..............................

Wednesday, September 1, 2010

တရုတ်စစ်သင်္ဘော (၂) စင်း သီလ၀ါဆိပ်ကမ်းသို့ရောက်

မျိုးချစ်သူ
၃၁ သြဂုတ် ၂၀၁၀

တရုတ်နိုင်ငံမှ စစ်သင်္ဘော (၂) စင်းသည် မြန်မာနိုင်ငံ ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ သီလ၀ါ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းသို့ ပြီးခဲ့သည့် သြဂုတ် (၂၉) ရက်တွင် ရောက်ရှိလာကြောင်း မြန်မာ စစ်အစိုးရက ရုပ်သံသတင်းနှင့် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာသည်။

အဆိုပါ စစ်သင်္ဘောနှစ်စင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ် တာဝန် တပ်ဖွဲ့မှ စစ်သင်္ဘော (၂) စင်းဖြစ်ပြီး ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခြင်းဖြစ်ကာ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှု ရရှိရေးအတွက် လေ့လာမှုများ ပြုလုပ်သွားမည်ဟု ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြသည်။

ယခုလာသော တရုတ်စစ်သင်္ဘောများမှာ စစ်ရေယာဉ်အမှတ် (၁၆၈) ဖျက်သင်္ဘော (Guanhzhou) ဂွမ်ဂျိုးနှင့် စစ်ရေယာဉ်အ မှတ် (၅၆၈) ဖရီးဂိတ်သင်္ဘော (Chaohu) ချောင်ဟူတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် (၅) ရက်ကြာ ခရီးစဉ်အဖြစ် စက်တင်ဘာ (၂) ရက်ထိ ရှိမည်ဟု သတင်းတွင် ဖော်ပြသည်။

ယင်းသို့ စစ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာသည်ကို ရန်ကုန်လူထုက တအံ့တသြ ဖြစ်နေကြပြီး မည်သည့် အတွက်ကြောင့် လာရောက်သည်ကို အလွန် စိတ်ဝင်စားနေကြသည်။

ရန်ကုန်မြို့ခံ အငြိမ်းစားကျောင်းဆရာကြီးတဦးက “သူတို့သတင်းမှာတော့ ချစ်ကြည်ရေး လာတယ်တဲ့။ ဒါပေမယ့်လည်း ဘယ်လို ယုံရမလဲ။ မြန်မာ စစ်အစိုးရက တရုတ်ကို ဘယ်လို ကိုးကွယ်တယ် ဆိုတာလည်း အားလုံး အသိပဲလေ။ အခု စစ်သဘောင်္ လာတယ်ဆိုတာ ကျနော်တို့ ပြည်သူတွေ အတွက်တော့ အတော့်ကို စိတ်ဝင်စားစရာပဲ” ဟု ပြောကြားသည်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတဦးက ယင်းသို့ စစ်သင်္ဘောလာရခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် တရုတ်ရေတပ် သင်္ဘောများနှင့် တရုတ်ရေတပ် စနစ်များကို အတုယူရန် ဖြစ်နိုင်သည်ဟု ဆိုသည်။

“တရုတ်စစ်သင်္ဘောလိုမျိုး မြန်မာနိုင်ငံမှာ မဆောက်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ အစိုးရက တရုတ်ကို အားကိုးတယ် ဆိုတာလည်း လူတိုင်းသိကြတာပဲ။ တရုတ်စစ်သင်္ဘောတွေလာတာ အကြောင်းမဲ့တော့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

တရုတ်စစ်သင်္ဘောများသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ကြောင်း မြန်မာ့ ရေတပ်အမှတ် (၃၆) မှ ရေယာဉ်မှူးကြီး တဦးက ပြောသည်။

၎င်းက “သူတို့ရောက်လာတဲ့ကာလမှာ ကျနော်တို့ ရေတပ်ကိုလည်း သူတို့လာရောက် လေ့လာကြမယ်။ အချင်းချင်း အပြန်အလှန် ဆွေးနွေးမှုတွေကို လုပ်မယ်” ဟု ပြောကြားသည်။

တရုတ်စစ်သင်္ဘောများကို မြန်မာရေတပ်မှ တာဝန်ရှိသူ ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးနှင့် တပ်မတော် ရေမှ အရာရှိကြီးများက ကြိုဆို ခဲ့ကြသည်ဟု သိရသည်။ တရုတ်စစ်သဘောင်္ များသည် ရန်ကုန် သီလ၀ါဆိပ်ကမ်းသို့ မလာမီ အီဂျစ်၊ အီတလီနဲ့ ဂရိနိုင်ငံများကိုပါ သွားရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည့်ကြားမှ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများ၊ လက်နက် ရောင်းချမှုများ ပြုလုပ်နေကာ မြန်မာ စစ်အစိုးရကို ထောက်ခံ အားပေးနေသည်ဟု နိုင်ငံတကာက ထောက်ပြ ပြောဆိုမှုများ ရှိခဲ့သည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) သည် ပြီးခဲ့သည့် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ နှစ်နိုင်ငံ ဆက်ဆံရေးများ တိုးမြှင့်ခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့