..............................

Thursday, September 2, 2010

နအဖ၏ ရာဇသံကို ကရင်ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်

ရဲရင့်
၀၁ စက်တင်ဘာ ၂၀၁၀

နအဖစစ်အစိုးရက ရက်သတ္တတပတ်အတွင်း နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် ရာဇသံ ပေးသည်ကို ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့က လက်မခံနိုင်ကြောင်း ယနေ့ရက်စွဲဖြင့် မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ အကြောင်း ပြန်ကြားလိုက်သည်ဟု အဖွဲ့၏ တပ်မှူးတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ကို နယ်ခြားစောင့်တပ် ဖြစ်စေ၊ ဌာနေ ပြည်သူ့ စစ်ဖြစ်စေ (၇) ရက်အတွင်း အသွင်ပြောင်းရန် နအဖ နောက်ဆုံး သတ်မှတ်ရက်ကို လက်မခံနိုင်ကြောင်း အဖွဲ့၏ အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ ဥက္ကဋ္ဌ စောဌေးမောင်က ပြောကြားခဲ့ပြီးနောက် အကြောင်း ပြန်ကြားချက်ကို ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ တပ်မှူးက ပြောကြားသည်။

၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကော့ကရိတ်မှာရှိတဲ့ ဌာနချုပ် ထော့ကိုကိုးမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းဝေး ခေါ်တယ်။ အဖိုးဌေးမောင်က စည်းဝေးပွဲမှာ ငါတို့ပြန်လာတာ နယ်ခြားစောင့်တပ် လုပ်ဖို့၊ ပြည်သူ့စစ် လုပ်ဖို့ ပြန်လာတာ မဟုတ်ဘူး၊ ပြန်လာတုန်းက ပြောတာ တမျိုး၊ အခု ပြောတာကတမျိုး ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စ နောက်တက်မယ့် အဖွဲ့နဲ့ပဲ စကားပြောမယ်။ ကျနော်တို့ ကိုလည်း အားလုံး အရင်လိုပဲ နေကြပါလို့ ပြောတယ်” ဟု ဆိုသည်။

ယခင်လ (၂၄) ရက်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စောဌေးမောင်ကို အရှေ့တောင်တိုင်း တိုင်းမှူးက တပ်အသွင် ပြောင်းရေး ကိစ္စအတွက် မော်လမြိုင်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း စောဌေးမောင်က လက်မခံဘဲ ကိုယ်စားလှယ် အဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို တိုင်းမှူးက အသွင်ပြောင်းရန် (၇) ရက် အချိန်ပေးကြောင်း၊ သတ်မှတ်ရက် ကျော်လွန်ပါက တရားမ၀င် လက်နက်ကိုင် အဖွဲ့အဖြစ် သတ်မှတ်ကာ အရေးယူခြင်း ခံရမည်ဟု ပြောကြားခဲ့ကြောင်း ငြိမ်းချမ်းရေး ကောင်စီမှ ကိုယ်စားလှယ် အဖွဲ့ဝင် တဦးက ပြောသည်။

နောက်ဆုံးရက်အဖြစ် နအဖဘက်မှ သတ်မှတ်ပေးထားသည့်ရက်မှာ ယနေ့ပြီးဆုံး သွားသော်လည်း နအဖ ဘက်မှ တစုံတရာ လာရောက် ဆွေးနွေးခြင်း၊ စစ်ရေးအရ အင်အားသုံး တိုက်ခိုက်ခြင်းတို့ မရှိသေးကြောင်း ကရင် ငြိမ်းချမ်းရေး ကောင်စီ၏ တပ်မှူးက ပြောသည်။

၎င်းက “သူတို့ဘက်က စစ်ရေးအရ အင်အားသုံးလာရင်တော့ ကျနော်တို့ဘက်က ဘယ်လို တုံ့ပြန်ရမယ် ဆိုတာ အထက် အမိန့် အပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်နှင့် အဆင့်မြင့်ခေါင်းဆောင် (၂) ဦးတို့အား ခေတ်ပြိုင်က ဖုန်းအဆက် အသွယ် လုပ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။

နအဖက စစ်ရေးအရ အင်အားသုံး တိုက်ခိုက်လာပါက ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ကို မိမိတို့ နယ်မြေအတွင်း အခြေချခွင့် ပေးပြီး ပြန်လည် ၀င်ရောက်လာမည့် စစ်သည်များကိုလည်း လက်ခံ ကြိုဆိုသွားမည်ဟု ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ခေတ်ပြိုင်သို့ ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခု၊ ဖေဖော်ဝါရီ (၁၁) ရက်တွင် ကေအန်ယူမှ ခွဲထွက်၍ ကေအန်ယူ - ကေအန် အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အမည်ဖြင့် နအဖနှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ ၀င်အင်အား (၅၀၀) ခန့်ရှိသည်ဟု သိရသည်။

၁၉၈၉ ခုနှစ်မှစ၍ နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့ရှိပြီး အဆိုပါ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းလဲရန် နအဖ စစ်အစိုးရက ယမန်နှစ် ဧပြီလမှ စတင်ကာ ဖိအား ပေးလျက်ရှိသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့