..............................

Tuesday, June 15, 2010

အခြေခံဥပဒေကို အလွယ်တကူ ပြင်၍ မရဟု ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ပြော

မိုးမခအထောက်တော် အမှတ် ၀၀၂
ဇွန် ၁၄၊ ၂ဝ၁ဝ

အခြေခံဥပဒေတခုကို အလွယ်တကူ ပြင်ဆင်၍ ရမည်မဟုတ်ဟု နှစ် အတန်ကြာ ငြိမ်သက်နေသည့် နိုင်ငံရေးသမားကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက ပြောလိုက်သည်။

အင်္ဂါနေ့ထုတ် True News ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ် လို့ ပြောဆိုနေကြတဲ့ အပေါ် ကိုယ့်အမြင်ကို ပြောရရင် ကိုယ်ကိုယ်တိုင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆွဲတုန်းက ပါဝင်ခဲ့တဲ့ အတွေ့အကြုံ ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကို လွယ်လွယ်ကူကူနဲ့ ရေးဆွဲပြီး အတည်ပြုလို့ မရသလို အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကိုလည်း လွယ်လွယ်ကူကူ ပြင်ဆင်တာတို့ ဖြည့်စွက်တာတို့ လုပ်လို့ မရပါဘူး” ဟု ဦးအောင်ကြီးက ပြောသည်။

စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသည့် အခြေခံ ဥပဒေသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးကို အဟန့်အတား ဖြစ်နေသည့်အတွက် နိုင်ငံရေးသမား အများအပြားက ကန့်ကွက်လျက်ရှိသည်။

နိုင်ငံရေးသမား တချို့ကလည်း ထိုအခြေခံဥပဒေကို လွှတ်တော်တွင် ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ ၀င်ရေး အတွက် စီစဉ်နေကြသည်။

ဤအချိန်တွင် ဦးအောင်ကြီးက ပြင်ဆင်ရန် ခက်ခဲကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထောင်ရန် အစီအစဉ် လုံးဝ မရှိ ဟုလည်း ဆိုသည်။

သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတပါက “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပိုမို တိုးတက် ကောင်းမွန် လာစေမယ်” ဟုလည်း ပြောလိုက်သည်။

နိုင်ငံရေး အကဲခတ် အများစုက ထိုရွေးကောက်ပွဲသည် မျှတမည်မဟုတ်ဟု ယုံကြည် နေကြသည်။

ဦးအောင်ကြီးသည် ၁၉၆၂ စစ်အာဏာသိမ်း ခေါင်းဆောင် တဦး ဖြစ်သည်။ အာဏာရှင် ဦးနေ၀င်းက သူ့ကို ရာထူးမှ ဖြုတ်ပြီး အကြိမ်ကြိမ် ထိန်းသိမ်း ခဲ့သော်လည်း သူက ဦးနေ၀င်းအပေါ် သစ္စာ မပျက်ခဲ့ဟု သိရသည်။

၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွင် ဦးအောင်ကြီး၏ အမည်သည် ပိုမို ထင်ရှားလာသည်။ ထိုကာလ မတိုင်ခင်က စစ်အစိုးရထံသို့ သူပေးပို့သည့် မြန်မာပြည် အခြေအနေ ဆိုင်ရာ အိတ်ဖွင့် ပေးစာများမှာ အလွန် ထင်ရှားခဲ့သည်။

ထိုလှုပ်ရှားမှုကို စစ်တပ်က ချေမှုန်းအပြီးတွင် ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ အုပ်စု သုံးခုဖြင့် NLD ကို စတင် ဖွဲ့စည်းခဲ့ရာ ထိုနိုင်ငံရေး အတွဲကို “အောင်၊ စု၊ တင်” ဟု ထိုစဉ်က ခေါ်ကြသည်။ အုပ်စု တခုမှ ၁၄ ဦးစီ စုပေါင်းပြီး ဖွဲ့ကြခြင်း ဖြစ်သည်။

မကြာမီမှာပင် ဦးအောင်ကြီးက NLD ခေါင်းဆောင်ပိုင်းတွင် ကွန်မြူနစ်များ ရှိနေသည်ဟု စွပ်စွဲသဖြင့် အဖွဲ့အတွင်း ပဋိပက္ခ ဖြစ်ခဲ့သည်။ ၂ လကျော်အကြာတွင် အစည်းအဝေးလုပ် မဲခွဲ ဆုံးဖြတ်ရာ ရှုံးနိမ့်သွားသည့် ဦးအောင်ကြီးတို့ အုပ်စု NLD မှ ထွက်သွားသည်။

ထို့နောက် ပြည်ထောင်စုအမျိုးသားများဒီမိုကရေစီပါတီ (UNDP) ကို တည်ထောင်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်သည်။ မဲဆန္ဒနယ် ၂၅၀ တွင် ၀င်ပြိုင်ရာ တနယ်တွင် အနိုင်ရခဲ့သည်ဟု ဆိုသည်။

၁၉၁၉ ခုနှစ်ဖွား ဦးအောင်ကြီးသည် ပဲခူးတိုင်း ပေါင်းတည်မြို့ ဇာတိ ဖြစ်သောကြောင့် စာရေးသည့်အခါ သခင်အောင်ကြီး (ပေါင်းတည်) ကလောင်အမည်ဖြင့် ရေးလေ့ရှိသည်။

သူ၏ အမည်ဖြင့် ထုတ်လုပ်သည့် “အောင်ကြီးကိတ်” သည် တချိန်က ရန်ကုန်တွင် အောင်မြင် ထင်ရှားသော အစားအစာ လုပ်ငန်းကြီး ဖြစ်ခဲ့သည်။

Ref: မိုးမခ

0 comments:

အပေါ်သို့