..............................

Wednesday, June 16, 2010

ထိုးစစ်မလာစေရန် စစ်ဦးချိုးခြင်းဖြစ်ဟု KNLA ပြော

ကျော်ခ
အင်္ဂါနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရတပ်များက ထိုးစစ်ဆင်မည်ဟူသော သတင်းကြောင့် လက်ဦးမှု အရယူကာ စစ်ဦး ကျိုးစေရန်အတွက် တိုက်ခိုက်မှု လုပ်ခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အစည်းအရုံး KNLA က ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကော့ကရိတ်မြို့နယ် ဒေသတွင်း၌ လှုပ်ရှားနေသည့် စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချုပ် - စကခ ၈ လက်အောက်ခံ တပ်များက ကရင် အဖွဲ့အပေါ် တိုက်ခိုက်ရန် စီစဉ်နေခြင်းကြောင့် ရက်သတ္တပတ် တပတ်အတွင်း ခြုံခို တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကရင်တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်ရန် နေပြည်တော်က ညွှန်ကြားမှုများ ရှိခဲ့သည်ဟု ထောက်လှမ်းရေး သတင်းများကို ကိုးကား၍ KNLA တပ်မဟာ ၆ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီးထဲနေက ပြောသည်။

ယမန်နေ့က မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် ခြေမြန်တပ်ရင်း ၂၈၄ ၏ အင်အား ၆ဝ ခန့်နှင့် ကရင်ပြောက်ကျား တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရ တပ်ဘက်မှ စစ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း KNLA ကပြောသည်။ သီးခြား အတည်ပြုချက် မရနိုင်ပါ။

ထို့အပြင် ယခုလ ၁ဝ ရက်နေ့က စကခ ၈ လက်အောက်ခံ တပ်ရင်းများနှင့် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတခုတို့ တိုက်ပွဲ ဖြစ်ပွားရာ အစိုးရ တပ်ဘက်က ကျဆုံးမှု ၁၃ ယောက်ရှိခဲ့ပြီး ၂၁ ဦးဒဏ်ရာရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဘုရားသုံးဆူနှင့် သံဖြူဇရပ်သို့ သွားသည့် ကားလမ်းမပေါ်တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားတစီးထဲသို့ ကရင်ပျောက်ကြား များက လက်ပစ်ဗုံးများဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထိုနေ့မှာပင် ဘုရားသုံးဆူမြို့နယ်တွင်းရှိ မြိုင်သာယာ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးရာ နအဖတပ်က တဦးသေ၍ သုံးဦး ဒဏ်ရာရသည်ဟု KNLA ဘက်က ပြောသည်။

“ကျနော်တို့ဘက်က ပြောက်ကျားဆိုတော့ ၂-၃ ယောက်လောက်နဲ့ ထိအောင်ပစ်၊ လွတ်အောင်ရှောင်၊ လုံအောင် ပုန်းပဲဟာ။ နယ်မြေ အရလည်း ကျွမ်းပြီးသားလေ” ဟု ဗိုလ်ကြီးထဲနေက ပြောသည်။

လေ့လာသူများအဆိုအရ ကရင်လက်နက်ကိုင်တပ်များသည် ပျောက်ကြားစစ်တွင် ပိုမိုကျွမ်းကျင်မှု ရှိပြီး နယ်မြေခံ လူထု၏ ထောက်ခံမှု ပိုမို ရခြင်းကြောင့် ပျောက်ကြားစစ်တွင် အသာ ရလေ့ရှိသည်။

KNLA သည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ် ၆ဝ ကျော် လက်နက်ကိုင်တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး၏ စစ်တပ်ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့