..............................

Sunday, June 13, 2010

မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသား စီစစ်ရေးဌာန ဖွင့်လှစ်

ဥဆာ ဖိချိုင်း
သောကြာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများသည် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် နိုင်ငံသား စီစစ်ရေးဌာနတခု ထားရှိပေးမည့် ထိုင်း အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆို လိုက်ကြသည်။

သို့သော် ထိုအစီအစဉ်သည် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းပေးနိုင်ခြင်းမျိုး မဟုတ်သေးကြောင်း သတိပေး ပြောကြား ခဲ့သည်။

မြို့တော်ဘန်ကောက်တောင်ဘက် ပင်လယ်ကမ်းခြေတခုဖြစ်သော စမတ်ဆခွန်ဒေသတွင် အလုပ်လုပ်သည့် မွန်လူမျိုး ဝမ်ချိုင်းက ထိုင်းနှင့် မြန်မာ အစိုးရတို့ ပူးပေါင်း၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ပထမဆုံးသော နိုင်ငံသား စီစစ်ရေးဌာနအား ရနောင်းတွင် ထားရှိမည့် အစီအစဉ်ကြောင့် ဝမ်းသာ ကျေနပ်မိကြောင်း မဇ္ဈိမကို ပြောခဲ့သည်။

သူသည် နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်အတွက် ရနောင်းမြို့သို့ လာမည့်လတွင် သွားရောက်ရန် စီစဉ်ထားသော်လည်း ခရီးစဉ်အတွက် ကုန်ကျ စရိတ်နှင့် ခရီးစဉ်တလျှောက် ကြုံတွေ့နိုင်သည့် အခက်အခဲများ အတွက် စိုးရိမ်ပူပန်မှု ရှိကြောင်း ပြောသည်။

“မြစ်ကိုဖြတ်ပြီး ကော့သောင်းအထိ သွားစရာတော့ မလိုတော့ဘူး” ဟု ဝမ်ချိုင်းက လှေဖြင့် ကျန်းမြစ် (Kyan River) ကို ဖြတ်၍ ရနောင်းမြို့မှ မြန်မာနိုင်ငံဘက် ကော့သောင်းမြို့ကို သွားရမည့် ခရီးစဉ်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

သူက “ဒါပေမဲ့ ရနောင်းကို သွားဖို့အတွက်က ကုန်ကျစရိတ်တွေ ရှိမယ်။ နောက်ပြီး လမ်းမှာ ထိုင်းအရာရှိတွေရဲ့ ဖမ်းဆီးမှု ခံရနိုင်တာတွေ ရှိတယ်။ အဲလို အဖမ်းခံရရင်လည်း ပိုက်ဆံကုန်ဦးမှာ ဆိုတော့ ပိုက်ဆံကုန်မှာချင်းအတူတူ လမ်းမှာ အဖမ်း မခံရအောင် လုပ်ပေးမယ့် ပွဲစားတွေကို ပိုက်ဆံပေးပြီးတော့ပဲ သွားတော့မယ်” ဟု ပြောသည်။

စမတ်ဆခွန်တွင် အခြေစိုက်သည့် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ယက်မှ ဒါရိုက်တာ Sampong Sakaew ကမူ ထိုပြဿနာများ ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ရွှေ့ပြောင်းလုပ်သား အများအပြားနေထိုင်သော ဘန်ကောက်၊ စမတ်ဆခွန်၊ ချင်းမိုင်နှင့် မဲဆောက်မြို့များ၌ပါ နိုင်ငံသား စီစစ်ရေးဌာနများ ထားရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ပြောသည်။

“ရနောင်းမှာ စီစစ်ရေးဌာန ထားပေးမယ့် အစီအစဉ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ ရနောင်းကို ပို့ဆောင် ပေးမယ့် ပွဲစားတွေရဲ့ လိမ်လည်လှည့်ဖျားမှုကို ခံရနိုင်တာမျိုးတွေ ရှိနေသေးတယ်။ တကယ်လို့ စီစစ်ရေးဌာနတွေကို သူတို့နေတဲ့ နေရာနဲ့ အနီးတဝိုက်မှာ ထားပေးနိုင်မယ် ဆိုရင်တော့ ပွဲစားမပါဘဲ သူတို့ကိုယ်တိုင် သွားရောက် လုပ်ဆောင်နိုင်မှာပါ။ ပြီးတော့ လုပ်ရကိုင်ရတာ ပို အဆင်ပြေပါလိမ့်မယ်” ဟု သူက ပြောသည်။

