..............................

Monday, August 30, 2010

တပ်မတော်ကိုယ်တိုင်က တိုင်းပြည်နဲ့ ထပ်တူ မတည်ငြိမ်တော့တဲ့ အခြေအနေ ဖြစ်လာတယ်

ဦးဝင်းတင်နဲ့ မေးခွန်းများ

သြဂုတ် ၂၉ ၊ ၂၀၁၀

သြဂုတ်လ ၂၇ ညနေခင်း မှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲလိုက်တယ်။ စစ်ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ သန်းရွှေ၊ မောင်အေးနဲ့ ရွှေမန်း တို့နဲ့အတူ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ အပါအ၀င် အနား ပေးလိုက်ပြီး အသက် ၆၀ အောက်တန်းက စစ်ခေါင်းဆောင် ငယ်တွေက နေရာ ၀င်ယူလိုက်ပါတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲသည် အခြေအနေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ ဟံသာဝတီ ဦးဝင်းတင်ကို သဘောထားကို မေးမြန်း ခဲ့ပါတယ်။ ဆရာကို မေးမြန်းတဲ့ အချိန်မှာ စနေနေ့ ၂၈ ရက် နေ့ခင်းအချိန်ဖြစ်တဲ့ အတွက် ပြည်တွင်းမှာ အထက်ပါ သတင်းနဲ့ ပတ်သက်ပြီး ပြောဆိုလှုပ်ရှားမှု သိပ်မရှိသေး ပါဘူး။ ပြည်ပက သတင်း ဌာနတွေကို ကိုးကားပြီးတော့သာ လူတွေ လက်တို့ ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ၂၈ ရက်နေ့ သတင်းစာတွေမှာလည်း အဆိုပါ ကြေညာချက်ကို တင်ဆက်ထားခြင်း မရှိပါဘူး။ အဲသည် ၂၈ မတိုင်ခင် ၂၇ မနက်ခင်း သတင်းစာများမှာ သြဂုတ် ၃၀၊ လာမယ့် တနလာင်္နေ့ကို နောက်ဆုံး ထားပြီး လွှ့တ်တော် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းဖို့ ရက်သတ်ထားလို့ ဒီစနေနဲ့ တနင်္ဂနွေတွေမှာ ရုံးတွေ၊ ဘဏ်တွေက အချိန်ပို ဖွင့်လှစ်ထားပေးမယ်လို့ ကြေညာ ထားတာပဲ ရှိပါတယ်။ အဲသည်တော့ စစ်အစိုးရဟာ သောကြာနေ့ တရားဝင်ရုံးချိန် နောက်ဆုံးအထိကို ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းရေးကိုသာ အာရုံပြုထားတယ်။ လာမည့် ၃၀ သြဂုတ်ထက် ကျော်လွန်ပြီးတော့ ကိုယ်စားလှယ် အမည်စာရင်းတွေ သွင်းနိုင်ဖို့ ရက်ရွှေ့ဆိုင်းဖို့ ဆန္ဒမရှိဘူး ဆိုတာပဲ ထင်ရှားတဲ့ အခြေအနေပဲ ရှိနေပါတယ်။

ပထမအနေနဲ့ ဆရာက ပြောဆိုရာမှာ …
“အခု စစ်ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့အဖွဲ့ဟာ သူတို့ ချမှတ်ထားတဲ့၊ ဦးဆောင်နေတဲ့ လမ်းစဉ်အတိုင်း နယ်စပ်က တိုင်းရင်းသား အဖွဲ့တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စ ၀င်ရေး မ၀င်ရေးကို ပြေလည်အောင် မရှင်းလင်း ရသေးဘူး။ အောက်ခြေက စစ်သားတွေ၊ အရာရှိ ငယ်တွေရဲ့ လစာ၊ ဆုကြေး အကြပ်အတည်း အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြေရှင်း ပေးစရာတွေ မလုပ်ရသေးဘူး။ သူတို့ရဲ့ နိုင်ငံရေးပါတီ၊ တပ်မတော်ပါတီ ဖြစ်တဲ့ ကြံ့ခိုင် ဖွံဖြိုးရေး အဖွဲ့ အနေနဲ့ ကိုယ်စားလှယ်တွေ သတ်မှတ်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ နောက်ဆုံးရက်မှာ စာရင်းတင်သွင်း ထုတ်ပြန်နိုင်ဖို့၊ စီမံ စရာတွေလည်း ပြီးပြတ်အောင် မလုပ်ရသေးဘူး။ တပ်မတော်ရဲ့ စစ်ရေး အာဏာတွေနဲ့ တိုင်းပြည်ရဲ့ လွှတ်တော်ကနေ လုပ်ကိုင်မယ့် နိုင်ငံရေး အာဏာတွေကိုလည်း ရွေးကောက်ပွဲ ပြီးပြတ်သွားတဲ့ အချိန်အထိ အဆင့်အဆင့် ခွဲခြမ်းတာ၊ လွှဲပြောင်းတာတွေလည်း စောင့်ပြီး စိတ်တိုင်းကျ သြဇာသုံး လုပ်ကိုင်ဖို့တွေလည်း မလုပ်ရသေးဘူး …။ ဒီလိုမျိုး အခြေအနေမျိုးတွေမှာ ဒီ စစ်ဗိုလ်ချုပ်ကြီးတွေ အနားယူ လိုက်ရတယ်ဆိုတာ မျှော်လင့် မထားတဲ့ အချိန်အခါမျိုး ဖြစ်နေတယ်လို့ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒီအချိန်က အေးအေးဆေးဆေး နေလို့ရတဲ့ အချိန် မဟုတ်ဘူး ”

