..............................

Friday, September 3, 2010

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ မ၀င်တော့

NEJ / ၀၂ စက်တင်ဘာ ၂၀၁၀

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း မရှိတော့ဘဲ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်တော့မည် မဟုတ်တော့ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသိန်းထွန်းက ပြောကြားသည်။

၎င်းက “၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပါဝင်ဖို့ မရှိတော့ဘူး။ ကျနော်တို့က ဒီကိုယ်စားလှယ်တွေ မတင်ဘူးလေ။ ငွေကြေး အခက်အခဲ ရှိလို့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံမှ ယခုနှစ် ဧပြီ (၅) ရက်တွင် ပါတီ တည်ထောင်ခွင့် ရရှိခဲ့ပြီး မေ (၂၇) ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့်ပြုချက် ရရှိခဲ့သည့် ပါတီဖြစ်သည်။

“ကျနော်တို့က အကျပ်အတည်း အခက်အခဲတွေ အများကြီးရှိလို့ပါ။ ငွေရေးကြေးရေး အခက်အခဲပါ။ ကော်မရှင် ဥပဒေ အရကတော့ တကယ်လို့ ပါတီ ကိုယ်စားလှယ်တွေ မတင်နိုင်ခဲ့ရင် သုံးဦးပေါ့။ လွှတ်တော် သုံးရပ်မှာ မရပ်တည်နိုင်ရင် ပါတီကို ဖျက်သိမ်းမယ့် သဘော ရှိတယ်လေ။ ကျနော်တို့ လူအင်အားစာရင်း (၂၄) ရက်နေ့ သွားတင်တယ်။ ကော်မရှင်က တခြားပါတီတွေဆို ကြေညာ ပေးတာပေါ့နော်။ အဲဒါလည်း ကျနော်တို့ကို မကြေညာသေးဘူး။ နောက်တခါ ဒီလွှတ်တော် ကိုယ်စားလှယ် စာရင်းတွေပေါ့နော် အဲဒါလည်း ကျနော်တို့ မတင်တဲ့ အခါကြတော့ ဒီကော်မရှင်က ဘာပြောမလဲတော့ မသိဘူး။ အဲဒါစောင့်နေတယ်” ဟု ဦးသိန်းထွန်းက ပြောသည်။

နိုင်ငံရေးပါတီ တခုအနေဖြင့် အနည်းဆုံး မဲဆန္ဒနယ်သုံးခုတွင် မိမိပါတီကို ကိုယ်စားပြု၍ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ၀င်ရောက် ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ယင်းပါတီအား နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိစေရဟု ၂ဝ၁ဝ ခု မတ် (၈) ရက်တွင် ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါရှိသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိတဦးကမူ လွှတ်တော် (၃) ရပ်အတွက် အနည်းဆုံး မဲဆန္ဒနယ်မြေ (၃) ခုတွင် ကိုယ်စားလှယ်လောင်း (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းနိုင်ခြင်း မရှိသည့် မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သည့် ပထမဦးဆုံး ပါတီ ဖြစ်လာနိုင်ကြောင်း ပြောဆိုသည်။

၎င်းက “မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာ မတွေ့ရဘူး။ ဒါကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ အရ နိုင်ငံရေးပါတီ အနေနဲ့ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ဘူး။ ဒါကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကပဲ တရားဝင် ကြေညာမလား၊ ဒါမှမဟုတ် အကြောင်းကြားစာ ပို့တာလောက်ပဲ လုပ်မလားဆိုတာ မပြောတတ်ဘူး” ဟု ဆိုသည်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်ပါတီ၏ ဥက္ကဋ္ဌမှာ ဦးဇင်အောင်ဖြစ်ပြီး ၎င်းသည် ၁၉၈၈ အရေးအခင်း နောက်ပိုင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင် ပါဝင် လှုပ်ရှားခဲ့သူတဦးဖြစ်သည်။ ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ချုပ်မှာ ဦးအောင်ကြီး ဖြစ်သည်။

ယခုအခါ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုပြီးသည့်ပါတီ (၄၂) ပါတီရှိပြီး ပါတီဝင်အင်အား စာရင်း တင်ပြပြီးသည့် နိုင်ငံရေး ပါတီပေါင်းမှာ စက်တင်ဘာ (၁) ရက်နေ့ထိ (၃၃) ပါတီ ရှိပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့