ထိုင်းနှင့် မြန်မာက မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းတွင် ပထမဆုံးသော နိုင်ငံသားစီစစ်ရေး ဌာနကို ရနောင်းဆိပ်ကမ်း မြို့ရှိ စပန် ပလာရွာတွင် ထားရှိရန် ဆုံးဖြတ် ခဲ့ပြီးနောက် ရွှေ့ပြောင်း လုပ်သားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှား သူများက ထိုကဲ့သို့ ထင်မြင်ချက်များ ပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာနမှ လက်ထောက် ဒါရိုက်တာ စူဖတ်ကူခွန်က ထိုင်းအစိုးရသည် လက်ရှိ မုတ်သုန်ရာသီ အတွင်း နိုင်ငံသား စီစစ်ရေးအတွက် မြစ်ကိုဖြတ်၍ မြန်မာနိုင်ငံသို့ သွားရောက်ကာ ပြုလုပ်ကြရမည့် အလုပ်သမားများ၏ လုံခြုံမှုကို စိုးရိမ်သဖြင့် ရနောင်းမြို့တွင် ယခုကဲ့သို့ စီစစ်ရေးဌာန ဖွင့်လှစ်ပေးရန် မြန်မာ အစိုးရနှင့် ပူးပေါင်း၍ စီစဉ်ခဲ့ကြောင်း ပြောခဲ့သည်။

“မြန်မာအစိုးရဘက်ကလည်း ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို တရားဝင် သဘောတူလိုက်တဲ့အတွက် ဒီနှစ် ဇူလိုင် လကနေ အောက်တိုဘာ လအတွင်း စီစစ်ရေး အရာရှိ အယောက် ၂ဝ ကို ထိုင်းနိုင်ငံကို စေလွှတ် ပေးပါလိမ့်မယ်။ အဲဒီအရာရှိတွေဟာ တနေ့ကို အလုပ်သမား ၈ဝဝ အတွက် နိုင်ငံသားစီစစ်ရေး ကိစ္စတွေ ဆောင်ရွက် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု စူဖတ်ကူခွန်က ပြောကြားခဲ့ပြီး နိုင်ငံသား စီစစ်ရေးကိစ္စ ဆောက်ရွက်ရမည့် သက်တမ်း တိုးပေးရန်လည်း ဆွေးနွေးကြဖွယ်ရာ ရှိသည်ဟု ပြောကြားခဲ့သည်။

ရနောင်းတွင် ထားရှိပေးမည့် စီစစ်ရေးဌာနသည် အနာဂတ်ကာလတွင် အခြား နယ်စပ်ဒေသများအတွက် စံနမူနာ ဖြစ်လာဖွယ် ရှိသည်ဟု စူဖတ်ကူခွန်က ပြောခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ ဆက်ဆံရေးဌာန၏ ဝဘ်ဆိုဒ်ရှိ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရနောင်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး နီရီဝပ် ဖွန်နဂန် က ထိုစီစစ်ရေးဌာနသည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံး အတွက် အကျိုး ရှိစေမည်ဖြစ်ပြီး ထိုစီစဉ်ဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး ချောမွေ့ အဆင်ပြေမှု၏ ရောင်ပြန်ထင်ဟပ်မှုပင် ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာန၏ မကြာခင်က စာရင်းဇယားအရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား ခန့်မှန်းခြေ ၂ သန်းခန့် ရှိသည့်အနက် ယခုနှစ် အစောပိုင်း နိုင်ငံသားစီစစ်ရေး အစီအစဉ်များ စတင်သည့် အချိန်မှစ၍ ၈၂၇၆၇ ဦးသည် စီစစ်ရေး လုပ်ငန်း ကိစ္စများအတွက် ခရီးသွားခဲ့ကြပြီး ယာယီ ပတ်စ်ပို့ လက်မှတ်များ ထုတ်ယူခဲ့ကြသည်။

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမား ခန့်ထားရေးဌာနက ထုတ်ပြန်ရာတွင် နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ် အတွက် ပြင်ဆင်မှုများသည် အတော်အသင့် ခရီးရောက်နေပြီး တရားမဝင် အလုပ်လုပ်ကိုင်မှုများ အဆုံးသတ် စေရန်အတွက် ကော်မတီတရပ် ဖွဲ့စည်းကာ ယခုနှစ်ကုန်တွင် ပြဋ္ဌာန်းဖွယ်ရှိသည့် ဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရားမဝင် အလုပ် သမားများအား အသစ်ရောက်ရှိလာမည့် တရားဝင် အလုပ်သမားများနှင့် အစား ထိုးတော့မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရားမဝင် အလုပ်သမား ၁၁၄၃၆ ဦး အကျဉ်းကျခံခဲ့ရပြီး တရားမဝင် အလုပ်ခန့်ထားသူ အလုပ်ရှင်ပေါင်း ၁၅၁၈ ဦး ဖမ်းဆီး ခံခဲ့ရသည်။

