..............................

Saturday, October 9, 2010

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအတွက် ကြားနာမည်

ဝီရ
၀၈ အောက်တိုဘာ ၂၀၁၀

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး အယူခံအတွက် လာမည့် အောက်တိုဘာ (၁၈) ရက်နေ့တွင် ကြားနာမည် ဖြစ်ကြောင်း ရန်ကုန် ဗဟို တရားရုံးချုပ်က ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ထားတဲ့အပေါ် ပြင်ဆင်ပေးဖို့ အထူးအယူခံ အမှုအတွက် ကြားနာမှာ ဖြစ်ပါတယ်။ ဒီအယူခံက လွန်ခဲ့တဲ့ (၄) လကတည်းက ကျနော်တို့ တင်ထားတာပါ။ အခု ကြားနာမယ်ဆိုတော့ ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင် တွေ့ရဖို့ လုပ်သွားပါ့မယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်း လျှောက်ထား ခဲ့ရာမှ ယခုကဲ့သို့ ကြားနာရန် နေ့ရက် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “ပထမဆုံး ကြားနာတဲ့ရက်မှာ ကျနော်တို့ဘက်က ဘာကြောင့် အယူခံဝင်တာလဲ ဆိုတဲ့ လျှောက်လဲချက်ကို အရင် ကြားနာဖို့ ရှိပါတယ်။ ပြီးရင် အစိုးရဘက်က ရှေ့နေတွေ နှစ်ဘက် လျှောက်လဲတာ ရှိမယ်ထင်တယ်။ ဒီကြားနာပွဲကို သံတမန် အသိုင်းအဝိုင်းတွေလည်း တက်ခွင့်ရမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မည်ဟု ၎င်း၏ ရှေ့နေများက ဆိုသည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်းသွားပါပြီ။ ဒါကြောင့် အသက် မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ် အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေး အာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက် လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ပြီးပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရအရာရှိ တဦးက ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းဌာနက ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

မဲဆန္ဒရှင်စာရင်း ထုတ်ပြန်သည့်ရက် စက်တင်ဘာ (၂၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည် ဖော်ပြထားခြင်း မရှိသော်လည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးက ပြီးခဲ့သည့် စက်တင်ဘာ (၂၄) ရက်နေ့ ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြခဲ့၍ ရွေးကောက်ပွဲ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးနိုင်ဖွယ် ရှိသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့