..............................

Tuesday, October 5, 2010

သမိုင်းကို ဘယ်သူဖန်တီးတာလဲ (၂)

လူထုစိန်ဝင်း

October 5, 2010

အောက်ခြေလွတ်တော့ လူတွေကိုအထင်သေးတယ်။ နေရာတကာ အပေါ်စီးကကြည့်တယ်။ လူတွေဟာ အသိဥာဏ် ဗဟုသုတ နည်းကြရှာတယ်။ ပညာမဲ့ကြရှာတယ်။ သနားပါတယ်။ ငါမကယ် သေဖွယ်သာ ရှိတော့တယ်လို့ အထင်ရောက် လာတယ်။

နားကလောလွန်း
လူတွေကိုအထင်သေးတဲ့စိတ်နဲ့ အတူတူတစ်ပြိုင်တည်းပေါ်ထွက် လာတာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လွန်တဲ့ စိတ်ဖြစ်တယ်။ နေရာတိုင်းမှာ ငါသာသိတယ်။ ငါသာတတ်တယ်။ ငါသာ လုပ်နိုင်တယ်ဆိုပြီး ဘ၀င် မြင့်လာတယ်။ တစ်တိုင်း တစ်ပြည်လုံးက လူတွေကို တပည့်လို့ ယူဆပြီး နေရာတိုင်း ဆရာကြီး လုပ်ချင်တယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ့်မိသားစု တစ်စု လွတ်မြောက်ရေး အတွက် ပြည်ပ နိုင်ငံတွေမှာ နေကြတဲ့ မြန်မာတချို့က ပိုဆိုးသေးတယ်။ သူတို့မှပညာရှင်၊ သူတို့မှ ဒီမိုကရေစီ သူရဲကောင်း။ ဟိုရောက်မှ လက်ပူ တိုက်ပေးတဲ့ သင်တန်းတွေတက်၊ ဒီမိုကရေစီ သမ္မာကျမ်းတွေ အာဂုံဆောင်ပြီး ကြက်တူရွေး ပညာရှင် လုပ်နေကြတာ နားကလော လွန်းလှတယ်။

ကြောက်လို့ထွက်ပြေးတာ ဘယ်သူလဲ
ကိုယ့်ကြောင်းနဲ့ကိုယ် နိုင်ငံခြားသွားနေကြတာနေပါ။ ဘာမှပြောစရာ မရှိပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်။ ကိုယ့်စီးပွား ကိုယ်ရှာပြီး အေးအေးနေကြပါ။ အထဲကလူတွေကို အတုံး အ အ တွေလို့ သဘောထားပြီး ဒီမိုကရေစီ ဂုရုကြီးတွေ မလုပ်ကြပါနဲ့။ အထဲက လူတွေ ကြောက်နေကြတယ် ဆိုတဲ့ စကားတော့ ယောင်လို့တောင် မပြောပါနဲ့။ ကြောက်လို့ ထွက်ပြေးတာ ဘယ်သူတွေလဲ ဆိုတာ တစ်နိုင်ငံလုံး သိကြပါတယ်။ အင်တာနက်ခေတ်၊ ဂလိုဘယ်ခေတ်နဲ့ ပါးစပ်က အမြှုပ် ထွက်အောင် အော်နေကြပေမယ့် အင်တာနက်ရဲ့ အစွမ်းကိုတော့ ဘာမှ သေချာ ရေရာ သိကြတာ မဟုတ်ပါဘူး။ ဒါကြောင့် ဂုရုကြီး လုပ်နေကြတာ။

ဖြီးတာကို ဖြီးမှန်းသိ
အင်တာနက်ကို မြန်မာလူငယ်တွေ ကောင်းကောင်း အသုံးချ တတ်ပါတယ်။ အင်္ဂလန်က၊ အမေရိကန်က၊ သြစတြေးလျက၊ စင်ကာပူက ကွန်ပျူတာ မဟာဘွဲ့ရတဲ့ လူငယ်တွေ မြန်မာပြည်မှာ အများကြီး ရှိပါတယ်။ အင်တာနက်ကို အသုံးချပြီး ကိုယ်လိုချင်တဲ့ ပညာရပ် မျိုးစုံကို လေ့လာ နေကြပါတယ်။ လူတွေဟာ အထူးသဖြင့် လူငယ်တွေဟာ မတုံး မအ ကြတော့ဘူး။ ဖြီးတာကို ဖြီးမှန်းသိတယ်။ လိမ်တာကို လိမ်မှန်းသိတယ်။ ဘယ်သူတွေဟာ ခြံစည်းရိုး ပေါ်ခွထိုင်ပြီး နှစ်ဖက်စလုံးက ပေးစာ ကမ်းစာကို စားသောက် နေကြတာလဲ ဆိုတာလည်း သိတယ်။ ဘယ်သူတွေ နှစ်ဖက်ချွန် လုပ်နေတာလဲ ဆိုတာလည်း သိတယ်။ ဒီခေတ်က (Citizen Journalist) လူထု သတင်းသမားခေတ်လေ။ လူတွေကြားမှာ သတင်းတွေဟာ မရပ်မနား အစုန်အဆန် စီးဆင်း နေကြပါတယ်။

