..............................

Thursday, October 7, 2010

စစ်တပ်က ယုဇနကို လက်နက်ဆင်

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်အစိုးရနှင့် နီးစပ်သည့် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီ ဝန်ထမ်း ၅ဝဝ ခန့်ကို ပြည်သူ့စစ် သင်တန်း ပေးကာ စစ်လက်နက် ၆ဝ တပ်ဆင် ခဲ့ကြောင်း ဒေသခံများနှင့် ကချင် လူမှု ဖွံ့ဖြိုးရေး ကွန်ယက်က ပြောသည်။

မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဘန်ကောက်ရွာ ယုဇနကုမ္ပဏီရုံး၌ ယခုလ ၂ ရက်က တနိုင်းဒေသ ကွပ်ကဲမှု ဆိုင်ရာ စစ်ဆင်ရေး ဌာနချုပ် (ဒကစ) ကြီးကြပ်မှုဖြင့် ပြည်သူ့ စစ်သင်တန်း ပေး၍ အမ် ၂၂ မောင်းပြန်ရိုင်ဖယ် သေနတ်အလက် ၆ဝ ထုတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဖွဲ့စည်းပုံအသေးစိတ်တော့မသိဘူး။ ဒါပေမဲ့ ဒကစမှူးနဲ့ ၂၉၇ တပ်ရင်းမှူးတွေက သင်တန်းပေးတယ်။ လက်နက်တွေ ပေးတယ်။ တကယ်တော့ ကျည်ဆံက အစိုးရဘဲ ကိုင်ရတယ် မဟုတ်လား။ ပြည်သူ့စစ် ဆိုရမှာလည်း လက်နက် အကောင်းတွေပေးတယ်။ တကယ်လို့ ကုမ္ပဏီကနေ ပေးတယ်ဆိုရင် ကုမ္ပဏီက အစိုးရဖြစ်တဲ့ သဘောပေါ့”ဟု လက်နက် အပ်နှင်းပွဲ ဖိတ်စာရသူ အောင်ရာရွာ ဒေသခံတဦးက ပြောသည်။

“လစာကတော့ ယုဇနကဘဲ ပေးမှာပေါ့၊ ဒကစမှူးတွေကိုတောင် ယုဇနက ခေါ်ပြီး စောင့်ကြပ် ခိုင်းတယ်လေ။ ယုဇန ကုမ္ပဏီရဲ့ အစောင့်လို ထားတယ် ဆိုပါတော့။ ကျနော်တို့ ရွာသားတွေတောင် ရပ်ကွက်မှူး အိမ်မှာ လက်နက် အပ်နှင်းပွဲ ဖိတ်စာ တွေ့လို့ သိရတာ”ဟု သူက ဆက်ပြောသည်။

ရှရုဇွပ်ရွာတွင် မြောက်ပိုင်းတိုင်း လက်အောက်ခံ ၂၉၇ တပ်ရင်းရှိပြီး တပ်ရင်းမှူးနှင့် ဒကစမှူးတို့ ဦးစည်း ကွပ်ကဲကြောင်း ဒေသခံများမှ သိရသည်။

ယုဇနကုမ္ပဏီတွင် ဝန်ထမ်း သောင်းဂဏန်းရှိပြီး အဓိကအားဖြင့် နာဂစ်ဒဏ်ခံရသော ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်များမှ လာလုပ်ကိုင်နေကြ သည်။

“သူတို့ ရိုးရိုးသားသား ပလောပီနံဘဲ စိုက်မယ်ဆိုရင် ဘာမှကြောက်စရာ မလိုဘူး။ အခုလို သင်တန်းတွေ ပေးတာက လုံခြုံရေး အပြည့်အဝ ထားတဲ့ သဘောဖြစ်နေတယ်။ တကယ်က သေနတ် ကိုင်စရာ မလိုဘူးလေ။ ယုဇနကုမ္ပဏီက အစိုးရလား၊ သူတို့ ကိုင်ထားတဲ့ သေနတ်က ရိုးရိုးလက်နက် မဟုတ်ဘူး”ဟု ဖားကန့်မြို့နယ် NDF ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

ကချင်လူမှုကွန်ယက်အဖွဲ့မှ တာဝန်ခံ ကိုအောင်ဝါကလည်း “ပြည်သူ့စစ်သင်တန်း ဆိုကထဲက ယုဇန ကုမ္ပဏီရဲ့ လုံခြုံရေးနဲ့ ရွေးကောက်ပွဲတွင်း ပြည်သူတွေကို လက်နက်နဲ့ ချိန်းခြောက်ပြီးတော့ မဲထည့်ခိုင်းဖို့၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲဖြစ်လာရင် အသုံးပြုဖို့ ဖြစ်နိုင်တယ်”ဟု သုံးသပ်သည်။

၂ဝဝ၇ မှစ၍ ဖားကန့်မြို့နယ် ကျေးရွာများမှ လယ်ယာ ဥယျာဉ်ခြံမြေများကို စစ်တပ်နှင့် ယုဇနကုမ္ပဏီက အဓမ္မ သိမ်းယူခဲ့ကာ ပလောပီနံနှင့် ကြံ စိုက်ပျိုးနေကြသည်။

ဒေသခံ တောင်သူ ၁၇ ဦးက ယုဇန ကုမ္ပဏီနှင့် ပိုင်ရှင် ဦးဌေးမြင့်အား နစ်နာကြေး ရရှိရန် ပြည်နယ် တရားရုံးတွင် လျှောက်ထား ခဲ့ပြီးနောက် ယင်းကုမ္ပဏီက ဦးဌေးမြင့်အမည် ဖြုတ်ခိုင်းမှုကို မနက်ဖြန် အမိန့် ချမည်ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့