..............................

Tuesday, June 15, 2010

နိုင်ငံရေး ပါတီရုံးများ ဆိုင်းဘုတ် တင်ခြင်းနှင့် စည်းရုံးခြင်း လုပ်ငန်းများ စတင်

နရီလင်းလက်
Monday, June 14, 2010

ရွေးကောက်ပွဲ ၀င်မည့် နိုင်ငံရေး ပါတီအများစု ပါတီဆိုင်းဘုတ် တင်ခြင်းနှင့် ရုံးချုပ် ဖွင့်လှစ်ကာ စည်းရုံးခြင်း လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း တာဝန်ရှိသူများ ထံမှ သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင်က “မန္တလေး၊ စစ်ကိုင်း၊ ပုသိမ်ဘက်တွေမှာ စည်းရုံးရေးတွေ ဆင်းပြီး စလှုပ်ရှားနေပါပြီ။ ပါတီဝင်ကြေး ၅၀၀ ကျပ်၊ လစဉ်ကြေးက တလကို ၁၀၀ ကျပ် သတ်မှတ် ထားတယ်” ဟု ပြောသည်။

လက်ရှိ နိုင်ငံရေး ပါတီများအနေနှင့် ၁၉၉၀ ရွေးကောက်ပွဲ ကာလက ကဲ့သို့ မဲဆွယ် စည်းရုံးရေးဆင်း လုပ်ငန်းများ ပြုလုပ်ရန် အချိန်ဇယား မထွက်သေးသဖြင့် အချိန် ခန့်မှန်းရခက်ခဲနေခြင်း၊ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်နေသောကြောင့် ပြည်သူလူထုမှာ နိုင်ငံရေးနှင့် ကင်းကွာမှုများနေသဖြင့် စည်းရုံးရ ခက်ခဲခြင်းတို့ ကြုံတွေ့နေရသည်ဟု ဦးအေးလွင်ကပြောသည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီ နှစ်ခုပေါင်းပြီး အမှတ် ၁၆၉၊ ပထမ ထပ်၊ အမှတ် (၁) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ ကမာရွတ်မြို့နယ် ဆင်ရေတွင်း မှတ်တိုင်အနီးတွင် ရုံးချုပ် ဖွင့်လှစ်ထားသည်ဟု သိရသည်။

“ဇွန်လ ၂၀ ရက်နေ့ကျရင် စစ်ကိုင်းတိုင်းမှာ တိုင်းရုံး ဖွင့်ဖို့ ရှိတယ်” ဟု ဦးအေးလွင်က ဆက်ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း “ဇွန် ၁ ရက်နေ့ကစပြီး ရက်ပေါင်း ၁၀၀ စီမံချက်နဲ့ မန္တလေး၊ စည်းရုံးရေး ဆင်းနေတယ်။ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းတိုင်း ၃ တိုင်းအတွက် မန္တလေးရုံးချုပ်က တာဝန်ယူပြီး စည်းရုံးရေး ဆင်းမယ်။ ဦးရွှေအုန်းက တာဝန်ယူပြီး တောင်ကြီးမှာ ရုံးခွဲတွေဖွင့်မယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည် စာရင်းကို မည်သည့် ရက်တွင် တင်သွင်းရမည် ဆိုသည်နှင့် ရွေးကောက်ပွဲကျင်းပမည့် ရက်ကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ပါတီများ တည် ထောင်ရသည့် အချိန်ကာလ နည်းပါးသောကြောင့် နိုင်ငံရေးပါတီများ အနေနှင့် ပြင်ဆင်ချိန်ကာလ မလုံလောက်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီရုံးချုပ်ကို အမှတ် ၂၃၄၊ ပထမထပ်/ ယာ ၊ ကျိုက္ကဆံလမ်းမ၊ တာမွေမြို့နယ်တွင်ဖွင့်လှစ် ထားသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အတွင်းရေးမှူး ဦးနေမျိုးဝေက “စည်းရုံးရေးကို အပိုင်း ၃ ပိုင်းနဲ့ ဆင်းတယ်။ အပိုင်း ၁ က သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ စုဆောင်းဖို့။ အဲဒါကတော့ ၁၀၀၀ ကျော်သွားပြီ ဖြစ်တဲ့အတွက် ပထမပိုင်း ပြီးသွားပါပြီ။ ကိုယ်စားလှယ် ရှာဖွေတဲ့ အပိုင်းနဲ့ ပါတီ အယူအဆ သဘောထားတွေကို ပြန့်ပွားစေတဲ့ အပိုင်းတွေကတော့ ဆက်လုပ် နေတုန်းပါ ” ဟု ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အနေနှင့် ဘိုကလေးမြို့နယ်မှ ပါတီဝင်ဦးရေ ၁၀၀၀ ကျော် ရရှိထားပြီး ဇွန်လ ၁၉ ရက်နေ့တွင် ဘိုကလေး မြို့နယ်တွင် ပါတီရုံးခွဲ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

“ပါတီဝင်ကြေး လုံးဝမကောက်ပါဘူး။ ပြည်သူတွေက နိုင်ငံရေးပါတီဆိုတာနဲ့ ကြောက်လန့် နေကြတော့ ဒါကိုအရင် ပျောက်အောင် လုပ်နေရတယ်။ ဘိုကလေးမှာ စည်းရုံးရေး ဆင်းလို့ရတယ် ဆိုတာကလည်း ကျနော်ရေးထားတဲ့ ဆောင်းပါးတွေ၊ အင်တာဗျူးတွေ၊ မိတ္တူကူပြီး ဖြန့်တဲ့နည်းနဲ့ လုပ်ထားလို့၊ မဟုတ်ရင် မလွယ်ဘူး။ ရုံးချုပ်ရှိတဲ့ မင်္ဂလာဒုံမှာတောင် ပါတီဝင် ၁၄၊ ၁၅ ယောက်ပဲရှိတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ရုံးချုပ်ကို အမှတ် ၂ /၂၃၂၊ မဟော်ဂနီလမ်း၊ ထောက်ကြံ့ တိုးချဲ့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့