..............................

Tuesday, October 5, 2010

အသဲကြားက မဲတပြားကို မဖြုန်းတီးနဲ့

အောက်တိုဘာ ၅ ရက် ၂၀၁၀

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ တိုင်းပြည်တခုရဲ့ အသက်ဝိညာဉ်ပဲ ဆိုတာ ကျနော်တို့အားလုံး သဘောပေါက် ကြမှာပါ။ ဒီဥပဒေက ကိုယ့်တိုင်းပြည်ရဲ့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ဖို့ လွတ်လပ်ပြီး တရားမျှတမှု ရှိအောင် အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်ပြီး စနစ်တကျ ရေးဆွဲ ကြရတဲ့ တိုင်းပြည်ရဲ့ အခြေခံ အုပ်မြစ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာလည်း သူ့အခြေခံ ဥပဒေနဲ့သူ ရေးဆွဲ ထားကြပါတယ်။ အတိုချုံးပြီး လွယ်လွယ် ပြောရရင်တော့ ဒီလို ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို လူထုဆန္ဒနဲ့ အတည်ပြုတယ်။ အဲဒီ အတည်ပြု ထားတဲ့ ဥပဒေနဲ့ ခေါင်းဆောင်ရွေးပွဲ လုပ်ကြတယ်။ ပြည်သူ လူထုက မိမိ သဘောကျတဲ့ ခေါင်းဆောင်၊ ပုဂ္ဂိုလ် တဦး တယောက်ကို လျှို့ဝှက် ရွေးချယ် မဲပေးကြတယ်။ ဒါကို ဆန္ဒမဲ ပေးတယ်လို့ ခေါ်ပါတယ်။ အဲဒီလို မိမိတို့ ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်က တိုင်း ပြည်က ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အညီ အုပ်ချုပ်ကြတယ်။ ထိုသူကို ကျနော်တို့က သမတ လို့ ခေါ် ပါတယ်။ ဒါပေမဲ့ အဲဒီ အခြေခံဥပဒေဟာ ပြည်သူလူထု အတွက် ဘာအကျိုးမှ မရှိပဲ တစုံတယောက် အတွက် အဖွဲ့အစည်း တခုတည်း အတွက် ထာဝရ အာဏာ တည်မြဲဖို့သာ ဆိုရင်တော့ ဘယ်လို တိုင်းပြည် ကမှ လက်မခံကြဘူး။

ဆန္ဒမဲ ပေးတယ်ဆိုတာလည်း တိုင်းပြည် အတွက်ကော မိမိဘဝ အတွက်ပါ အရေးကြီးဆုံး ရွေးချယ်မှု တခု ပါပဲ။ မိမိ ပေးလိုက်တဲ့ မဲတချပ်က မိမိတိုင်းပြည်နဲ့ လူမျိုးအတွက် ဒုက္ခတွေ တပုံတပင်နဲ့ အကြီးအကျယ် ဆုံး ရှုံးမှုတွေ ဖြစ်သွားမယ်ဆိုရင် မိမိကိုယ်တိုင်လည်း ရင်ထုမနာ ဖြစ်ရမည့်အပြင် တိုင်းပြည်အတွက်လည်း အများကြီး နစ်နာပါတယ်။ ဒါကြောင့် မဲ မပေးခင် လူတိုင်း အယောက်တိုင်းက မိမိတို့ တိုင်းပြည်ရဲ့ အသက် ဝိညာဉ် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လေ့လာသင့်ပါတယ်။

အခုလည်း ကျနော်တို့ နိုင်ငံမှာ ရွေးကောက်ပွဲကြီး စပါတော့မယ်။ စစ်အစိုးရက ဘာ့ကြောင့် အခြေခံ ဥပဒေတွေ ရေးဆွဲလဲ ဘာ့ကြောင့် ရွေးကောက်ပွဲတွေ လုပ်သလဲ ဆိုတာ အရင်ဆုံး ရှင်းပြ ချင်ပါသေးတယ်။ စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ပဲ အုပ်ချုပ်လို့ မရဘူး။ တိုင်းပြည် တပြည်မှာ စစ်တပ်က အုပ်ချုပ် တယ်ဆိုတာ တရားမဝင်ဘူး။ ဒါကြောင့် တရားဝင် အုပ်ချုပ်လို့ရအောင် စိတ်ကြိုက် ဥပဒေတွေ ရေးဆွဲပြီး ဟန်ပြ ရွေးကောက်ပွဲကို လုပ်တာပဲ။ ဘီလူးခေါင်းကို မင်းသားမျက်နှာဖုံး စွပ်တဲ့ ရွေးကောက်ပွဲမျိုး။

သိပြီးသားအရာတွေကို ထပ်ပြောချင်ပါသေးတယ်။ ကျနော်တို့နိုင်ငံက ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာ အပိုင် ယူထားတယ် (ဘယ်သူ ခန့်ခန့် မခန့်ခန့်)။ စစ်ဦးစီးချုပ်ကို ဘယ်လွှတ်တော် ကမှ ဘယ်သမတ ကမှ အမိန့်ပေးလို့ မရဘူး။ အချိန်မရွေး အာဏာသိမ်းခွင့် ရှိတယ်။ ကဲ စဉ်းစားသာ ကြည့်ပေတော့ တသက်လုံး စစ်ကျွန် စနစ်အောက် ပြားပြား မှောက်မယ့် ဥပဒေတွေ။ အဲဒီလို စစ်တပ် တခုတည်းက ထာဝရ အာဏာ တည်မြဲအောင် အပိုင် ရေးဆွဲ ထားတဲ့ ဥပဒေတွေကို ကျနော်တို့က ဘယ်လို ပုံစံနဲ့ လက်ခံကြမှာလဲ ဘယ်လိုနည်းနဲ့ မဲပေးရမှာလဲ။ ဘယ် လိုမှ လက်ခံနိုင်စရာ မရှိဘူး ရတဲ့ နည်းနဲ့ တိုက်ဖျက်ရမည့် တာဝန်ရှိတယ်။ မဲပေးဖို့ ဆိုရင်တော့ ဝေလာဝေး ပါပဲ။ မိမိဘဝအတွက် တန်ဖိုးရှိတဲ့ အသဲကြားက မဲတပြားကို တန်ဖိုးထားရမယ် မဖြုန်းတီးသင့်ပါဘူး။

