..............................

Friday, June 18, 2010

(၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်း နေ့ချင်းပြီး လျှောက်ထားရယူနိုင်

အောင်ထက် / ၁၇ ဇွန် ၂၀၁၀

800 MHz အမျိုးအစား (၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်းကို လာမည့် ဇွန် (၂၁) ရက်မှ စတင်၍ ရန်ကုန် တမြို့လုံးသို့ အငှား ချထားပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါဌာနမှ အကြီးတန်းအရာရှိတဦးက “ဓာတ်ပုံ (၃) ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ၊ ဆက်သွယ်ရေးသို့ ပေးသွင်းရန် ကျပ် (၅) သိန်း၊ သုံးစွဲလိုတဲ့ ယူနစ်ကတ်တန်ဖိုး (၁၀,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀၀ ကျပ်) ဒါတွေ လိုအပ်ပါတယ်” ဟု ပြောသည်။

လျှောက်လွှာများကို ဗဟိုစာတိုက်ကြီး၊ ပန်းဆိုးတန်း ကြိုးမဲ့ကြေးနန်းရုံး အပါအ၀င် စာတိုက် (၄) ခုနှင့် လမ်း (၄၀) မြန်မာ့ ဆက်သွယ်ရေးတို့တွင် လက်ခံပြီး တယ်လီဖုန်းငှားရမ်း သုံးစွဲခွင့်ကို နေ့ချင်းပြီး လျှောက်ထား ရယူနိုင်သည်ဟု သိရသည်။

အဆိုပါ (၅) သိန်းတန် MPT ကတ်ဖုန်းသည် သတ်မှတ်မြို့နယ်အတွင်း အထိုင်ဖုန်းအဖြစ် အငှား ချထားပေးသော်လည်း မြို့နယ် အတော်များများသို့ နယ်ကျော် သယ်ဆောင်ကာ ဆက်သွယ် သုံးစွဲ၍ ရသည်ဟု အချို့က ဆိုသည်။

ထိုဖုန်းရရှိထားသူတဦးက “မယက က တဆင့်လျှောက်တာ။ တလကျော်အကြာ တယ်လီဖုန်းရရှိကြောင်း အကြောင်းကြားတယ်။ ဒါနဲ့ လမ်း (၄၀) ရုံးမှာ အချက်အလက်ဖြည့်၊ ဖုန်းပိုင်ဆိုင်ခွင့် ပရီမီယံ စာချုပ်၊ ဘဏ် (၂) မှာ ငွေသွင်း၊ လမ်း (၄၀) ရုံးမှာ ချလန်ပြန်ယူ၊ ပန်းဆိုးတန်း ကြေးနန်းရုံးမှာ MPT ကတ် သွားထုတ်ရတယ်” ဟု ရှင်းပြသည်။

သို့သော် မယက၊ ရယက တို့မှတဆင့် လျှောက်လွှာခေါ်ယူခြင်းကို ဆိုင်းငံ့လိုက်သည်မှာ (၃) လခန့် ရှိနေပြီဖြစ်ကြောင်း၊ မည်သည့် အတွက်ကြောင့် ဆိုင်းငံ့သည်ကို မသိရကြောင်း ဆက်သွယ်ရေးမှ စုံစမ်းသိရသည်။

တယ်လီဖုန်းအရောင်းအ၀ယ် ပွဲစားတဦးကမူ “အရောင်းအ၀ယ်က ခုထိ ရှိနေပါတယ်။ လတ်တလော အမြတ် (၅) သောင်းခွဲ ပေးပါတယ်။ ဖုန်းအလုံးရေ (၁၀) သိန်း ခုလို နေ့ချင်းပြီး ချပေးမယ်ဆိုရင်တော့ အမြတ်ပေးဝယ်နေရတဲ့ အခြေအနေ ရပ်ဆိုင်းသွားနိုင်ပါတယ်” ဟု ပြောသည်။

(၅) သိန်းတန်ဖုန်းသည် တန်ဖိုးနည်းပေးသွင်းငွေနှင့် ဆက်သွယ်အသုံးပြု၍ ရရှိနေခြင်းကြောင့် လတ်တလော လူကြိုက်များလျက် ရှိသည်။

အက်ဖ်အီးစီ (၂၀) တန်၊ (၅၀) တန်နှင့် ယခုကဲ့သို့ 800 MHz ဖုန်းဝန်ဆောင်မှုအရပ်ရပ်ကို E Lite Tech ကုမ္ပဏီနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့မှ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။

“(၅) သိန်းတန် ကတ်ဖုန်းတွေကို ရန်ကုန်တမြို့လုံး သယ်ဆောင်နိုင်ပြီး နယ်မြေအကန့်အသတ်မရှိ သုံးစွဲလို့ရအောင် ဆောင်ရွက် နေပါတယ်။ မကြာခင် အဆင်ပြေတော့မှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး တာဝန်ရှိသူတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့