..............................

Tuesday, August 31, 2010

ထိုင်းနယ်စပ် ၀ တပ်ဖွဲ့များမြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ်မပြန်ပါက တိုက်မည် ဟု နအဖ ခြိမ်းခြောက်

မွေခေါင်
Monday, 30 August 2010

မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက်အခြေစိုက်သော တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်ဒေသ အမှတ် ၁၇၁ လက်အောက်ခံ တပ်များ အားလုံး မြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ် မပြန်လျှင် ထိုးစစ် ဆင်မည်ဟု နအဖ ဖက်မှ ခြိမ်းခြောက် ထားကြောင်း စုံစမ်း သိရှိရပါသည်။

“တောင်ပိုင်း ၀ တပ်ဖွဲ့တွေ ပန်ဆန်းဘက် အားလုံး ပြောင်းခိုင်း ထားတယ်။ မပြောင်းဘူး ဆိုရင် စစ်ဖြစ်မယ်လို့ မိုင်းဆတ် ဒကစမှူးက ခြိမ်းခြောက်ထားတယ်” ဟု မိုင်းတုံ ဒေသခံတစ်ဦးက ပြောပါသည်။

သြဂတ်စ် ၂၇ ရက် နံနက်ပိုင်း မိုင်းဆတ်-မိုင်းတုံမှ နအဖစစ်အရာရှိအချို့ စစ်ကားကြီး ၆ စီး၊ ကားငယ် ၃ စီးဖြင့် မိုင်းတုံ အနောက်တောင်ဖက် မိုင်းကျွက်သို့ ခရီးထွက်ခဲ့၏။ မိုင်းကျွက် အခြေစိုက် တပ်မဟာ ၇၇၂ မှ ၀ အရာရှိများအား ခေါ်ယူပြောဆိုပြီး ညနေပိုင်း ပြန်သွားခဲ့ကြသည်။

နောက်တစ်နေ့ သြဂတ်စ် ၂၈ ရက် မိုင်းယွမ်းအခြေစိုက်တပ်မဟာ ၅၁၈ မှတပ်မှူး အပါအ၀င် ဖှိုးဝှီးကားအစီး ၂၀ ကျော် မိုင်းကျွက်သို့ ထွက်ခွါသွားကြသည်ဟု ဆို၏။

“အသက်သွေးချွေး/ငွေအား/ပစ္စည်းဥစ္စာတွေ အများကြီးရင်းနှီးထားရပြီမို့ ၀ ဖက်က တပ်ရုပ် မပေးနိုင်ဘူး။ နအဖဖက်က တိုက်မယ် ဆိုရင်လဲတိုက်ပေါ့။ သူတို့ သဘောအတိုင်းဘဲ” ဟု ၀ တပ်မှူးက ပြောဆိုကြောင်း မိုင်းကျွက် ဒေသခံတစ်ဦးက ပြောပါသည်။

ဝ တပ်ဖွဲ့စစ်ဒေသ ၁၇၁ လက်အောက်ခံတပ်မဟာ ၅ ခုရှိပြီး ၇၇၂ မိုင်းကျွက်၊ ၇၇၅ ဟွေအော့၊ ၇၇၈ ခိုင်းလုံ၊ ၂၄၈ ဟိုယွက်-ဟိုပန်နှင့် ၅၁၈ မိုင်းယွမ်းတို့၌ အသီးသီး အခြေစိုက်ကြသည်။

“၀ တပ်တွေ တပ်ရုပ်မပြန်ရင်စစ်ဖြစ်မယ်လို့ နအဖဖက်ကခြိမ်းခြောက်ထားပေမဲ့ တခြားဒေသက လာတဲ့ စစ်အင်အား ထပ်ဖြည့်တာ မတွေ့ရဘူး” ဟု ၎င်းက ဆက်လက် ပြောပါသည်။

တဖက်မှလည်း မိုင်းတုံမြို့နယ်အတွင်းရှိ ၀ ရွာသားများလာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီကို မဲပေးထောက်ခံ ရမည်ဟုလည်း ဒေသခံ နအဖ အာဏာပိုင်များ ပြောဆို ထားသည်။

မဲပေးပိုင်ခွင့်ရှိသူ ၀ လူထုစာရင်း ၅၀၀၀ ကို ၀ အုပ်ချုပ်ရေးအဖွဲ့ကစာရင်းတင်ပြ ခဲ့သော်လည်း ၂၀၀၈ ပြည်သူ့ ဆန္ဒ ခံယူပွဲ၌ ၀ လူထု စာရင်း ၈၀၀၀ ရှိသည်ဟု စာရင်း ရထားသဖြင့် စစ်ဆေး ရလိမ့်မည်ဟုလည်း နအဖက ဆို၏။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့