..............................

Sunday, October 3, 2010

ဒီမိုကရေစီပါတီများ မဟာမိတ်လုပ်ရန် တွေ့မည်

ဆလိုင်းထွန်း
စနေနေ့၊ အောက်တိုဘာလ ၀၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဒီမိုကရေစီမိတ်ဖက် ပါတီများ ပူးပေါင်းရန် တွေ့ဆုံပွဲကို မနက်ဖြန် နံနက်ပိုင်း တာမွေတွင် ကျင်းပမည်ဟု သိရသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ UDP က ဒီမိုကရေစီမိတ်ဖက် ၆ ပါတီကို တွေ့ဆုံဆွေးနွေးပွဲဖိတ်ရာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ချင်းအမျိုးသား ပါတီ CNP တို့ တက်မည်ဟု ပါတီ ခေါင်းဆောင်များက ဆိုသည်။

“ဒီမိုကရေစီဖိတ်ဖက်တွေ အတူ ပူးပေါင်းလုပ်စရာတွေ ရှိတာပေါ့။ အနည်းဆုံးတော့ မဲပေးကြပါ၊ မဲမပေးပဲ မနေကြပါနဲ့၊ ရွေးကောက်ပွဲ တရားမျှတဖို့၊ အောင်နိုင်ရေးအတွက် ဆိုတာလေးတွေပေါ့။ ဒီအစီစဉ်ကို ကြိုဆိုပါတယ်” ဟု CNP အထွေထွေ အတွင်းရေးမှူး ဦးကျဲအိုဘစ်ထောင်းက မဇ္ဈိမကို ပြောသည်။

NDF ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး ကလည်း “ဒီညှိနှိုင်းရေးကို တက်ပါမယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပူးတွဲ ဆောင်ရွက်နိုင်တာ အများကြီး ရှိပါတယ်။ ဒီမိုကရေစီ အင်အားစု စစ်စစ်တွေ ပူးပေါင်း ရပ်တည်ပြီး အားတခု ပြချင်တာပါ” ဟု ပြောသည်။

ဆွေးနွေးပွဲ ရည်ရွယ်ချက်က ပြည်ခိုင်ဖြိုးနှင့် ဒီမိုကရက်တစ်အင်အားစုများ သီးခြားဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ အနိုင်ရရန်ဟု UDP ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောသည်။

“အင်အားကြီးတခုအနေနဲ့ တစုတစည်းရှိဖို့၊ အင်နဲ့အားနဲ့ သွားဖို့ရည်ရွယ်တာ။ ပြည်သူက စိတ်ဝင်စား ပိုအား ပေးလာမယ်။ ပြည်ခိုင်ဖြိုးကို ယှဉ်တဲ့နေရာမှာ ကျနော်တို့ဘက်က အားသာ အနိုင်ရလာမယ်လို့ ယူဆတယ်။ လွှတ်တော်ထဲ ရောက်တဲ့ အခါမှာလဲ နိုင်ငံရေး အင်အားစု အနေနဲ့ စုစုစည်းစည်း တထပ်ထဲ ဖြစ်နေစေရမယ်” ဟု ဦးသိန်းဌေးက ပြောသည်။

ဒီမိုကရေစီမိတ်ဖက်များ တွေဆုံဆွေးနွေးပွဲတွင် ဖိတ်ကြားထားသည့် ပါတီများမှ ဗဟိုအလုပ်အမှုဆောင် အဆင့် တပါတီလျှင် ခေါင်းဆောင် ၃ ဦးစီ တက်ရမည်ဖြစ်ပြီး NDF မှ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာ မြတ်ဥာဏစိုးတို့ တက်မည်ဟု သိရသည်။

“ရွေးကောက်ပွဲက ပြိုင်ပွဲမဟုတ်ပါဘူး။ ပြည်သူတွေက အသင့်တော်ဆုံးလို့ ရွေးချယ်တဲ့ ကိုယ်စားလှယ် နေရာအတွက် ပြည်သူ့ဆန္ဒ ခံရမှာ။ ဒီမိုကရေစီ အင်အားစု စစ်စစ်တွေကို မဲပေးကြဖို့ အသိပေးချင်တာပါ” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

SNDP ပါတီသည် ရွေးကောက်ပွဲဝင်မည့် ပါတီအားလုံးကို မိတ်ဆွေလုပ်ရန် ရည်မှန်းထား၍ ဆွေးနွေးပွဲကို လက်ခံကြောင်း ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ဆိုသည်။

“တွေ့ဆုံပွဲ တက်မှာပါ။ ဘာတွေ ပြောမှာလဲ မသိရသေးဘူး။ ဘယ်ပါတီကပဲ ဖိတ်ဖိတ်သွားမယ်၊ ပါတီအားလုံးနဲ့ မိတ်ဆွေ လုပ်သွားဖို့ ရည်မှန်းထားတာ။ ဘယ်ပါတီမဆို လွှတ်တော်ထဲရောက်ရင် နိုင်ငံ အကျိုးအတွက် အားလုံး ၀ိုင်းဝန်း လုပ်ဆောင်သွားမယ်။ ပါတီတိုင်းက ရွေးကောက်ပွဲကို အောင်ချင်တာပဲ” ဟု သူက ပြောသည်။

ဆွေးနွေးပွဲ ဖိတ်ကြားခြင်းကို RNDP က အကြမ်းအားဖြင့်သာ လက်ခံထားသော်လည်း ပါတီခေါင်းဆောင်များ တက်ရန် ဆုံးဖြတ်ထားကြောင်း ပါတီအဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) DP(M)ကို ဖိတ်ကြားခဲ့သော်လည်း တက်မည်မဟုတ်ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

“သတင်းထဲမှာ ကျနော်တို့ မဟာမိတ်ဖွဲ့ကြဖို့ လုပ်လိုက်တယ်လို့ ပါလာတယ်။ အမှန်တော့ ဘာမှဆွေးနွေးတာ မရှိဘူး။ ဆွေးနွေးထားတာ မရှိသေးဘဲနဲ့ သတင်းတွေမှာ ပါလာတော့ ကျနော်တို့က မဟာမိတ်လုပ်ဖို့ အခြေအနေမရှိဘူး၊ မစဉ်စားသေးဘူး။ ဗဟို အလုပ်အမှုဆောင် ဆုံးဖြတ်ချက် မချရသေးတော့ အစည်းအဝေးကို သွားမတက်ဘူးလို့ ယူဆတယ်” ဟု ဦးသုဝေက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲနှင့် ပတ်သက်၍ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ PDP သဘောထားကို သိရန် ဆက်သွယ်သော်လည်း မသိခဲ့ရပါ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့