..............................

Tuesday, October 5, 2010

ရွေးကောက်ပွဲကြောင့် ကချင်အဖွဲ့ အကွဲအပြဲဖြစ်

လင်းနိုင်ဦး
၀၄ အောက်တိုဘာ ၂၀၁၀

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ဘက် အမတ်လောင်းများ အဖြစ် အမည်စာရင်း တင်သွင်း ခဲ့ပြီးသည့်နောက် ကချင် အထူးဒေသ (၁)၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား စည်းလုံး ညီညွတ်ရေး ကောင်စီအတွင်း အကွဲအပြဲများ ပေါ်ပေါက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ ကချင် နိုင်ငံရေးသမား တဦးက ပြောသည်။

၎င်းက “ငြိမ်း/စည်း ကောင်စီဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းနဲ့ သူ့သားက ကြံ့ဖွံ့နဲ့ မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်တယ်။ ကောင်စီ လူကြီးတွေ ဖြစ်ကြတဲ့ ဦးမုတ်ရင်ဒေါင်ဟောင်း၊ ဦးမဂျီဇော်တောင်၊ ဦးနဘုတ်ထောခေါင် တို့က တစည ပါတီကနေ ရွေးကောက်ပွဲဝင်တယ်။ နောက် ဦးဆခုံတိန့်ယိန်း ဝင်မယ့်နေရာမှာ ကောင်စီလူကြီး ဦးမဂျီဇော်တောင်နဲ့ ပြိုင်ဘက် သွားဖြစ်တယ်။ ဒါနဲ့ စိတ်ဆိုးပြီး ဦးဆခုံတိန့်ယိန်းက ကောင်စီဝင် လူကြီးတွေကို အဖွဲ့ကနေ ထုတ်ပယ် လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ခေတ်ပြိုင်က လက်ခံရရှိသည့် ဦးဆခုံတိန့်ယိန်း၏ စက်တင်ဘာ (၂ဝ) ရက်နေ့စွဲ အမိန့်စာတွင် “ငြိမ်းချမ်းရေး နှင့် အမျိုးသား စည်းလုံး ညီညွတ်ရေး ကောင်စီဝင် အဖြစ်မှ ရပ်စဲခြင်း၊ ငြိမ်း/စည်း ကောင်စီဝင်များ ဖြစ်ကြသော (၁) ဦးနဘုတ်ထောခေါင်၊ (၂) ဦးမုတ်ရင်ဒေါင်ဟောင်း၊ (၃) ဦးမဂျီဇော်တောင် တို့ (၃) ဦးသည် ၎င်းတို့၏ ဆန္ဒအတိုင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသို့ ကူးပြောင်း သွားကြပြီ ဖြစ်ခြင်းကြောင့် ကချင်ပြည်နယ် ငြိမ်း/စည်း ကောင်စီဝင် အဖြစ်မှ လည်းကောင်း၊ ကချင်ပြည်နယ် အထူးဒေသ (၁) မှ ပေးအပ်ထားသော တာဝန်များမှ လည်ကောင်း ၂ဝ-၉-၂ဝ၁ဝ ရက်စွဲမှ စ၍ ရပ်စဲလိုက်သည်။ အထူးဒေသ (၁) တွင် ပါဝင်နေခဲ့သည့် ထွန်းရှင်ဇုံးတင့်ကိုလည်း ပေးအပ်ထားသော တာဝန် အရပ်ရပ်မှ ရပ်စဲလိုက်သည်။ ၎င်းတို့အားလုံး အထူးဒေသ (၁) နှင့် လုံးဝ ပတ်သက်မှု မရှိတော့ပါကြောင်း ကြေညာသည်” ဟု ဖော်ပြပါရှိသည်။

အဆိုပါ ကြေညာချက် ထွက်လာပြီးနောက် တစညအမတ်လောင်း ကောင်စီဝင်များကလည်း ကြေညာချက် တစောင် ပြန်လည် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ထဲတွင် ကောင်စီဝင်များက ကချင်အထူးဒေသ (၁) ထဲ ပါဝင်သည့် ချီဖွေ၊ လောခေါင်၊ ဖီမော်၊ ဂေါ်လန်၊ ကမ်ဖန်၊ ကမ်ပိုင်တည်၊ ဆဒုံး ဒေသများသည် ကချင်လူမျိုးတို့၏ မိဘ ဘိုးဘွားပိုင် နယ်မြေဖြစ်ကြောင်း၊ လူတယောက်၊ မိသားစုတစုပိုင် နယ်မြေမဟုတ်ကြောင်း ဦးဆခုံတိန့်ယိန်း၏ လက်ရှိ ပြုမူပုံများကို ဝေဖန်ထားသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အမတ်လောင်း အမည်စာရင်း တင်သွင်းရန် ခွင့်ပြုထားသည့် နောက်ဆုံး (၃) ရက်အလိုအထိ ဥက္ကဋ္ဌ ဦးဆခုံ တိန့်ယိန်း၏ ဆက်သွယ်မှုကို စောင့်ဆိုင်း ခဲ့ကြောင်း၊ မည်သည့် အသိပေး ညှိနှိုင်း အကြောင်းကြားချက် မျိုးမှ ရောက်မလာသည့် အတွက် ၎င်းတို့ဘာသာ တိုင်ပင်ညှိနှိုင်းပြီး တစည ပါတီကနေ အမတ်လောင်း စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ရခြင်းသည်လည်း ဒေသခံ တိုင်းရင်းသား လူမျိုးတို့၏ အကျိုးစီးပွား အလို့ငှာ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းထားကြောင်း တွေ့ရသည်။

စစ်အစိုးရ၏ နိုဝင်ဘာ (၇) ရက် ကျင်းပပေးမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်တွင်း အတိုက်အခံ အင်အားစုကြီး ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းတွင်လည်း သဘောထား ကွဲလွဲခဲ့ပြီး ဖြစ်သည်။

ဦးခင်မောင်ဆွေနှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့က နိုင်ငံရေးဆက်လုပ်နိုင်ရန် တရားဝင် နိုင်ငံရေး ပါတီတရပ် ရှိရမည်ဟု ယူဆပြီး ပါတီသစ်တခုကို မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ခဲ့သည်။

ယခု ကချင်အထူးဒေသ (၁) ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေးကောင်စီမှာမူ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲသည့် တိုင်းရင်းသား အဖွဲ့အစည်း တခု ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းသည် ၁၉၈၉ နှစ်ကုန် ဗကပ (၁ဝ၁) စစ်ဒေသနှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲပြီးနောက် ၁၉၉ဝ ဇန်နဝါရီလတွင် ပေါ်ပေါက်လာသည့် အဖွဲ့အစည်း ဖြစ်သည်။

ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းနှင့် ၎င်းထုတ်ပယ်လိုက်သည့် ကောင်စီဝင် (၃) ဦး စလုံးသည် ၁၉၉ဝ ခုနှစ်ကတည်းက အဆိုပါအဖွဲ့တွင် ခေါင်းဆောင်များ အဖြစ် ပါဝင် ခဲ့ကြခြင်းဖြစ်သည်။

နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကချင် အထူးဒေသ (၁) သည်လည်း ရွေးကောက်ပွဲ အပြီးတွင် အလိုအလျောက် ပျက်ပြယ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဆခုန်တိန့်ယိန်း ဦးဆောင်သည့် ယခင် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) မှာမူ ပြီးခဲ့သည့် နှစ်က စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့