..............................

Thursday, October 7, 2010

အန်အယ်လ်ဒီ ရပ်တည်ခွင့် လျှောက်ထားချက် တရားရုံးက မှတ်ပုံတင်ခွင့်ပြု

ဝီရ
၀၆ အောက်တိုဘာ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို စစ်အစိုးရက ပယ်ဖျက်လိုက်သည့် အတွက် ပါတီ ဆက်လက် ရပ်တည်ခွင့်နှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအား တရားစွဲဆိုရန် ယမန်နေ့၌ ဗဟို တရားရုံးချုပ်တွင် အမှု တင်ပြလျှောက်ထားချက်ကို တရားရုံးချုပ်က ယနေ့ မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ဒီအမှုအတွက် တရားရုံးချုပ်က မှတ်ပုံတင်ခွင့်တော့ ဒီနေ့ ပေးလိုက်ပြီ။ ကျန်တဲ့အပိုင်းက တရားရုံးက သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ အမှုစာရင်းမှာ ကျနော်တို့ သွားကြည့်ပြီး ဘယ်နေ့ ကြားနာမလဲ ဆိုတာ ထပ်ပြီး သိရမှာ ဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

အန်အယ်လ်ဒီကို ကိုယ်စားပြု၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး အနေဖြင့် လက်မှတ် ရေးထိုးကာ စစ်အစိုးရအား ပါတီ၏ သီးခြားသက်သာခွင့် ဥပဒေနှင့် ဆိုင်သော ပုဒ်မ (၄၅) နှင့် ပုဒ်မ (၅၄) စွဲချက်တို့ဖြင့် တရားမ အထွေထွေ လျှောက်လွှာကို ၎င်း၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က ကိုယ်စား သွားရောက်၍ လျှောက်ထား ခဲ့ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “အခု လျှောက်ထားတဲ့ အချက်ထဲမှာ ပထမအကြိမ်ထက် ထူးခြားတာက အဓိက အစိုးရ တရပ်ရပ်ကို အမှုစွဲရင် နို့တစ်စာ ပါရမယ်။ အခု အဲဒါတွေပါ ပူးတွဲပြီး လျှောက်ထားတာ ဖြစ်တယ်။ ၈၈ ခုနှစ်ကတည်းက ဥပဒေအရ မှတ်ပုံတင်ထားတဲ့ အန်အယ်လ်ဒီ အဖွဲ့ချုပ်ဟာ ကော်မရှင်က အခု ပြဋ္ဌာန်းလိုက်တဲ့ ထပ်မံပြီး မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ် ဆိုတဲ့ ဥပဒေဟာ အန်အယ်ဒီအပေါ် အကျိုး သက်ရောက်မှု မရှိဘူးဆိုတာ တရားရင်ဆိုင်ဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ တရားဝင် ရပ်တည်ခြင်း အပေါ် ဒီလို ပယ်ဖျက် လိုက်တာဟာ လုပ်ထုံး လုပ်နည်းနဲ့ မညီဘူး။ ဒါကြောင့် အခုလို တရားစွဲရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အသစ်ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ သတ်မှတ်ချိန်အတွင်း ပြန်လည် မှတ်ပုံတင်ခြင်း မရှိသည့် နိုင်ငံရေး ပါတီများသည် ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်နှင့် စပ်လျဉ်း၍ အန်အယ်လ်ဒီက ၎င်းတို့ပါတီ ဆက်လက်၍ တရားဝင် ရပ်တည်နိုင်ရေး အတွက် စစ်အစိုးရကို ဒုတိယအကြိမ် တရားစွဲဆိုခြင်းဖြစ်သည်။

ပါတီဖျက်သိမ်းကြောင်း ဥပဒေသစ်အရ အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီ (၁၀) ပါတီကို တရားဝင် ရပ်တည်ခွင့် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ (၁၄) ရက်နေ့က ကြေညာခဲ့သည်။

ရှေ့နေကြီး ဦးဉာဏ်ဝင်းက “၁၉၇၄ အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေပုဒ်မ (၁၄) ရဲ့ ပုဒ်မခွဲ (က၊ ခ၊ ဂ၊ ဃ) ထဲမှာ ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို ယခင် ရရှိပြီးသား အခွင့်အရေး၊ အကျိုး ခံစားခွင့်တွေကို နောက်ဥပဒေများကြောင့် ဆုံးရှုံးနစ်နာမှု မဖြစ်စေရ၊ မထိခိုက်စေရ ဆိုတာ ပြဋ္ဌာန်းထားတယ်။ အဲဒီ ဥပဒေအတိုင်း နောက်ကြောင်းပြန် သက်ရောက်မှု မရှိစေချင်ရင် ဥပဒေအရ ပြဋ္ဌာန်းပြီး ဖော်ပြ ရမယ်ပေါ့။ လက်ရှိ ဥပဒေထဲမှာက အဲဒီလို ဖော်ပြထားတာ မရှိသေးတော့ အန်အယ်လ်ဒီ အပေါ် အကျိုးသက်ရောက်မှု မရှိဘူး” ဟု ပြောသည်။

အန်အယ်လ်ဒီသည် ၎င်းတို့ပါတီ၏ တရားဝင် ရပ်တည်မှုအပေါ် ပယ်ဖျက်ခြင်းဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ စစ်အစိုးရကို ပြီးခဲ့သည့် ဧပြီလ (၂၉) ရက်က ပထမအကြိမ် တရားစွဲဆိုခဲ့ရာ ၎င်းတို့၏ လျှောက်လွှာကို ရန်ကုန်တိုင်း တရားရုံးချုပ်က လက်ခံရန် ငြင်းပယ်ခြင်း ခံခဲ့ရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့