..............................

Thursday, May 20, 2010

ပြည်သူ့စစ် မလုပ်လိုသည့်အပစ်ရပ် SSA တပ်သားအချို့ထွက်ပြေး

Wednesday, 19 May 2010 22:03

ပြည်သူ့စစ် အသွင်ကူးပြောင်းရေး လက်ခံထားသည့် ဦးလွယ်မောဝ်း၏ တပ်ဖွဲ့မှ တပ်သားအချို့ ထွက်ပြေးပြီး အသွင်ပြောင်းရေး လက်မခံသည့် အဖွဲ့နှင့် လက်နက်ကိုင် တော်လှန်ဆဲ တပ်ဖွဲ့ထံ ကူးပြောင်း ပူးပေါင်းကြသည်ဟု စုံစမ်း သိရှိရပါသည်။

ဧပြီ ၂၄ ရက် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးသို့ ဦးလွယ်မောဝ် ခေါင်းဆောင်သည့် အပစ်ရပ် SSA ဌာနချုပ်တပ်ဖွဲ့၊ တပ်မဟာ ၃၊ တပ်မဟာ ၇ တပ်ဖွဲ့ဝင်အချို့ မေလဆန်းပိုင်းမှ စ၍ ထွက်ပြေး နေကြသည်ဟု အပစ်ရပ် SSA နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

“ပြည်သူ့စစ်ပြောင်းဖို့ တပ်မဟာ ၃ လက်ခံချိန်ကစပြီး မလုပ်ချင်တဲ့ တပ်သားတွေ တပ်မဟာ ၁ ဆီကို ကျိုးတို့ ကျဲတဲ သွားပေါင်းကြတယ်၊ စိန်ကျော့ဌာနချုပ် တပ်ဖွဲ့အပါအ၀င်၊ တပ်မဟာ ၃ ၊ ၇ တွေကလဲ တပ်မဟာ ၁ ဆီ သွားပေါင်းတာ ရှိသလို အဲ့ဘက် လှုပ်ရှားနေတဲ့ စ၀်ယွက်စစ် အဖွဲ့ထံကိုလဲ အင်အား ၃၀ - ၄၀ ကျော်သွားပေါင်း လိုက်ပြီ ပြောတယ်”- ဟု ဦးလွယ်မောဝ်း နှင့် နီးစပ်သည့် လားရှိုးသား တဦးကပြောပါသည်။

ထို့အတူ ခေါင်းဆောင်ဖြစ်သူ ဦးလွယ်မောဝ်းကိုယ်တိုင်ကလည်း လမ်းမှားလျှောက်မိပြီဖြစ်ကြောင်း၊ မိမိအား ပစ်ပယ်မထား သင့်ကြောင်း၊ တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖှထံ ကြားလူမှတဆင့် ဆက်သွယ် အကြောင်းကြား မေတ္တာ ရပ်ခံခဲ့သေးသည်ဟု အဆိုပါပုဂ္ဂိုလ် ဤကဲ့သို့ ဆက်၍ ပြောပြပါသည်။

“ဦးလွယ်မောဝ်းအပါအ၀င် တပ်ဖွဲ့ဝင်အားလုံးကို ပစ်ပယ်မထားဖို့ရယ်၊ နောက်ပြီး၂၀၀၅ - ၂၀၀၆ တုံးက ဒုဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့ လက်နက်ချ ဗိုလ်မှူးကြီးမိုင်းဇင့် (ကွယ်လွန်) တို့လို အချင်းချင်း ကွဲပြဲ တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသလို မဖြစ်ချင်ဘူး - စတာတွေကို တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖှကို ပြောတယ်”

ဝမ့်ဟိုင်းအခြေစိုက် အပစ်ရပ SSA တပ်မဟာ ၁ တပ်ဖွဲ့ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ အသွင်ပြောင်းလာစေရန် နားချ စည်းရုံးဖို့ ဦးလွယ်မောဝ်းနှင့် ဦးကိုင်ဖတို့အား နအဖ က ဆက်လက် ဖိအားပေးလျှက် ရှိသည်ဟု ဆို၏။

ထိုကဲ့သို့ တဘက်တွင်တပ်သားများ ထွက်ပြေးနေကြပြီး ကျန်တဘက်တွင်လည်း ဖိအားပေး ခံနေရသောကြောင့် ဦးလွယ်မောဝ်း အကြပ်ရိုက် ခေါင်းခဲနေသည်ဟုလည်း အဆိုပါ အသိုင်းအ၀ိုင်းက ပြောပါသည်။

စိန်ကျော့ဌာနချုပ်၊ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ စုစုပေါင်း အပစ်ရပ် သျှမ်းပြည်တပ်မတော် လူသူ လက်နက် အင်အား ၆၀၀၀ ခန့် ရှိသည်ဟုဆို၏။ အသွင်ပြောင်းရေး လုံးဝ လက်မခံသည့် တပ်မဟာ ၁ တွင်အင်အား ထက်ဝက်ကျော်ရှိသည်။ ထို့အပြင် ခေါင်းဆောင်ပိုင်းကြောင့် အသွင်ကူးပြောင်းရေး လက်ခံထားသည့် (ဌာနချုပ် တပ်ဖွဲ့ / တပ်မဟာ ၂ ခု) တပ်ဖွဲ့ဝင် ကေဒါတပ်သား အများအပြား ကလည်း အသွင်ပြောင်းရန် လုံးဝ ဆန္ဒ မရှိကြပေ။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့