့အရေးကို ကြားဝင်စေ့စပ်ဖို့ ခန့်အပ်ခံခဲ့ရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် နိုက်ဂျီးရီးယားက မစ္စတာ ဂမ်ဘာရီကို မှတ်မိ ကြဦးမှာပါ။ သူ မြန်မာပြည်ကို ပထမဆုံး မသွားခင် ၂၀၀၆ မေလ မတိုင်ခင်လေးမှာ နယူးယောက်က ကုလသမဂ္ဂ ရုံးမှာ ကျင်းပတဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲ ကျိတ်ဝိုင်းလေး ရှိခဲ့ပါတယ်။ အဲဒီပွဲမှာ တက်ခဲ့ သူတွေကတော့ မြန်မာ မဟုတ်တဲ့ သူတွေ များပါတယ်။ ဒါပေမယ့် “မြန်မာ့အရေး ကျွမ်းကျင်သူ” တွေနဲ့ ကုလသမဂ္ဂ အရာရှိတွေပါ။ ဦးသန့်ရဲ့မြေးလည်း တက်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက မေ့ထားလိုက်ဖို့ ဆိုတဲ့ အဆိုကို လူတချို့က တင်ကြတာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ကတော့ ဒါကို နောက်ဆုံးမှာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရည်ရွယ်ချက်က အရင်ထက်စာရင် နည်းနည်းပြောင်းလဲ တာက ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့ အစိုးရ သစ်ကို နိုင်ငံတကာ က အသိအမှတ်ပြု ခံရဖို့နဲ့ မပြောင်းလဲ ခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်ဖို့ စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ဖို့ ဆိုတာတွေပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တီးကွက်အတိုင်း လိုက်က နေကြရတာပါ။

ကျနော့်အနေနဲ့ ပြည်တွင်းပြည်ပ တတိယ အင်းအားစုတွေကို မေတ္တာ ရပ်ခံချင်တာက ပညာတတ်၊ ဂုဏ်သိက္ခာ ရှိသူတွေ အနေနဲ့ အာဏာရှင်ကြီးရဲ့ အသုံးချ ခံနေရမှုကို သတိကြီးကြီး ထားပြီး ဆင်ခြင် သင့်ပါတယ်။ ရာထူးကြီးသူများ ချမ်းသာ ကြွယ်ဝသူများ ပြောစကားတွေထက် အခြေခံ စစ်ဖက် အရပ်ဖက် လူတန်းစားတွေရဲ့ စကားတွေကိုလည်း လေ့လာ နားထောင် သင့်ပါတယ်။ တကယ် မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် အစိုးရကိုရော ဒီမိုကရေစီ အင်အားစု တွေကိုပါ ဝေဖန်ရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်။ အစိုးရဘက်ကချည်း လိုက်ပြောနေတယ် ဆိုရင်တော့ ပညာတတ် ဂုဏ်သိက္ခာ ရှိသူတွေလို့ ယူဆနေကြတဲ့ တတိယ အင်အားစုတွေဟာ မြန်မာနိုင်ငံကို ဒုက္ခရောက်အောင် လုပ်နေကြတယ်လို့ ပြောရပါလိမ့်မယ်။ ။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့