..............................

Wednesday, September 1, 2010

သူ့အလိုလိုပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ

ရဲဘော်ဖိုးသံချောင်း

၃၀ သြဂုတ် ၂၀၁၀

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲ ဖြတ်တာတွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာတွေ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲ တွေကနေပြီး ဘာအဓိပ္ပာယ် ဆောင်သလဲ၊ ဘာတွေဆက် ဖြစ်မလဲ ဆိုတာတွေကိုလည်း ပြောဆို ကြပါတယ်။ အတိုက်အခံတွေ အနေနဲ့ကတော့ နအဖထဲမှာ ရာထူး အာဏာကြောင့်မို့ ကွဲလွဲမှုတွေ ဖြစ်လာမလား၊ ဂိုဏ်းဂဏ္ဍ တိုက်ပွဲတွေ ပြင်းထန် လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ ကိစ္စလို့ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက် မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေ တုန်းမှာ လွှဲပြောင်း ပေးတယ် ဆိုတာဟာ မရှိသလောက် အဖြစ်အပျက်ပါ။ ဗိုလ်နေ၀င်းဟာ အသက် (၉၀) နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးက ဆောင့်တိုက် လိုက်တော့မှသာ တရားဝင် အာဏာကို စွန့်လွှတ် လိုက်တာ ဖြစ်ပါတယ်။ စွန့်လွှတ်တယ် ဆိုတာလည်း နောက်အာဏာရှင် တယောက်လက်ကို လွှဲခဲ့တာသာ ဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ နောက်ကွယ်ကနေ ကာလတခု ချုပ်ကိုင် နေခဲ့ပါသေးတယ်။ အခုလည်းပဲ နအဖရဲ့ ဒီခြေလှမ်းဟာ တိုင်းပြည် အာဏာကို လက်လွှတ်ဖို့၊ ဒါမှမဟုတ် လက်ဆုပ်ကလေး နည်းနည်းဖြေပေးဖို့ လုပ်တာလို့ တွက်ရင် မှားတယ်လို့ ထင်ပါတယ်။ ဗိုလ်သန်းရွှေဟာ အဘက်ဘက် သေချာအောင်၊ ပိုင်အောင်လုပ်ပြီး သေချာမှ ဒီလို ခြေလှမ်းမျိုးကို လှမ်းတာ ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ပြောရရင် သူတို့အနေနဲ့ သူတို့ကို အာဏာပလ္လင်ပေါ်က ပြုတ်ကျစေမှာမျိုး ဆိုရင် ဘာမှ မလုပ်ပါဘူး။ ဒီရွေးကောက်ပွဲကို မလုပ်လို့လည်း သူတို့မှာ ဘာမှမဖြစ်ပါဘူး။

ဒီတော့ ထိုင်နေ အကောင်းသား ထသွားမှ အကျိုးမှန်းသိတယ်ဆိုတာမျိုး ဖြစ်မယ့် ရွေးကောက်ပွဲမျိုးကို နအဖဗိုလ်ချုပ်တွေ မလုပ်တာသေချာပါတယ်။ ဒါတင်မက နအဖလုပ်နေပုံဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ တင်ခွင့်ရှိတဲ့ အမတ်နေရာ (၂၀) ရာခိုင်နှုန်းကိုပါ လက်ထဲက မလွတ်အောင် လုပ်နေတဲ့ပုံ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ၀င်မယ်လို့ ခါးတောင်း ကျိုက်ထား သူကြီးတွေ တယောက်ပြီး တယောက် ဘေးထိုင်သွားအောင် လုပ်နေတာ ကြည့်ရင် ဒါကို အလွယ်နဲ့ သဘောပေါက် နိုင်ပါတယ်။ အခု နောက်ဆုံးမှာတော့ ကိုယ့်ပြိုင်ဘက်လို့ ယူဆရသူတွေကို လောက်လေးခွနဲ့ တမင် ပစ်တဲ့ အဆင့်ကိုတောင် ရောက်နေပါပြီ။ ဖဆပလခေတ်က ပြူစောထီး ပြန်လာ နေပါပေါ့လား။