သည်တော့ နောက်တက်လာတဲ့ စစ်ခေါင်းဆောင်အသစ်တွေ အပေါ်မှာ တင်ရှိလာတဲ့ မပြီးပြတ် သေးတဲ့ ဖြေရှင်းရမယ့် အရေးအခင်းတွေကို သူတို့တတွေက ဘယ်လို ဆောင်ရွက် ကြမှာလဲ။

“ပထမဦး ရှင်းရမယ့်ကိစ္စက နယ်စပ်ကိစ္စတွေ ဖြစ်တယ်။ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ - ရွေးကောက်ပွဲ ၀င်မယ့် တိုင်းရင်းသား ပါတီတွေ၊ လက်နက်ကိုင် ထားမယ့် နယ်ခြားစောင့်တပ် ဖွဲ့စည်းတဲ့ ကိစ္စတွေ၊ ကရင်ပြည်နယ်၊ ၀ပြည်နယ်၊ တရုပ်ပြည်နယ်စပ်၊ မွန်တို့၊ စသည်ဖြင့်တွေ ရှိနေတယ်။ လာမည့် စက်တင်ဘာ လလယ်မှာတင်ကို နယ်ခြားစောင့်တပ် ကိစ္စက နောက်ဆုံးရက် အဖြစ် သတ်မှတ် ထားတယ်လို့ ဆိုတယ်။ ဒါတွေက နိုင်ငံရေး အားဖြင့် ရှင်းရမှာလား၊ စစ်ရေးအားဖြင့် ရှင်းရမှာလား။ အဲဒီအလုပ်တွေ ရှိနေတယ်။ ဒါကို စောင့်ကြည့် ရတော့မယ်။

နောက်ပြီးတော့ မြန်မာပြည်တွင်းမှာရှိနေတဲ့ အောက်ခြေက လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့ တပ်ရင်းတွေမှာ လစာ ငွေတွေ၊ ဆုကြေး ငွေတွေ စသည်ဖြင့် အကြပ်အတည်း တွေကို ဖြေရှင်းပေးရဖို့ ရှိတယ်။ အခုဟာက ဘယ်လိုပဲ သတင်းကို ပိတ်ဆို့ထားထား အားလုံးက သိရှိနေကြတယ်။ တပ်တွေက အချင်းချင်း အတွင်းမှာ သွားရောက်ပြီး ဖြေရှင်းနေကြတယ်။ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ ဒါတွေကိုလည်း အခုကာလမှာ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ အချိန် ဆွဲထားနေလို့ မရဘူး။

နိုင်ငံရေး ပြသနာတခုအနေနဲ့ ရှောင်လွှဲလို့ မရတဲ့ အရေးအခင်းကတော့ ရွေးကောက်ပွဲ ၀င်ကြရမယ့် ကိစ္စ။ လွှတ်တော်မှာ နေရာ ယူကြရမယ့် ကိစ္စတွေ ဖြစ်တယ်။ သြဂုတ် ၃၀ နောက်ဆုံးထားပြီး တပ်မတော်ရဲ့ ပါတီ ဦးသိန်းစိန်က စလို့ ကိုယ်စားလှယ်စာရင်း အပြီး တင်သွင်း ရတော့မယ်။ လက်ရှိ ရာထူး ယူထားတဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကလည်း ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ပြင်ဆင် လုပ်ကိုင် ကြရတော့မယ်။ ဒါတွေကို တပ်မတော်က ခေါင်းဆောင်သစ်တွေက ဘယ်လို စီစဉ်ပေးမှာလဲ။ အခု အနားယူတဲ့ ဗိုလ်ချုပ်ကြီးတွေကို သြဂုတ် ၃၀ အမီ ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပေးကြဖို့ ရှိသလား။

