..............................

Wednesday, April 6, 2011

ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်များအကြား မကျေနပ်မှုများရှိ

Tuesday, 05 April 2011

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ထိပ်ပိုင်း ခေါင်းဆောင်များ အကြားတွင် လုပ်ပိုင်ခွင့် အာဏာ ခွဲဝေမှုနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ယင်း အာဏာခွဲဝေမှု ပြဿနာတွင် ယခင်ဝန်ကြီးဖြစ်ခဲ့သော ကြံ့ဖွံ့ပါတီခေါင်းဆောင် များသည် အစိုးရ သစ်တွင် ၀န်ကြီး နေရာ ပြန်လည် မရရှိခြင်းလည်း ပါဝင်သည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းနှင့် လွှတ်တော် အမတ်များက ပြောဆိုကြသည်။

ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသား လွှတ်တော်အမတ် တဦးက “အရင် ၀န်ကြီးဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက လက်ရှိ အခြေအနေကို သိပ်ပြီး ကြိုက်ပုံမရဘူး။ သူတို့က ပါတီမှာပဲ ကျန်ခဲ့တာလေ။ မတ် ၃၀ ရက် အာဏာလွှဲတဲ့ နေ့ကဆိုရင် အစိုးရသစ်မှာ မပါတဲ့ ၀န်ကြီးတွေ အကုန်လုံး မျက်စိပျက်၊ မျက်နှာပျက်နဲ့ လွှတ်တော် တက်ခဲ့ကြတယ်။ သူတို့ ပုံစံတွေ ကြည့်တာနဲ့ကို သိသာပါတယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီတွင် ကျန်ခဲ့သော အစိုးရ ၀န်ကြီးဟောင်းများသည် ပါတီ၏ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများကို ဦးစီး ရမည်ဖြစ်သော် လည်း လက်ရှိ ရင်ဆိုင်နေရသော အခြေအနေကို မရောင့်ရဲ မကျေနပ်နိုင်ဘဲ ဖြစ်နေကြောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် နီးစပ်သည့် ကြံ့ဖွံ့ပါတီ မြို့နယ် ဥက္ကဋ္ဌ တဦးက ပြောဆိုသည်။

“အစိုးရ၀န်ကြီးဘ၀က အဆောင်အယောင်နဲ့ နိုင်ငံတော်ကားစီးခဲ့ရတဲ့ နေရာကနေ ကိုယ်ပိုင် ကားစီးရပြီ ဆိုတော့ အနည်းနဲ့ အများ စိတ်ထိခိုက်တယ်။ ပုံမှန် ရုံးတက်နေတဲ့ ဘ၀ကနေ အရပ်သား ဘ၀ကို ပြန်ရောက်တော့ ဘာလုပ်ရမှန်း မသိ ဖြစ်ကုန်တယ်။ အမိန့်ကို မလွန်ဆန် နိုင်လို့သာ၊ ပြုတ်သွားတဲ့ ၀န်ကြီးတွေက ကျေနပ်ပုံမရဘူး”ဟု ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်း တို့သည် ရန်ကုန်မြို့တွင် လူမှုရေး ဆိုင်ရာ အခမ်း အနားများ တက်ရောက် နေကြပြီး ဧပြီလ၂ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပသော ဖျာပုံမြို့မှ ရေလုပ်သားများ အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်ကာ အလှူငွေ ပေးအပ်ခဲ့ကြောင်း၊ ယင်းသို့ အခမ်းအနား အတူ တက်ရောက် ခဲ့သော်လည်း ဦးဌေးဦးနှင့် ဦးအောင်သိန်းလင်းတို့ နှစ်ဦးမှာ စကားပြောဆိုခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် နေပြည်တော်၌ လွှတ်တော်အစည်းအဝေးများ ကျင်းပချိန်တွင် ကြံ့ဖွံ့ပါတီမှ လွှတ်တော် အမတ်များသည် မိမိတို့ တင်ပြ လိုသော အဆိုများ၊ မေးခွန်းများ၊ ဥပဒေများကို လွှတ်တော်တွင် တင်ပြခွင့် မရကြဘဲ ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကသာ ချထားပေးသည့် မေးခွန်းနှင့် အဆိုများကို မေးမြန်း တင်သွင်းရခြင်း၊ ပါတီ ဗဟိုဦးစီးအဖွဲ့မှ ခွင့်ပြုချက် ယူရခြင်းများ ပြုလုပ်ရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။

“လွှတ်တော်တက်တာလည်း ရက်ကြာလာတော့ ကြံ့ခိုင်ရေးက အမတ်တွေနဲ့ ရင်းနှီးလာတယ်။ အဲဒီတော့ ကျနော်က မေးကြည့် တယ်။ ကြံ့ခိုင်းရေး အမတ်တွေက အဆိုတွေ၊ မေးခွန်းတွေ မတင်ဘူးလား ဆိုတော့ သူက ပြန်ဖြေတယ်။ ကြံ့ခိုင်ရေးမှာက ဗဟိုဦးစီး စနစ် ကျင့်သုံးတယ်။ အဆိုတွေ၊ မေးခွန်းတွေ တင်ချင်တိုင်း တင်လို့မရဘူး။ ဗဟိုက ချပေးတာကို တင်ချင်တင်၊ ကိုယ်တင်ချင်တာ ဆိုရင် ဗဟိုက ခွင့်ပြုချက် ယူရမယ် ပြောတယ်”ဟု အထက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ်အများစုသည် လွှတ်တော်တွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရခြင်းနှင့် ပါတီတွင်း ဗဟို ဦးစီး စနစ်ဖြင့် အုပ်ချုပ်မှုများ အပေါ် လွန်စွာ စိတ်ပျက်လျက် ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။

“ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်ဆိုပေမယ့် တချို့ကစီးပွားရေး လုပ်ငန်းရှင်တွေ၊ ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေ၊ ဗိုလ်မှူးကြီး
ဟောင်းတွေ ပါတယ်။ တက္ကသိုလ်က ပါမောက္ခဟောင်း တွေလည်း ပါတယ်။ သူတို့ကတော့ လွှတ်တော်မှာ ဘာမှ လုပ်ခွင့်မရတာ စိတ်ပျက်တယ်လို့ ညည်းတယ်။ ပါတီက အရင် မဆလ ပါတီလို ပုံစံမျိုး ဖြစ်နေတယ်လို့ ပြောတယ်။ သူတို့က အဲဒီစနစ်ကို သဘော မတူ၊ မကြိုက်ဘူး”ဟု တိုင်းရင်းသား လွှတ်တော်အမတ် တဦးက ပြောသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့