..............................

Thursday, October 7, 2010

ပါတီရုံးနေရာ မငှားရန် ကြံ့ဖွံ့က ခြိမ်းခြောက်

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီ ၂ ရပ် ပူးတွဲဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရုံးခန်း နေရာ မငှားရန် ကြံ့ဖွတ် ပါတီဝင်များ ဦးဆောင်သည့် လမ်းကော်မတီက ရုံးခန်းငှားရမ်းသူ အိမ်ရှင်ကို ပြောဆိုကြောင်း သိရသည်။

ယခုလ ၃ ရက်နေ့ နံနက်တွင် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မင်းစေတီလမ်း၌ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် UMFNP နှင့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ၏ ရုံးခန်းကို လက်မခံရန် ကြံ့ဖွတ်ပါတီဝင် ဒေါ်တင်တင်ဝင်း ဦးဆောင်သည့် လမ်းကော်မတီဝင် ၁၇ ဦးက ထိုနေ့ ညပိုင်းတွင် အိမ်ရှင်ကို ပြောဆိုခြင်း ဖြစ်သည်။

“ညကျတော့ လမ်းကော်မတီဝင် ၁၇ ယောက်က အိမ်ရှင်ကို လာပြောတယ်။ အဲဒီထဲမှာ ဒေါ်တင်တင်ဝင်း ဆိုတာက ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီဝင်၊ ရပ်ကွက် ကော်မရှင်မှာလည်း ပါတယ်။ သူပြောတာက ပြည်ခိုင်ဖြိုး ပါတီက နိုင်မှာ။ ဒီပါတီကို လက်ခံထားရင် တချိန်မှာ ပြဿနာ ဖြစ်မယ်ဆိုပြီး လာခြိမ်းခြောက်တယ်” ဟု UMFNP ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

“လမ်းခင်းတဲ့ကိစ္စတွေကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး လုပ်ပေးနေတာ။ ဒီပါတီကို လက်ခံလိုက်ရင် ရပ်ကွက်ထဲမှာ လမ်းခင်းတဲ့ ကိစ္စကို ပြည်ခိုင်ဖြိုးက ရပ်ပစ် လိုက်လိမ့်မယ်။ အဲဒီအခါ ရပ်ကွက်သူ ရပ်ကွက်သားတွေက အိမ်ရှင်ကို ဝိုင်းမဲ ကြလိမ့်မယ်ပေါ့နော်။ ဒီလို လာပြောတယ်။ အိမ်ရှင်က လူကြီးတွေဗျာ။ သူတို့ တော်တော် စိတ်ညစ်သွားတာပေါ့” ဟု သူက ဆိုသည်။

အိမ်ရှင်က ဦးအေးလွင်ထံသို့ အကြောင်းကြားသဖြင့် ပြဿနာများ ဖြေရှင်းရန် အင်းစိန်မြို့နယ် ပြည်သူ့ လွှတ်တော်တွင် ၈၈ မျိုးဆက် ကျောင်းသားလူငယ် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးစောလှထွန်းကို ယခုလ ၄ ရက်နေ့တွင် စေလွှတ်ခဲ့သည်။

ယင်းနေ့တွင် လမ်းကော်မတီဝင် ၁၇ ဦးက ၎င်းတို့နှင့် လာရောက်တွေ့ဆုံရန် နံနက် ၁ဝ နာရီနှင့် ၁၂ နာရီတို့တွင် ချိန်းဆို ခဲ့သော်လည်း သတ်မှတ်နေရာသို့ လမ်းကော်မတီ ဘက်မှ လာရောက်ခဲ့ခြင်း မရှိဟု သိရသည်။

အင်းစိန် ပြည်သူ့လွှတ်တော်တွင် ကြံ့ဖွတ်ပါတီ၏ ရန်ကုန်တိုင်း အထွေထွေအတွင်းရေးမှူး ဦးအေးမြင့် ဝင်ရောက်မည် ဖြစ်သဖြင့် ၎င်းတို့နှင့် ပြိုင်ဘက် ဖြစ်လာမည့် ၈၈ မျိုးဆက်ပါတီကို အခြေချခွင့် မရစေရန် ကြံ့ဖွံ့က နိုင်ငံရေး အောက်လမ်းနည်းဖြင့် အနှောင့်အယှက် ပေးခြင်းဖြစ်ကြောင်း ဦးအေးလွင်က စွပ်စွဲလိုက်သည်။

“ဘာကြောင့် သူတို့ ဒီလိုလုပ်သလဲဆိုတာက ရှင်းရှင်းလေးပါဗျာ။ ဒီနယ်မှာ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ ပါတီဝင်မယ် ဆိုတော့ သူတို့ အခြေအနေ မကောင်းဘူးလေ။ အဲဒီတော့ ဒီပါတီ အခြေချလို့ မရအောင် နိုင်ငံရေး အောက်လမ်းနည်းနဲ့ လုပ်တာပေါ့ဗျာ” ဟု သူက ပြောသည်။

UMFNP ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းတို့မှာ ညီအကို တော်စပ်ပြီး၊ ၎င်းပါတီ ၂ ရပ်မှာလည်း မဟာမိတ် ပါတီများ အဖြစ် ပြီးခဲသည့် သြဂုတ်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်း ထားသည်။

UMFNP သည် ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် မင်းတပ်ခရိုင်မှ ကိုယ်စားလှယ် ၄၆ ဦးဖြင့် ယှဉ်ပြိုင်မည်။ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ ပါတီက ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ရေနံချောင်းခရိုင်နှင့် ပဲခူးတိုင်း မိုးညိုခရိုင်တို့မှ ကိုယ်စားလှယ်ပေါင်း ၃၉ ဦးဖြင့် ယှဉ်ပြိုင်သွားမည်။

ပါတီ ၂ ရပ်မှ ခေါင်းဆောင်များသည် ရုံးခန်းကို အိမ်ရှင်နှင့် နှစ်ဦးနှစ်ဘက် သဘောတူညီကာ တရားဝင် ငှားရမ်းခဲ့ပြီး၊ ယခုလို့ ရုံးခန်း ပိတ်သိမ်းစေရန် ခြိမ်းခြောက်သည့် ကိစ္စကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် တယက ကောင်စီကို မနက်ဖြန်တွင် တိုင်ကြားသွားမည်ဟု ဦးအေးလွင်က ပြောသည်။

“ရွေးကောက်ပွဲ ဥပဒေတွေအရ ပေးထားတဲ့ နိုင်ငံရေးပါတီရဲ့ အခွင့်အရေးတွေ၊ ရွေးကောက်ပွဲ ဆိုင်ရာ အခွင့် အရေးတွေကို ပါတီက မခံစားရအောင် လက်ရှိ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ တပ်မတော်ရဲ့ အရှိန်အဝါကို သုံးပြီးတော့ လုပ်နေတဲ့ ကိစ္စတွေကို ထောက်ပြ ပြီးတော့ နောက်နောင် ဒီလိုမျိုး မဖြစ်အောင် ထိန်းကျောင်းပေးဖို့ တိုင်ကြားသွားမယ်” ဟု သူက ပြောသည်။

စစ်အစိုးရသည် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတဝှမ်းရှိ မြို့နယ် ၃၃ဝ ၌ ရွေးကောက်ပွဲများ ကျင်းပရန် ကြေညာထားသည်။ ယင်းရွေးကောက်ပွဲများသို့ ပါတီပေါင်း ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့