ကွန်ရက်ထဲမှာ သိန်းချီရှိ
သတင်းကို စီအင်န်အင်န်တစ်ခုတည်းက ဖန်တီးတဲ့ခေတ် ကုန်ဆုံးသွားပြီ။ အယ်လ်ဂျာ ဇီးရား (aljazeera) လည်း ပေါ်နေပြီ။ ၀က်ဘ်ဆိုက်တွေနဲ့ ဘလော့ဂ်တွေလည်း ကွန်ရက်ထဲမှာ သိန်းနဲ့ချီ ရှိနေကြပြီ။ အမေရိကမှာနေမှ နယူးယောက်တိုင်း ဖတ်နိုင်တဲ့ခေတ် နိဂုံး ချုပ်သွားပြီ။ ဂျက်(ကွမ်းခြံကုန်း) ရဲ့ ၀ါးဘလောက် သောက်ကလည်း နယူးယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်၊ ကြိုက်တဲ့ သတင်းစာ ရွေးဖတ်နိုင်တဲ့ခေတ် ရောက်နေပြီ။ ဒီခေတ်ဟာ လူစွမ်းများခေတ်၊ သူရဲကောင်းများခေတ် မဟုတ်တော့သလို ခေတ်ပျက် ဂုရုတွေရဲ့ခေတ်လည်း မဟုတ်တော့ဘူး။ အင်တာနက်က ကမ္ဘာကြီး တစ်ခုလုံးကို လူထုခေတ်အဖြစ် ပြောင်းပစ်လိုက်ပြီ။

ဗိုလ်ချုပ်က သမိုင်းဖန်တီးတာလား
ဒါကိုနားမလည်ဘဲနဲ့သမိုင်းဆိုတာ ချာချီလို၊ ရုစဗဲ့လို ခေါင်းဆောင်ကြီးတွေက ဖန်တီးတာ။ လူထုဆိုတာ နောက်လိုက်တွေ သက်သက်ပဲ လို့ ပြောနေကြတာ ဖြစ်တယ်။ ဒီဂုရုတွေက ဗိုလ်ချုပ်အောင်ဆန်းလို၊ သခင်ဖိုးလှကြီးလို၊ ဆရာစံလို ပုဂ္ဂိုလ်တွေကို လက်ညှိုး ထိုးပြလေ့ရှိတယ်။ ရေနံမြေ သပိတ်ကြီးကို သခင်ဖိုးလှကြီးက ဖန်တီးသယောင် ပြောဆိုကြတယ်။ တကယ်က ရေနံမြေ သပိတ်ကြီးက သခင်ဖိုးလှကြီး ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ကို မွေးထုတ်ခဲ့တာ ဖြစ်တယ်။ တို့ဗမာ အစည်းအရုံး ကြီးကို သခင်အောင်ဆန်းက မွေးထုတ် လိုက်တာ မဟုတ်ဘူး။ တို့ဗမာ အစည်းအရုံးကြီးက ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းကို မျိုးချစ် နိုင်ငံရေးသမား တစ်ယောက် ဖြစ်အောင် ဖန်တီး ပေးလိုက်တာ ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်း ရယ်လို့ ဖြစ်လာအောင်လည်း ၁၉၃၆ ကျောင်းသား သပိတ်ကြီးက မွေးထုတ် လိုက်တာဖြစ်တယ်။ အလားတူပဲ ဂျဒ်ဆင်ကောလိပ် ကျောင်းသားလေး မောင်အောင်ကျော်ကိုလည်း အာဇာနည် ဗိုလ်အောင်ကျော် ဖြစ်အောင် ကျောင်းသား လှုပ်ရှားမှုကြီးက မွေးထုတ် ခဲ့တာဖြစ်တယ်။ မောင်အောင်ဆန်း၊ မောင်အောင်ကျော်တို့က ကျောင်းသား လှုပ်ရှားမှုကြီးကို မွေးထုတ်လိုက်တာ မဟုတ်ဘူး။