ဝါနရိန္ဒဇတ်တော်ထဲမှာ မိကျောင်းက ယမုံနာမြစ်ကမ်းက ကျောက်ဆောင် ပုံစံ အယောင်ဆောင် ဖန်တီးပြီး ဘုရားလောင်း မျောက်မင်းရဲ့ အသဲနှလုံးကို စားချင်လို့ စောင့်နေခဲ့တယ်။ ဒါပေမဲ့ ဘုရားလောင်း မျောက်မင်း က စူးစမ်းဆင်ခြင်ပြီး မိကျောင်းရဲ့ကျောကုန်းပေါ် ခုန်မချခဲ့လို့ အသက်ချမ်းသာရာ ရခဲ့တယ်။ ဒီလိုပါပဲ ဒီမို ကရေစီ အယောင်ဆောင်ပြီး လမ်းတွေခင်းပြ၊ တံတားတွေဆောက်ပြ၊ တိုင်းပြည်ကြီး သာယာ ဝပြော နေပါ တယ် ဆိုပြီး အမျိုးမျိုး လိမ်လည်ဖျားယောင်းပြီး သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ တသက် လုံး စစ်အာဏာရှင် စနစ်သာ သက်ဆိုးရှည်မယ့် အယောင်ဆောင် ရွေးကောက်ပွဲမှာ ကျနော်တို့က မစူးစမ်း မဆင်ခြင်ဘဲ မျက်စိမှိတ် ဇွတ်ခုန်ချလိုက်ရင် ဘယ်သူတွေပဲ နစ်နာဆုံးရှုံးမလဲ ဆိုတာ နားလည်ထားကြဖို့ လို ပါပြီ။

စစ်အစိုးရက ရွေးကောက်ပွဲပြီးရင် အရပ်သားအနေနဲ့ ဆက်လက်အုပ်ချုပ်ဖို့ ကြိုတင် လူရွေးချယ်ထားခဲ့ ပြီးပြီ တလောကပဲ သူတို့ရဲ့ စစ်တပ်ထဲက ထိပ်ပိုင်းခေါင်းဆောင် အများအပြားကို စစ်ရာထူးကနေပြီး အရပ်ဝတ် ပြောင်းပေးလိုက်ပြီး စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့ ပါတီမှာ ထည့်ထားလိုက်ကြတယ်။ အားလုံးက အကွက်ချ စီစဉ်ပြီးသားပါ။ ရွေးကောက်ပွဲသာ ဖြစ်မြောက်သွားရင် သူတို့ပါတီ နိုင်မယ်ဆိုတာလည်း ကြိုသိပြီးသား ပြီးရင် ဘယ်သူ သမတ လုပ်ရမယ် ဘယ်သူ ဒုသမတ လုပ်ရမယ် ဆိုတာ ကြိုတင်စီစဉ်ပြီးသား။ ဘိုနေမြဲ ကျားနေ မြဲဆိုသလို စစ်တပ်က ယူနီဖောင်းချွတ်ပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့ မျက်နှာဖုံး လှလှလေးရသွားမယ်။ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သံယံဇာတတွေ တရားဝင်းခိုးလို့ ဝှက်လို့ ရသွားမယ်။ လူထုအနေနဲ့ ပုံမှန်အဖိ အနှိပ်ခံရဦးမယ်၊ သေခြာတာကတော့ တိုင်းပြည်ချွတ်ခြုံကျပြီး လူထုအားလုံးဆင်းရဲ မွဲတေမှုတွေကို အရင် ကထက် ပိုမို ရင်ဆိုင် ခံစားရတော့မယ်။ ခြေတော့ မကျွံသေးပေမယ့် လက်တကမ်း အလိုမှာ ရောက်နေ ပါပြီ။

ဒီလိုအကွက်ချ စီစဉ်ထားတဲ့ ထောင်ချောက်ထဲကို ကျနော်တို့ အနေနဲ့ အသာတကြည် ခုန်ချမလား၊ ဆန့် ကျင်မလား၊ စစ်ကျွန်အဖြစ် သက်ဆိုးရှည်မယ့်၊ ထူးမခြားနား တန်ဖိုးမရှိတဲ့ ရွေးကောက်ပွဲ အတွက် အချိန်ကုန် အပင်ပန်းခံပြီး မဲသွားပေးမှာလား။ ကျနော်တို့ရဲ့ အသဲကြားက မဲတပြားကို ဖြုန်းတီးပစ်ဖို့ မတန်ပါဘူး လို့ပဲ ပြောပါရစေတော့။


ပေတလူ


အောက်တိုဘာ ၃ ရက်ထုတ် ဘွိုင်းကောက် ၂၀၁၀ မှ ကူးယူဖေါ်ပြပါသည်။

0 comments:

အပေါ်သို့