..............................

Friday, September 3, 2010

ပဲခူးမြို့ ရေဘေးဒုက္ခသည်များအတွက် ရိက္ခာလိုအပ်

တက်လူ
၀၂ စက်တင်ဘာ ၂၀၁၀

ပဲခူးမြစ်ရေတက်မှုကြောင့် ပဲခူးမြို့ပေါ် ပြည်သူတို့ စားရေးသောက်ရေး လိုအပ်နေပြီ ဖြစ်ကြောင်း ပဲခူးမြို့တွင် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေသော ဆရာတော် ဦးကိတ္တိက မိန့်ကြားသည်။

ပြီးခဲ့သည့် သြဂုတ် (၂၈) ရက်နေ့ကပင် မြစ်ရေတက်လာခြင်းဖြစ်ကာ စက်တင်ဘာ (၁) ရက်နေ့တွင်မှသာ အနည်းငယ် ကျသွားကြောင်း ဆရာတော်က မိန့်သည်။

ဆရာတော် ဦးကိတ္တိသည် ပဲခူးမြို့ ရွှေသာလျောင်းအနီး တောင်နံစု ပရဟိတ ကျောင်းတိုက်တွင် သီတင်းသုံးကာ ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နေသော ဆရာတော်ဖြစ်သည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနဧ။် စက်တင်ဘာ (၁) ရက်နေ့ တိုင်းတာချက်များအရ ပဲခူးမြစ်ရေသည် (၉၁၂) စင်တီမီတာတွင် ရောက်ရှိနေကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ပဲခူးဖြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၉၁၀) စင်တီမီတာဖြစ်သောကြောင့် ယင်းကြေညာချက်အရ စိုးရိမ်ရေ အမှတ်ထက် ကျော်နေသေးသည်ကို တွေ့ရသည်။

ပဲခူးမြစ်ရေတက်သည့်အတွက် အိုးအိမ်များ ရေလွှမ်းကာ ရေဘေးဒုက္ခသည် (၅,၀၀၀) ကျော်ခန့် ရှိနိုင်သည်ဟု ပဲခူးမြို့ခံတို့က ခန့်မှန်း နေသော်လည်း ယင်းသို့ ပြည်သူများ နေရာမဲ့ဖြစ်နေခြင်း အပေါ် ယနေ့တိုင် နိုင်ငံပိုင် သတင်းစာများက ဖော်ပြရေးသားခြင်း မရှိသေးပေ။

“လူပေါင်း (၅,၀၀၀) ကျော်ဆိုတာ ကျနော်တို့ ရပ်ကွက်အပါအ၀င် မဇင်းရပ်ကွက်၊ ကလျာနီရပ်ကွက်၊ ကျောက်ကြီးစု ရပ်ကွက်၊ ရွှေသာလျောင်း ရပ်ကွက်တွေမှာပဲ ပြောတာပါ။ ကျနော်တို့ ဇိုင်းဂနိုင်း ရပ်ကွက်တော့ ရေရေလည်လည်ကို အဆိုးဆုံးပဲ။ အခုရွှေနံ့သာ ဘုန်းကြီးကျောင်းမှာ နေကြတယ်။ လူပေါင်း (၆၀၀) ကျော် (၇၀၀) လောက်ရှိမယ်။ နောက်နေရာတွေမှာလည်း အများကြီးပဲ” ဟု ဇိုင်းဂနိုင်း ရပ်ကွက်သား တဦးက ပြောသည်။

ယနေ့ထုတ် နအဖသတင်းစာတွင် မြစ်ရေသည် စက်တင်ဘာ (၁) ရက်နေ့ နေ့လယ် (၁၂) နာရီ တိုင်းတာချက်အရ နောက်ထပ် (၂၄) နာရီအတွင်း စိုးရိမ်ရေ အမှတ်မှ ကျသွားနိုင်သည်ဟု ထုတ်ပြန်ထားသော်လည်း ခေတ်ပြိုင်က မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနသို့ မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် မြစ်ရေမည်ကဲ့သို့ အနေအထားရှိသည်ကို ခန့်မှန်းရမည့်ဌာန မဟုတ်ကြောင်း၊ ရသည့် သတင်းကိုသာ ထုတ်ပြန်ရမည့် ဌာနသာ ဖြစ်ကြောင်း ပြောကြားသည်။

ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် သြဂုတ် (၃၁) ရက်တွင် ကြီးမြင့်ခဲ့ရာ (၉၂၄) စင်တီမီတာသို့ပင် ရောက်ရှိခဲ့ကြောင်း၊ ယင်းနေ့က ပဲခူးမြို့ပေါ် အနေအထား အလွန် ဆိုးရွားသွားကြောင်း ပဲခူးမြို့ခံ တဦးက ပြောသည်။

“(၃၁) ရက်နေ့က အဆိုးဆုံးပဲဗျ၊ ရေကျနိုး ကျနိုးနဲ့ စောင့်နေရင်းက အများကြီး တက်လာတာဆိုတော့ နေစရာတွေလည်း အားလုံး ပျောက်ကုန်တော့တာပေါ့” ဟု ယင်းမြို့ခံက ဆိုသည်။

ဆရာတော် ဦးကတ္တိက ပြည်သူများကို ထမင်းထုတ်များပေးဝေမှု ပြုလုပ်ရာတွင် ပဲခူးမြို့ပေါ်မှ မီးသတ်ရဲဘော်များ၊ ကြက်ခြေနီများ လာရောက် ကူညီကြကြောင်း ပဲခူးမြို့ခံမျက်မြင်တဦးက ပြောသည်။

“အာဏာပိုင်တွေဘက်က လာပြီးတော့ နေရေးထိုင်ရေးတွေ အတွက်တော့ စီစဉ်ပေးတာ မတွေ့သေးဘူး။ ကြက်ခြေနီနဲ့ မီးသတ်ကတော့ ပါတယ်ဗျ။ အရေးအကြောင်းဆိုရင် သူတို့ကတော့ ၀င်ပါတာကို တွေ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့