..............................

Thursday, June 17, 2010

‘၀’ဒီမိုကရက်တစ်ပါတီ လူထုအတွက်မဟုတ်ဟု သြဇာရှိ ‘၀’ ခေါင်းဆောင် တဦးဝေဖန်

Wednesday, 16 June 2010

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ၀ နိုင်ငံရေးပါတီ ၂ ခု အနက် ‘၀’ ဒီမိုကရက်တစ်ပါတီ WDP သည် ၀ လူထု အတွက် ရပ်တည်မည့် ပါတီမဟုတ်ကြောင်း ၀ အသိုင်းအ၀ိုင်းမှ သြဇာရှိသူ တဦးက ပြောကြားလိုက် ပါသည်။
“ကျနော်တို့ ၀ အမျိုးသားတွေရဲ့နာမည်ကို ပါတီနာမည် သုံးထားတဲ့ ပါတီ ၃ ခု ရှိတယ်။ ၀ ပြည်သွေးစည်းရေး ပါတီကတော့ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူး၊ ကျန် ၂ ပါတီထဲက တစ်ပါတီကတော့ ကြံ့ခိုင်ရေး အသင်းကနေ ဆင်းသက်လာလို့ ၀ လူထုအတွက် ရပ်တည်တဲ့ ပါတီ မဟုတ်ဘူး”- ဟု အမည်မဖေါ် လိုသည့် အထင်ကရ ၀ လူထု ခေါင်းဆောင်တဦးက ပြောပါသည်။

၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ ၀ နိုင်ငံရေးပါတီ ၃ ခုရှိသော်လည်း ဦးပေါက်ယူချမ်း ဦးဆောင်သည့် ၀ပြည် သွေးစည်းရေး ပါတီ UWSP က ရွေးကောက်ဝင်မည် မဟုတ်သဖြင့်၊ မေလ အတွင်း နအဖ ရွေးကောက်ပွဲကော်မ ရှင်ထံ ပါတီ မှတ်ပုံတင်ခွင့် ရထားသည့် ၀ နိုင်ငံရေး ပါတီ နှစ်ခုရှိသည်ဟု ၀ လူထု သတင်းရပ်ကွက်က ပြော၏။

၎င်းင်းတို့မှာ ၀ အမျိုးသား ညီညွတ်ရေးပါတီ Wa National Unity Party (WNUP) ) နှင့် ၀ ဒီမိုကရက်တစ် ပါတီ Wa Democratic Party (WDP) တို့ ဖြစ်ကြ၏။

“ Wa Democratic Party (WDP) က လူတွေဟာ မဆလ ခေတ်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ Burma Socialist Program Party (BSPP) က လူတွေဖြစ်တယ်။ သူတို့ဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်တယ်။ နောက်ပိုင်း ၁၉၉၃ မှာ ဖွဲ့စည်းတဲ့ ကြံ့ခိုင်ရေး အသင်းတွေမှာ လဲပါဝင်တယ်။ အဲဒါကြောင့် WDP က နအဖ စစ်အုပ်စု ကျောထောက်နောက်ခံ ပြုထားတဲ့ပါတီလို့ အခိုင်အမာ ပြောရဲတယ်”- ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် National Unity Party (NUP) တစညပါတီမှ တတိုင်းပြည်လုံး ၀င်ရောက်ယှဉ်ပြိုင်ရာ အမတ် ၁၀ နေရာ ရရှိသည့်အနက် သျှမ်းပြည်မြောက်ပိုင်း ဟိုပန် မဲဆန္ဒနယ် အမတ် ခွန်ထွန်းလူ (လက်ရှိ အသက် ၆၀ ကျော်) က အနိုင် ရရှိသည်။ ယခု ၀ ဒီမိုကရက်တစ် ပါတီ (WDP) ကိုလည်း အဆိုပါ ပုဂ္ဂိုလ်နှင့် မဆလ ပါတီဝင် ဟောင်းများဖြစ်သည့် ဦးဆိုင်ပေါင်းနပ် နှင့် ဦးစိန္တာတို့ ဦးဆောင်သည်ဟု အဆိုပါ ၀ ခေါင်းဆောင်က ဆက်ပြောသည်။

ဝ အမျိုးသားညီညွတ်ရေးပါတီ (WNUP) ကိုမူ ဦးတာ့စောလု က ၀ အမျိုးသား တိုးတက်ရေး ပါတီ (WNUP) အဖြစ် ဦးဆောင် တည်ထောင်ခဲ့သည်။ ဦးတာ့စောလုမှာ ၁၉၉၂ က န၀တ အစိုးရနှင့် မူးယစ်ဆေးဝါး ပတ်သက်ဆက်နွယ် နေမှုကို ကမ္ဘာသိအောင် သတင်း ဖြန့်မှုကြောင့် အဖမ်းခံရပြီး နှိပ်စက်မှုဒဏ် အမျိုးမျိုးခံရကာ သျှမ်းပြည်မြောက် ပိုင်းလားရှိုး အကျဉ်းထောင်၌ ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ ထို့ကြောင့်ယခု Wa National Unity Party (WNUP) ကို ဦးဖိလစ်ဆမ် Philip Hsam နှင့် ဦးယီ့ပလစ်တို့က ဦးဆောင်လျှက် ရှိသည်ဟု ဆိုပါသည်။

ဝ အမျိုးသားများသည် ၂၀၀၈ နားဂစ်ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး ၆ မြို့နယ် အပြင် သံလွင် အရှေ့ခြမ်း ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်၊ သံလွင် အနောက်ခြမ်း တန့်ယန်း မြို့နယ်တို့တွင် ပျံ့နှံ့ နေထိုင်ကြသည်။

(Wa Democratic Party (WDP) ၏ အမြင်သဘောထား/တုန့်ပြန် ဝေဖန်ချက်များနှင့် သျှမ်းပြည် အတွင်းရှိ အခြား တိုင်းရင်းသား ပါတီများ၏ လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကိုလည်း သျှမ်းသံတော်ဆင့်မှ ကြိုးစား ဆက်သွယ်၍ ဆက်လက် ဖေါ်ပြ ပေးသွားမည် ဖြစ်ပါသည်။)

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့