..............................

Friday, June 18, 2010

အစိုးရနှင့် ကြံ့ဖွံ့ ပါတီ ကင်းရှင်းရန် တရားဝင် တောင်းဆို

နရီလင်းလက်
Thursday, June 17, 2010

စစ်အစိုးရနှင့် ဝန်ကြီးများ ဦးဆောင်နေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အကြား ကင်းရှင်းမှု ရှိသင့်ပြီ ဖြစ်ကြောင်း နိုင်ငံရေး ပါတီတခုက တရားဝင် ကြေညာချက် ထုတ်ပြန်၍ တောင်းဆို လိုက်ကြောင်း သိရသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က အချက် ၆ ချက်ပါ ကြေညာချက်ကို ယနေ့ ထုတ်ပြန်ရာတွင် ထည့်သွင်း တောင်းဆိုထားခြင်း ဖြစ်ပြီး မှတ်ပုံတင်ပြီး ပါတီ တရပ်အနေဖြင့် ပထမဆုံးအကြိမ် တရားဝင် တောင်းဆိုခြင်း ဖြစ်ကြောင်း UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ဆိုသည်။

“တိုင်းမှူးတွေက ၀န်ကြီးတွေ ခရီးစဉ်မှာ လိုက်နေရတာ။ တိုင်းမှူးဆိုတာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရဲ့ တိုင်းမှူးတွေလေ။ ဒါ အရှင်းဆုံးပြောရရင် စစ်တပ်နဲ့ လိုက်ပါပြီး စည်းရုံးရေး လုပ်နေတဲ့ သဘော။ ဒီလိုရောထွေးနေတဲ့ အခြေအနေ အတွက် ခွဲခွဲခြားခြားဖြစ်ဖို့ ကြေညာချက် ထုတ်လိုက်တာ”ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

တောင်းဆိုထားသည့် တခြားအချက်များမှာ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန် နိုင်ငံရေးအကျဉ်းသားများကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် တရပ် ထုတ်ပေးရန်၊ သတင်း မီဒီယာကို လွတ်လပ်ခွင့်ပြုရန်၊ ရွေးကောက်ပွဲ စတင်ကျင်းပမည့် ရက်ကို အမြန်ဆုံး ထုတ်ပြန် ကြေညာပေးရန်၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများအတွက် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်းမှာ များပြားလွန်းသဖြင့် ထိုက်သင့်သော ထောက်ပံ့ကြေး ပေးရေး ဥပဒေတရပ် ပြဌာန်းပေးရန် စသည်တို့ ပါဝင်သည်။

USDP နှင့် ပတ်သက်၍ တောင်းဆိုရာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ စစ်အစိုးရ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့)နှင့် USDP တို့ အကြား စနစ်တကျ စည်းခြားပေးရန် ဟူ၍ ဖြစ်သည်။

“ကြံ့ဖွံ့ အသင်းမှာ နယက က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်သလို ကြံ့ဖွံ့ အသင်းမှာ ရှိခဲ့တာကလည်း နိုင်ငံဝန်ထမ်းတွေ။ ဒီတော့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရဆို ၀န်ထမ်းတွေကို ခေါ်ယူသုံးစွဲလို့ မရဘူးဆိုတဲ့ အချက်တွေ ရှိတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကလည်း“သံအမတ်တွေနဲ့ ပါတီတွေ တွေ့တဲ့ ပွဲတခုမှာ သူတို့ (ကြံ့ဖွံ့ပါတီ) က ကြံ့ဖွံ့ အသင်းကနေ ဆင်းသက် လာတာ။ ကြံ့ဖွံ့ အသင်းရှိသလို ကြံ့ဖွံ့ ပါတီကလည်း ရှိနေမယ်။ လုပ်ငန်းအရတော့ အသင်းနဲ့ ပါတီက မရောပါဘူးဆိုပြီး ပြောခဲ့တယ်” ဟု ပြောကြားသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက “ကြံ့ဖွံ့ အနေနဲ့ ပါတီထောင်တာကို ကြိုဆိုတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ အညီတော့ ထောင်ပေါ့။ ကြံ့ဖွံ့ အသင်းအနေနဲ့က ပြဌာန်းထားတဲ့ ဥပဒေတွေ အောက်မှာရှိတဲ့ လူမှုရေး အသင်းအဖွဲ့ စည်းမျဉ်း စည်းကမ်းရဲ့ အောက်မှာနေပါ။ ခုအချိန်မှာ ဘယ်ဟာက အသင်းပါ၊ ဘယ်ဟာက ပါတီပါလို့ ပြောလို့ မရသေးဘူး ဖြစ်နေ တယ်”ဟု ဆိုသည်။

လက်ရှိ စစ်အစိုးရ လက်အောက်တွင် ပါတီများ စတင် ဖွဲ့စည်းစဉ်ကတည်းက အခက်အခဲ၊ အကျပ်အတည်းများကို ထည့်သွင်း စဉ်းစားထားပြီး ဖြစ်ကြောင်း ဦးနေမျိုးဝေက ဆက်လက်ပြောကြားသည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၄ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့