သူတို့ကိုယ်တိုင်ကလည်း လွှတ်တော်ရဲ့ ၂၅ % မှာ ၀င်ရောက် နေရာယူကြရမှာ ဖြစ်လို့ တပ်မတော်က ဦးရေ ၁၁၁ ဦးကို ရွေးချယ် ပေးရမယ်။ နောင်မှာ ပေါ်လာမယ့် အစိုးရ အဖွဲ့တွေ ဘာတွေမှာလည်း ၀င်ပြီး ပတ်သက်ဖို့ ဘယ်လို လာမှာလဲ။ တပ်မတော်က အနားယူသွားတဲ့ ခေါင်းဆောင် ကြီးတွေကို ဘယ်လိုမျိုး သဘော ထားမှာလဲ။ ဒါတွေကိုလည်း အခုကတည်းက ဆက်ပြီး လုပ်ကြရတော့မယ်။

အဲသည်လိုမျိုး အခု တက်လာတဲ့ စစ်ခေါင်းဆောင်သစ်တွေက ရှေ့က စစ်ဗိုလ်ချုပ်ကြီးတွေ ချမှတ် သွားတဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းကြဖို့ အရေးကြီးတဲ့ အချိန်အခါ နေရာမှာ ရောက်ရှိ နေတယ်လို့ ပြောချင်ပါတယ်။”

အဲသည်လို အခြေအနေဟာ အပေါ်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အတွင်းရေး အရေးအခင်း သက်သက် ပဲလား။ သာမန် ပြည်သူတွေနဲ့ တိုင်းပြည် တခုလုံးနဲ့ကော သက်ဆိုင်တယ်လို့ ဆိုနိုင်မလား။

အခုအချိန်မှာ ရှေ့က ချမှတ်ပေးထားတဲ့ စစ်ခေါင်းဆောင်ဟောင်းကြီး တွေရဲ့ လမ်းညွှန် ချက်တွေ၊ မူဝါဒတွေကို အကောင်အထည် ဆက်လက် ဖော်ဆောင် ကြတယ်ပဲ ဖြစ်ဖြစ်၊ အခု နေရာယူလာတဲ့ စစ်ခေါင်းဆောင် တွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ သီးခြား လမ်းစဉ်တွေ သဘောထားတွေ ချမှတ်ပြီး လုပ်ကိုင် ကြတယ်ပဲ ဖြစ်ဖြစ် … တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေဟာ နဂိုကတည်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အကြပ်အတည်းကို ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ နယ်စပ် ဒေသမှာ လက်နက်ကိုင် တိုင်းရင်းသား တွေနဲ့ အဖြေရှာရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်။

လက်ရှိမှာ တိုင်းပြည်ရဲ့အခြေအနေတွေ အားလုံးက မရေရာ၊ မသေချာတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါက တိုင်းပြည်ရဲ့ မတည်ငြိမ်မှုက တောက်လျောက် ဖြစ်နေခဲ့တာပဲ။ သို့သော် တပ်မတော် ခေါင်းဆောင်တွေ ကိုယ်တိုင်က အခုလို လွှဲပြောင်းမှုတွေကို ဗြုံးစားကြီး လုပ်လိုက်တဲ့ အခါကျတော့ တိုင်းပြည်တင် သာမကဘူး၊ တပ်မတော် ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့တဲ့ အခြေအနေ ဖြစ်နေတယ်ဆိုတာ ထင်ရှား သွားတယ်။ ဒါကို ပြနေတယ် လို့ ဆိုချင်တယ်။

ဒါကြောင့် အခုဖြစ်ရပ်ဟာ စစ်ခေါင်းဆောင်တွေအချင်းချင်း အပေါ်ပိုင်းမှာ သီးသန့် ဖြစ်ပျက် ကြတဲ့ အတွင်းရေး အရေးအခင်း သက်သက်လို့ မဆိုနိုင်ပါဘူး။ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေ မတည်ငြိမ်ဘူး၊ တပ်မတော် ကိုယ်တိုင်ကလည်း မတည်ငြိမ် တော့ဘူး ဖြစ်လာတယ်။

