..............................

Friday, September 3, 2010

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဘယ်သူလဲ

ရန်ပိုင်
Thursday, September 02, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယူထားခဲ့သည့် အရေးကြီး ရာထူးဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ခန့်အပ် ခံရမည်ဟု သတင်း ထွက်နေသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို အများက စိတ်ဝင်စားလျက် ရှိကြသည်။

ဧရာဝတီက လေ့လာ သိရှိရသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဗိုလ်ချုပ် အသစ်များ၏ နောက်ကြောင်း ရာဇဝင်များကို ဖော်ပြလိုက်ပါသည်။

ရာထူး အပြောင်း အလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းအရ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဖြစ်လာကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူခဲ့ဖူးသော အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တို့လည်း တိုင်းမှူးအဖြစ် တာဝန် ယူဖူးခဲ့ကြသည်။

ယခု စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် အဖြစ် တာဝန်ယူလိုက်သည့် ဗိုလ်ချုပ် ကျော်ဆွေ သည်လည်း အနောက်တောင် တိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် မွန်ပြည်နယ် သထုံမြို့ ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၁၈) မှ ဖြစ်သည်။

စစ်တက္ကသိုလ် ဆင်းပြီးနောက် တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၂) တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၃-၁၉၈၄ ခုနှစ် ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် မဲသဝေါ တိုက်ပွဲတွင် “သူရ”ဘွဲ့ကို ရရှိခဲ့သည်ဟု ယခင် ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထို့နောက် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) –၂ ၏ ကစထမှူး ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ၏ စစ်ဦးစီး တတိယတန်း
(G-3)၊ ပဲခူးတိုင်း သာယာဝတီမြို့နယ် ခြေလျင်တပ်ရင်း ခလရ (၃၅) တွင် တပ်ရင်းမှူး၊ စစ်တက္ကသိုလ်တွင် နည်းပြချုပ် တာဝန်များ အဆင့်ဆင့် ပြောင်းလဲ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်တွင် ဗျူဟာမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဘုတ်ပြင်းမြို့တွင် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၈ ခုနှစ်၌ မြန်မာပိုင် ခရစ္စတီး ကျွန်းပေါ်တွင် သစ်ဝါး ခုတ်လှဲ ကာ အသက်မွေးဝမ်းကျောင်း ပြုနေသည့် မိန်းမများ၊ ကလေးများ အပါအဝင် စုစုပေါင်း ၅၉ ဦးနှင့် ထိုင်း ရေလုပ်သား ၂၂ ဦး ကို အထက် အမိန့်အရဟု ဆိုကာ သတ်ဖြတ်ခဲ့စဉ်က ပါဝင်ခဲ့သူတဦး ဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။

ထိုစစ်ဆင်ရေးတွင် လက်ရှိ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဇော်မင်းလည်း ပါဝင်သည် ဟု သိရသည်။

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ထိုမှတဆင့် ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် တပ်မ ၂၂ ၏ တပ်မမှူး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စသည့် တာဝန်များကို အဆင့်ဆင့် ယူခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်၏ နေရာတွင် စစ်ရေးချုပ် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ဒု ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည့် ဒု ဗိုလ်ချုပ်ကြီး ကိုကို မှာမူ အထက် အရာရှိများနှင့် ဆက်ဆံရာတွင် ပြေပြစ်ပြီး အရာရှိ အရာခံ အကြပ် တပ်သားများ အပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံသည်ဟု နာမည်ကြီးသူ ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် တာဝန် ယူထားသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မ ၄၄ တပ်မမှူး၊ တြိဂံတိုင်း တိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် စိတ်တိုလွယ်သူ တဦး ဖြစ်ပြီး အထက်အရာရှိ အမိန့်ကို တသဝေမတိမ်း လိုက်နာတတ်သူ ဖြစ်ကြောင်း၊ တပ်မများကို တာဝန်ယူ ကိုင်တွယ်စဉ် အရာရှိများကို ကိုယ်ထိလက်ရောက် ရိုက်နှက်ရာတွင် နာမည်ကြီးကြောင်း
နီးစပ်သူတဦးက ပြောသည်။

“သတင်းစာတွေ ကြမ်းပြင်ပေါ်ကျနေရင်တောင် လူကြီးတွေ ဓာတ်ပုံပါတယ်၊ ပြန်ကောက် ပြန်ကောက်ဆိုပြီး ပြောတာ” ဟု ၎င်းက ဆိုသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့