..............................

Friday, June 18, 2010

ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသားပြဿနာကို ဖြေရှင်းနိုင်သူဖြစ်

မြတ်ခိုင်ဦး / ၁၇ ဇွန် ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်သာလျှင် တိုင်းပြည်၏ အမျိုးသားရေး၊ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည့် ယနေ့ ကာလ၏ တဦးတည်းသော အမျိုးသား ခေါင်းဆောင်ဖြစ်ကြောင်း ဖယ်ခုံမြို့နယ် အမတ် ခွန်မားကိုဘန်းက ယနေ့ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့ အကြို အခမ်းအနားတွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ကယားပြည်နယ်ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်း အစိုးရ ဖက်ဒရယ် ရေးရာဝန်ကြီး ကယား အမျိုးသား ခွန်မားကိုဘန်းက “မြန်မာပြည်မှာ အဓိက လူမျိုးကြီး တိုင်းရင်းသား (၈) မျိုးရှိတယ်။ ဒီလူတွေ အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ခေါင်းဆောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေး ခေါင်းဆောင်ဖြစ်တယ်။ သူတို့ရဲ့ ပွင့်လင်း ရိုးသားမှုကြောင့် အမျိုးသား ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုတာဖြစ်တယ်” ဟု ပြောဆိုသည်။

ဇွန် (၁၉) ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်း ခန်းမ၌ကျင်းပရာ ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ရွန်ဟက် (ဖ်) မန်း အပါအဝင်၊ အမေရိကန်နှင့် ချက်(ဗ်) သံရုံးတို့မှ သံအရာရှိများ၊ ဒီမိုကရေစီနှင့် အမျိုးသားရေး တပ်ပေါင်းစု (၁၀) ဖွဲ့မှ ခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ အထက်လွှတ်တော်နှင့် မြန်မာ့ရေးရာ အရှေ့တောင် အာရှ လွှတ်တော် အမတ်များ ဥက္ကဋ္ဌ ခရိုင်ဆတ်ချွန်ဟာဗန်တို့ တက်ရောက်ကြသည်။

အခမ်းအနားတက်ရောက်သည့် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း “သူမဟာ အိမ်အကျယ်ချုပ် ကျနေပေမယ့် လူတွေကတော့ သူမမွေးနေ့ကို ကျင်းပနေကြတယ်။ သူမရဲ့သဘောထား အမြင်အားလုံးဟာ မြန်မာပြည်သူတွေကို ကိုယ်စား ပြုနေတာပဲဖြစ်တယ်။ ကျမတို့အားလုံး လိုလားတာကတော့ မြန်မာပြည်သူတွေဟာ သူတို့ နှစ်သက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲပဲ လိုလားပါတယ်” ဟု မွေးနေ့ဆုတောင်းတွင် ထည့်သွင်း ပြောကြားသွားသည်။

ကနေဒါသံအမတ်ကြီးနှင့် အမေရိကန်၊ ချက်(ဗ်) သံရုံးတို့မှ ဆုတောင်းစကားများ ပြောကြားပြီးနောက် ခရိုင်ဆတ်ချွန်ဟာဗန်က အရှေ့တောင်အာရှ အမတ်များ၏ ဒေါ်အောင်ဆန်းစု ကြည်မွေးနေ့ ဆုတောင်း သဝဏ်လွှာများကို စုစည်းတင်ပြသည်။

၎င်းက “ကျနော်တို့ဟာ ဒီလိုမွေးနေ့ပေါင်းများစွာကို သူမ မပါဘဲ၊ သူမကို လက်ဆွဲနှုတ်ဆက်ခွင့် မရဘဲ ကြိမ်ဖန်များစွာ ကျင်းပ ခဲ့ရပါတယ်။ ဒါဟာ အလွန့်အလွန်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ ထိုင်းနိုင်ငံထဲမှာ မြန်မာပြည်သားတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ဒီလိုနေခွင့်ရရုံမက အလုပ်လုပ်ကိုင်ခွင့်၊ လူ့အခွင့်အရေးနဲ့ ပညာသင်ကြားခွင့်တွေလည်း ပိုမိုရရှိသင့်ပါတယ်” ဟုလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့နောက် အခမ်းအနားတွင် မေလ (၂၇) ရက်နေ့မှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြုလုပ်ခဲ့သည့် “လူထုရွေးကောက်ပွဲနှင့် စစ်တပ်မှ ရွေးချယ်ပွဲ” ဟုဆိုသော ရွေးကောက်ပွဲအပေါ် သဘောထားရလဒ်အား တပ်ပေါင်းစု ကိုယ်စားလှယ်နှစ်ဦးက ရှင်းလင်းတင်ပြရာ နိုင်ငံပေါင်း (၁၃) နိုင်ငံ၌ လူပေါင်း (၃၉,၀၀၀) ကျော်က ပါဝင်ဆန္ဒပြု ထုတ်ဖော်ကြောင်း သိရသည်။

ညနေပိုင်းတွင် “မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ၏ အသံများ” ဆိုသည့် မြန်မာ အမျိုးသမီးများ၏ ရင်တွင်း ခံစားချက်များကို တင်ပြထားသည့် စာညွှန်းနှင့် ဝတ္ထုတိုပေါင်း (၁၁၁) ပုဒ်ပါဝင်သည့် စာအုပ်ကို မွေးနေ့အထိမ်းအမှတ် အဖြစ် အာဆီယံ စင်ပြိုင် (Altsean) အဖွဲ့ကြီးက ထုတ်ဝေလိုက်သည်။

အဆိုပါစာအုပ်သည် ရေခြားမြေခြားအပါအဝင် ယနေ့မြန်မာအမျိုးသမီးထု တရပ်လုံးခံစားနေရသည့် အရေး အရာများကို ထင်ဟပ် ဖော်ပြထားပြီး “သမီးရဲ့မိဘနှစ်ပါးက သမီးကို ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့ကြပါတယ်။ သမီးမှာ အစ်ကိုနှစ်ယောက်လည်း ရှိပါတယ်။ သူတို့ကိုလည်း ထိုင်းနိုင်ငံမှာပဲ မွေးဖွား ခဲ့ကြတာပါ။ ဒါပေမယ့် သမီးတို့က ထိုင်းလူမျိုးတော့ မဟုတ်ကြပါဘူး။ မြန်မာနိုင်ငံက လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ပါတယ်” စသော သန့်ရှင်း ပွင့်လင်းမှုများဖြင့် ရေးဖွဲ့ထားသော အမျိုးသမီးများ၏ အသံကို ကိုယ်စားပြုကြောင်း တွေ့ရှိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့