အလားတူပဲ အဲဒီရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်တဲ့ အခုစစ်တပ်ထိပ်ပိုင်း ကုလားဖန် ထိုးပွဲလည်း ဗိုလ်သန်းရွှေ အနေနဲ့ မီးမသေရင် မလုပ်ပါဘူး။ အကုန် သူ့ခြေသူ့လက် ပြင်ဆင်ပြီးမှ လှမ်းတဲ့ ခြေလှမ်းဖြစ်မှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင် လောကရဲ့ ထုံးစံအတိုင်း နံပါတ်တူး မထားတဲ့ နံပါတ်ဝမ်းရဲ့ စိတ်တိုင်းကျ စီမံချက်ဖြစ်ပါတယ်။ အဲတော့ ဗမာပြည် နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်း အနေနဲ့ အဲဒီငကန်းနေရာ ငစွေ နေရာယူတဲ့ ကိစ္စမျိုးထဲမှာ မျောပါသွားလို့ မဖြစ်ပါဘူး။ ဒီလောက်ရှင်းနေတဲ့ ကိစ္စမှာ နအဖ စစ်အစိုးရကို ကြံဖန် အမှတ်ပေးချင်တဲ့ အရင်အမေရိ ကန်သံအရာရှိဟောင်း ဆိုတဲ့ လူမျိုးကသာ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တာ၊ ပြောတာကို ကြားရ။ ဖတ်ရပါတယ်။ ဦးတင်ဦးလို ပုဂ္ဂိုလ်ပြောတာကို သတိထား နားထောင်ကြည့်ပါ။ စစ်အာဏာရှင်တွေ အကြောင်းကို နောကျေနေတယ်လို့ ဆိုလောက်တဲ့ သူက ဒါမျိုးတွေဟာ ဘာမှမဆန်းဘူး၊ ဘာမှ တွက်မနေကြနဲ့လို့ ပြောသွားတာဟာ မှတ်သားစရာ ကောင်းလှပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေအားလုံး ဒီအစီအမံကို ကျေနပ် သဘောကျကြတယ် လို့တော့ အလွယ်ပြောလို့ မရပါဘူး။ မုချပဲ မကျေနပ်တာ၊ နာလို ခံခက်ဖြစ်တာတွေ ရှိမှာပါ။ ဒီတကွေ့မှာ နအဖ စစ်အုပ်စု တခုလုံး အဖို့ကတော့ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင် ဖြစ်မှာပါ။ ဒါပေမယ့် ဒီထဲက တချို့သော ဗိုလ်ချုပ်တွေ တဦးချင်း အဖို့တော့ သူဌေးဖြစ် ခွေးဖြစ် ပုံအော ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကံမှောက်မှားလို့ ရွေးကောက်ပွဲမှာ မတော်တဆ ရှုံးသွားတဲ့ စစ်တပ် ထိပ်ပိုင်းတွေဟာ ဒီအရှုံးကို လက်သင့် ခံနိုင်ပါ့မလားဆိုတာ မေးစရာဖြစ်လာပါတယ်။ အမှန်ပါပဲ၊ အာဏာရဲ့အရသာကို မြိန်မြိန် ရှက်ရှက်ကြီး မှီဝဲ ဖူးထားကြသူတွေ ဖြစ်တဲ့အတိုင်း သူတို့ဟာ အာဏာဆိုရင် တိုးလို့သာ ရချင်မယ်၊ ရပြီးသားကို လက်မလွှတ် ချင်တာကတော့ အထူး ပြောနေစရာ မလိုပါဘူး။ သူတို့ဟာ ဦးပုည ရေးသလိုပဲ အာဏာကလေး တရွေးလောက်ရှိရင် “အင်မတိ အင်မတန်၊ စံချင်တိုင်း စံရတယ်” ဆိုတာကို ကောင်းကောင်း သိနေကြတယ် ဆိုတာကို ဗိုလ်သန်းရွှေ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေ အနေနဲ့ သူ့လူတွေ အတွက် ခြေမမြဲ လက်မြဲအောင် စီမံ ပေးထားလိမ့်မယ်လို့ ယုံကြည် ရပါတယ်။