သခင်အဖွဲ့စတင်တည်ထောင်သူ
တို့ဗမာအစည်းအရုံးကြီးကို စတင်တည်ထောင်ပြီး 'သခင်' ဆိုတဲ့ အမည်ကို စပြီး သုံးခဲ့သူက စာရေးဆရာကြီး သခင်ဘသောင်း ဆိုတဲ့ လူတော်ကြီး တစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်း ကျတော့ သူတို့ဟာ တို့ဗမာ အစည်းအရုံးကြီးနဲ့ ကင်းကွာသွားပြီး လွတ်လပ်ရေး တိုက်ပွဲတွေနဲ့လည်း အဆက် ပြတ်သွားခဲ့တယ်။ တိုက်ပွဲနဲ့ အဆက်ပြတ် သွားတာနဲ့ လူထုနဲ့လည်း အလှမ်း ကွာဝေး သွားခဲ့တယ်။
၁၉၆၀ ခုနှစ် အိမ်စောင့် အစိုးရခေတ် တည်မြဲ-သန့်ရှင်းတို့ ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲမှာ သူဟာ နတ်မောက် မဲဆန္ဒနယ် တစ်သီးပုဂ္ဂလ အမတ်လောင်း အဖြစ် ၀င်ရောက် အရွေးခံရာမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးမဲ အရေအတွက်တောင် မရလိုက်ပါဘူး။ အဲဒါကြောင့် တင်ထားတဲ့ အာမခံကြေးတောင် ပြန်မရတော့ဘဲ အဆုံး ခံလိုက်ရပါတယ်။

အထင်အရှားသိနိုင်တယ်
သခင်ဘသောင်းဆိုတာ အင်မတန်ထူးချွန် ထက်မြက်တဲ့ စာရေးဆရာကြီး တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေး သမိုင်းကို မဖန်တီး နိုင်ရုံသာမက သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ တို့ဗမာ အစည်းအရုံး ကိုတောင် သူ့စိတ်ကြိုက် မဖန်တီး နိုင်ခဲ့ပါဘူး။ ထူးချွန်တဲ့ ခေါင်းဆောင်တွေက သမိုင်းကို ဖန်တီးတာလား၊ သမိုင်းက ခေါင်းဆောင်တွေကို မွေးထုတ် ပေးလိုက်တာလား ဆိုတဲ့ အချက်ကို ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့နဲ့ ဆရာသခင် ဘသောင်းရဲ့ ဖြစ်ကြောင်း ကုန်စင်ကို လေ့လာ လိုက်ရုံနဲ့ အထင်အရှား သိနိုင်ပါတယ်။ ဒါနဲ့တောင် မက်ထရိုပိုလစ်တန် အီလစ်တွေက မသိဘူး ဆိုတာတော့ ထူးဆန်း မနေဘူးလား။

အပေါ်လွှာကိုပဲ နီးစပ်အောင်
အသေအချာသုံးသပ်ကြည့်ရင်တော့ မထူးဆန်းဘူးဆိုတာ သိနိုင်တယ်။ သဘာဝ ကျစွာ ဖြစ်ပေါ် လာတာပါပဲ။ အဲဒီ မြို့ကြီးသား လူလည် ရေပေါ်ဆီ အီလစ်တွေ ဆိုတာက ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာပဲ ဝေ့၀ဲ နေခဲ့ကြတယ်။ ဘယ် လွတ်လပ်ရေး တိုက်ပွဲ စဉ်တွေမှာမှ ပါဝင်ခဲ့ဖူးခြင်း မရှိပါဘူး။ အပေါ်ယံလွှာမှာပဲ ဝေ့၀ဲ နေသူတွေ ဖြစ်တာကြောင့် အောက်ခြေ လူထု လူတန်းစားတွေနဲ့လည်း တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုး ပမာ အလှမ်း ကွာဝေးပါတယ်။ လူထုကို အထင်သေးပြီး ဘယ်တော့မှ နီးစပ်အောင် မကြိုးစားပါဘူး။ အောက်ခြေ အစား အပေါ်လွှာကိုပဲ နီးစပ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပြီး ရေပေါ်ဆီ လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ရယ်စရာဖြစ်မနေဘူးလား
အဲဒီလိုရေပေါ်ဆီလူတန်းစားတွေကပဲ သမိုင်းကို ပြည်သူလူထု အများက ဖန်တီးတာ ဆိုတဲ့ အယူအဆကို ပြက်ရယ် ပြုခဲ့ကြတာ ဖြစ်တယ်။ ပညာရှင်တွေကသာ တိုင်းပြည်ကို အုပ်ချုပ်ပြီး လူထုတွေ ကတော့ နောက်လိုက်ကောင်း ဖြစ်အောင် ကြိုးစား ကြဖို့ လိုတယ်လို့ ပါးစပ်က အမြှုပ် တစီစီ ထွက်အောင် အော်ဟစ် နေကြတာဖြစ်တယ်။ ဂလိုဘယ် အင်တာနက်ခေတ်၊ လူထု သတင်းသမားများရဲ့ ခေတ်မှာတောင် လူစွမ်းကောင်း ခေါင်းဆောင်ကောင်းတွေက သမိုင်းကို ဖန်တီးတယ်လို့ ပြောနေတာ ကတော့ ရယ်စရာ ဖြစ်မနေဘူးလား။

0 comments:

အပေါ်သို့