သို့ရာတွင် လေ့လာသုံးသပ်သူများက ထိုကိန်းဂဏန်းသည် အမှန်တကယ် အဖမ်းခံခဲ့ရသည့် တရားမဝင် အလုပ်သမား အရေ အတွက်ထက် များစွာ လျော့နည်းနေသည်ဟု သုံးသပ် ပြောဆိုခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် ထိုင်းနိုင်ငံ လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) တို့ ယခုလ အစောပိုင်းက ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပူးတွဲ ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်ထဲတွင်လည်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားများ အရေးကို ဖော်ပြထားသည်။

ထိုကြေညာချက်ကို ကုလသမဂ္ဂက ၁၄ ပိုင်းခွဲကာ ကျင်းပခဲ့သည့် လူ့အခွင့်အရေး အစည်းအဝေး၏ ရွှေ့ပြောင်းနေထိုင် သူများ၏ လူ့ အခွင့်အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် HRW နှင့် HRDF တို့က ပူးတွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကုလသမ္မဂ္ဂမှ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးသတင်းထုတ်ပြန်ရေးဌာနက ထိုင်းအစိုးရထံသို့ ယမန်နှစ်နှင့် ယခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ အရေးတကြီး အသိပေးစာ ၄ စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၄ စောင်မှာ (၁) လာအိုများကို နှင်ထုတ်ခြင်းနှင့် ပတ်သက်၍ (၂) ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ (၃) ရိုဟင်ဂျာများအပေါ် ဆိုးရွားစွာ ဆက်ဆံမှုနှင့် ပတ်သက်၍ (၄) ရွှေ့ပြောင်း အလုပ်သမားများ လုပ်ငန်းခွင်တွင် ဒဏ်ရာ ရရှိသည့်အခါ ရည်ရွယ်ချက်ရှိရှိဖြင့် ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ သတိပေးချက်များ အပေါ် ဘန်ကောက်အစိုးရက ပထမ ကိစ္စနှင့် တတိယ ကိစ္စ အပေါ်တွင်သာ ပြန်ကြားခဲ့သည်။

၂ဝဝ၃ ခုနှစ်ကတည်းက ထိုင်းနှင့် မြန်မာ သဘောတူညီခဲ့ပြီး ပြီးခဲ့သည့်နှစ်မှ စတင်အကောင်အထည် ဖော်ခဲ့သည့် နိုင်ငံသား စီစစ်ရေး မူဝါဒသည် တရားမဝင်သော ရွှေ့ပြောင်း နေထိုင်မှုများကို ကိုင်တွယ်ရန် အတွက်ဆိုသည့် ရည်မှန်းချက်ဖြင့် လုပ်ဆောင်သော်လည်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း စဉ်းစားထားခြင်း မရှိဟု HRW နှင့် HRDF ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရမည့်အစား အစုလိုက်အပြုံလိုက် နှင်ထုတ်မည့် အရိပ် အယောင်များမှာ သိသာစွာ ပေါ်လွင်နေပြီး မှတ်ပုံတင်နိုင်မည့် အလုပ်သမားများအတွက်သာ အစီအစဉ်များက အဆင်ပြေပေလိမ့်မည်။ တရားဥပဒေနှင့် မညီညွတ်သော ပွဲစားများအတွက်လည်း ပွဲခ မတန်တဆရမည့် အခွင့်အလမ်းများ ဖြစ်ပေါ်လာနိုင်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ အထူး သတင်းထုတ်ပြန်ရေး ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များကို ထောက်ခံပြီး ထိုင်းနိုင်ငံမှ နိုင်ငံသား စီစစ်ရေးမူဝါဒ အကောင်အထည် ဖော်နေခြင်းအပေါ် ဆက်လက်စောင့်ကြည့်ရန် တောင်းဆိုပါသည်” ဟု ပူးတွဲ ကြေညာချက်တွင် ပါရှိသည်။

HRW က ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို မြှင့်တင်ကာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် ညီသော ကတိကဝတ်များကို လိုက်နာစောင့်ထိန်းလာစေရန် အပြုသဘော ဆောင်သော အကူအညီများ ပေးနိုင်ရေး အတွက် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာ အကူအညီပေးမှုကို လေးနက်စွာ ထောက်ခံပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆောင်ရွက်မှုကိုလည်း ထောက်ခံထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့