ဒါတွေကြောင့် လက်ရှိအခြေအနေမှာ ဒင်းတို့တွင်း ပဋိပက္ခတွေဟာ ပြင်းထန် သဲသန် လာမယ့်၊ ပေါက်ကွဲ ထွက်လာမယ့် အနေအထားတော့ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။ တကယ်လို့ နအဖ ဗိုလ်ချုပ်တွေ အတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင် အကျိုးစီးပွားတွေကြောင့် ကွဲကြတယ်ဆိုရင် ပြည်သူလူထု အတွက် အကျိုးရှိဖွယ်ရာ သိပ်မမြင်ပါဘူး။ (ဒီလိုအဖြစ်ဟာ တချိန်မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး) အဲဒီလို သူတို့ချင်း စစ်တပ်ကြီးတွေနဲ့ တိုက်ကြတယ် ဆိုရင် ဒါဟာ စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်းရေး အတွက်ပဲဖြစ်မှာပါ။ ပြည်သူလူထုဟာ မြေဇာပင် အခန်းလောက်ပဲ ပါရမှာပါ။

ဖိနှိပ်တဲ့အုပ်စိုးသူရဲ့ စစ်တပ် ပြိုကွဲတယ်ဆိုတာမှာ အကြောင်းရင်းတွေက အမျိုးမျိုး ဖြစ်နိုင်ကြောင်း သမိုင်း အတွေ့အကြုံတွေ အရ သိရပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထု အတွက် အကျိုး အရှိနိုင်ဆုံးဟာ လူထု လှုပ်ရှားမှုရဲ့ဖိအားကြောင့် ကွဲထွက်ခြင်းမျိုးသာ ဖြစ်ပါတယ်။ ဒါကို ဗိုလ်နေ၀င်းကအစ ဗမာပြည်က စစ်အုပ်စု ထိပ်သီးတွေဟာလည်း ကောင်းကောင်း နားလည်ရုံမက အစိုးရိမ်ဆုံးလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံး တုန်းက ဗိုလ်နေ၀င်းက ဗိုလ်စောမောင်ကို အာဏာ သိမ်းခိုင်း လိုက်တာဟာ သူတို့ စစ်တပ်ထဲက တချို့ လူထုတိုက်ပွဲထဲကို ပါဝင်လာတာ စပြီး တွေ့ရလာလို့ ဖြစ်ပါတယ်။ ဒါကိုတော့ သူတို့လုံးဝ လက်ပိုက် ကြည့်မနေနိုင်ပါဘူး။ အမြန်ဆုံး ဖြေရှင်း ပစ်ကြပါတယ်။

အမှန်ကတော့ နအဖရဲ့တပ်မတော်ထဲမှာ အောက်ခြေတပ်မှူးတပ်သား အများစုကြီးဟာ သူတို့ရဲ့ ထိပ်သီးတွေ လုပ်နေတာတွေကို ကျေနပ်ကြတာ မဟုတ်ပါဘူး။ ကိုယ်က အနာခံပြီး သူတို့က အသာ စံနေကြလို့ မကျေနပ်တာမျိုး ရှိသလို နိုင်ငံရေးအရ လေးလေးနက်နက် သဘောပေါက်ပြီး တနေ့မှာ သမိုင်း တရားခံဖြစ်မှာကို မလိုလား သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တကယ်လို့သာ အခုအချိန်မှာ တပ်မတော်ထဲက ကွဲထွက်လာတယ် ဆိုရင် သူတို့ဟာ ဘယ်သူတွေနဲ့ ပေါင်းရမှာလဲ။ ရှစ်လေးလုံး တုန်းကတော့ လမ်းမပေါ်က လူထုတွေထဲ ၀င်ပေါင်းလို့ ရပါရဲ့၊ အခုတော့ ဘာမှ မရှိဘူး ဖြစ်နေပါတယ်။ အဲဒီလို လက်တွဲစရာ မမြင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေတို့ လက်အောက်ကနေ အုံနဲ့ကျင်းနဲ့ ခွာထွက်လာဖို့ ဆိုတာ မလွယ်သေးပါဘူး။

ပြန်ချုပ်လိုက်ရင် အတိုက်အခံတွေအဖို့ ဘောလုံးဟာ ကိုယ့်ကွင်းဘက်မှာပဲ ရှိနေပါတယ်။ ကိုယ်က ဘာမှမလုပ်ဘဲ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ပြိုပျက်သွားမှာ မဟုတ်ဘူး ဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်အိမ်ရှေ့က အမှိုက်ပုံကြီးဟာ တယောက်ယောက်က မဖယ်ရှားရင် ပျောက်မသွားဘူး ဆိုတာလိုပါပဲ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့