နယ်စပ်ဒေသမှာ နယ်ခြားစောင့်တပ်ပြသနာတွေ၊ တိုင်းရင်းသားပါတီအဖြစ် ရွေးကောက်ပွဲ ၀င်ရောက်မယ့် အရေး ကိစ္စတွေကို ဖြေရှင်းတဲ့ နေရာမှာ စစ်ရေးအရ ဖြေရှင်းမယ် ဆိုရင် ပြည်တွင်းစစ်တွေ ဖြစ်လာမယ်။ တပ်မတော် အတွင်းမှာလည်း အောက်ခြေက လက်နက်ကိုင်တပ်တွေရဲ့ စားဝတ်နေရေး အကြပ် အတည်းတွေ၊ လစာ၊ ဆုငွေကိစ္စတွေကို အင်အားသုံးပြီး ပစ်ခတ် နှိမ်နှင်းပြီး ဖြေရှင်းရင်လည်း ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အရေးအခင်းတွေ ဖြစ်လာမယ်။ ဒါဆိုရင် မတည်ငြိမ်မှုတွေ တတိုင်း ပြည်လုံးမှာ ဖြစ်ပွားတော့မှာ ဖြစ်တယ်လို့ မြင်တယ်။

ရွေးကောက်ပွဲပြီးမှ ဖြေရှင်းမယ်လို့ အချိန်ဆွဲနေလို့ ရတာ မဟုတ်ဘူး။”

လက်ရှိ ရွေးကောက်ပွဲ ကာလနဲ့ လွှတ်တော်ထဲ ၀င်ရောက်တဲ့အချိန် အထိ တပ်မတော် စစ် ခေါင်းဆောင်တွေ၊ ၂၅ % အဖြစ် ပါဝင်လာမယ့် တပ်မတော် ကိုယ်စားလှယ်တွေ၊ အနားယူသွားတဲ့ စစ်ခေါင်းဆောင် ကြီးတွေ နဲ့ တပ်မတော်ရဲ့ နိုင်ငံရေးပါတီ ကြံ့ဖွံ့ပါတီရဲ့ အခမ်း ကဏ္ဍတွေက ဘယ်လို ဖြစ်လာနိုင်သလဲ။ တိုင်းပြည် ကောင်းဖို့၊ သာယာဝပြောဖို့ဖက်ကို မျှော်လင့် နိုင်ပါသလား။


အခုတက်လာတဲ့ စစ်ခေါင်းဆောင်တွေလက်ထဲမှာက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် ပြီးအောင် လုပ်ကြရဖို့ တာဝန် ရှိနေတယ်။ ရွေးကောက်ပွဲကို တပ်မတော်ရဲ့ ပါတီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီ အနေနဲ့ နေရာအသီးသီး ရယူနိုင်ဖို့ လုပ်နေကြတယ်။ အဲသည်ထဲမှာ အနားယူသွားတဲ့ စစ်ခေါင်းဆောင် ကြီးတွေလည်း ပါချင် ပါနိုင် သေးတာပေါ့ကွာ။ သြဂုတ် ၃၀ ရက်နေ့မှ မရောက်သေးဘဲ။ ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော် ဖြစ်လာရင် စစ်ခေါင်းဆောင်ကြီး တွေကို အနားယူနေတဲ့ ဆီကနေ ဆွဲပြီးတော့ တင်ချင်လည်း တင်လို့ ရနိုင်သေးတယ်။ တပ်မတော်ရဲ့ ၂၅ % သော ကိုယ်စားလှယ် တွေကလည်း လွှတ်တော်ထဲမှာ အဆင်သင့် နေရာ ယူလာမှာတွေလည်း ရှိလာမှာ ဖြစ်တယ်။ အဲသည်လိုမျိုး အကြမ်းအားဖြင့် တွက်ချက်ကြည့်လို့ရတဲ့ အခမ်း ကဏ္ဍတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေအားလုံးက ပြောသလိုလည်း ဖြစ်လာနိုင်လို၊ အခုလိုမျိုး စစ်ခေါင်းဆောင် အပြောင်း အလဲတွေ နောက် တခုပြီးတခု ပေါ်လာနိုင်တဲ့ အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး အတွက် အကောင်းဖက်ကို ဦးတည်နိုင်ဖို့ မမျှော်လင့် နိုင်ပါဘူး။ မသေချာ၊ မရေရာမှုတွေနဲ့ ဆက်လက် ကြုံတွေ့ နေရတယ် လို့ ပြောချင်တယ်။

ကုလားအုပ်ရဲ့ ကျောကုန်းပေါ်ကို ကောက်ရိုးတွေ တမျှင်ချင်း တင်ရင်း တင်ရင်းနဲ့ တဖြေးဖြေး ၀န်က များများ လာရင်၊ နောက်ဆုံး ခံနိုင်ရည်အမှတ်ကို ကျော်သွားရင် ကုလားအုပ်က ခါးကျိုး သွားတာမျိုး ဖြစ်သလို၊ တိုင်းပြည်ရဲ့ အခြေအနေကလည်း အဲလိုမျိုး ယိုင်လဲ သွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောချင် ပါတယ်။

Ref: မိုးမခ

0 comments:

အပေါ်သို့