..............................

Thursday, May 20, 2010

နယ်ခြားစောင့် တပ်ရင်းအသစ် ဖွင့်

ပေါက်ပေါက်
၁၉ မေလ ၂၀၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့အား အမှတ် (၁ဝဝ၉) နယ်ခြားစောင့် တပ်ရင်းအဖြစ် ပြောင်းသည့် တပ်ဖွင့်ပွဲ အခမ်းအနား တရပ်ကို ယမန်နေ့က တာချီလိတ်မြို့တွင် ပြုလုပ်သည်။

အဆိုပါ နယ်ခြားစောင့်တပ်ရင်း ဖွင့်ပွဲအခမ်းအနားကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေး အတွက် အဓိက တာဝန် ယူထားသော စစ်ဖက်ရေးရာ လုံခြုံရေးဌာန အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း စစ်အစိုးရပိုင် သတင်းစာများတွင် ရေးသား ဖော်ပြထားသည်။

နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးအတွက် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) နှင့် ကချင်ပြည်လွတ်လပ် ရေးအဖွဲ့ (KIO) စသည့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့ကြီးများက နယ်ခြားစောင့်တပ် အသွင်ပြောင်းကို လက်မခံဘဲ ဖြစ်နေချိန်တွင် ပြည်သူ့စစ် အဖွဲ့များကို နယ်ခြားစောင့် တပ်ရင်းများ ပြောင်းလဲ ဖွဲ့စည်းနေခြင်းဖြစ်သည်။

သေးငယ်သည့် ပြည်သူ့စစ်အဖွဲ့များကို နယ်ခြားစောင့်တပ်ရင်းအဆင့် တိုးမြှင့်နေခြင်းသည် လူထုအား ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် နယ်ခြားစောင့်တပ် လက်မခံသေးသည့် အပစ်ရပ် အဖွဲ့များကိုလည်း ရပ်တည်ချက် ဝေဝါးမှုဖြစ်စေရန် တမင် လုပ်နေခြင်း ဖြစ်သည်ဟု နယ်စပ်စစ်ရေး အကဲခတ် တဦးက ပြောသည်။

၎င်းက “မိုင်းတုံနဲ့မိုင်းယောင်းက မထင်မရှား လားဟူပြည်သူ့စစ်တွေကိုလည်း ဘော်ဒါဂတ် (၂) ရင်းဖွဲ့ထားတယ်။ အခု တာချီလိတ်ဘက်က ပြည်သူ့စစ် တွေကိုလည်း (၁) ရင်း ထပ်ဖွဲ့တယ်။ ထူးခြားတာက ဗိုလ်ရဲမြင့်ကိုယ်တိုင် တက်လိုက် သေးတယ်။ တပ်ရင်းတရင်း (၃၂၆) ယောက်နဲ့ ဖွဲ့ရမယ်ဆိုပေမယ့် လူပေါင်း (၁ဝဝ) လောက်နဲ့ ဖွဲ့နေကြတာ။ နယ်ခြားစောင့် တပ်တွေ ဖွဲ့နေကြပါလား ဆိုပြီး လူထု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာ။ ကျန်တဲ့ အဖွဲ့တွေကိုလည်း မင်းတို့တွေ လက်မခံရင်လည်း နေလိုက်၊ လက်ခံတဲ့ သူတွေနဲ့ ဖွဲ့တယ်ဆိုပြီး နအဖက လုပ်ပြနေတာ” ဟု ပြောသည်။

ယမန်နေ့က တာချီလိတ်တွင် ပြုလုပ်ခဲ့သည့် နယ်ခြားစောင့်တပ်ရင်းဖွင့်လှစ်ပွဲ အခမ်းအနားကို တရုတ်အစိုးရ အာဘော်ဖြစ်သည့် People's Daily online စာမျက်နှာ၌ ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ မိုင်းလားတပ်ဖွဲ့က နယ်ခြားစောင့် တပ်ဖွဲ့ကို တာချီလိတ်မြို့တွင် ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။

မိုင်းလားတပ်ဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ယခုအခါ ပိုနေမြဲ၊ ကျားနေမြဲ အနေအထားဖြင့် ဆက်လက် ရပ်တည်နေပြီး တာချီလိတ်တွင် နယ်ခြားစောင့်တပ်ရင်း ဖွဲ့စည်းခဲ့သည်ဆိုသည်မှာ မဟုတ်ပါကြောင်း အမည် မဖော်လိုသည့် မိုင်းလား တပ်ဖွဲ့ အရာရှိတဦးက ပြောသည်။

၎င်းက “ကျနော်တို့တပ်တွေက တာချီလိတ်မှာလည်း မရှိပါဘူး။ အဖွဲ့ကို သစ္စာဖောက်ပြီးလည်း အဲလိုလုပ်မှာ မဟုတ်ဘူး။ ခေါင်းဆောင်တွေ ချမှတ်ထားတဲ့အတိုင်း လိုက်နာသွားကြမှာပါ။ နယ်ခြားစောင့်တပ် ကိစ္စနဲ့ ပတ်သက်လို့တော့ သူတို့လည်း ထပ်ပြီး ဘာမှ မပြောလာဘူး၊ ဒီကလည်း သွားမပြောဘူး” ဟု ပြောသည်။

ယခုအခါ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်ရင်း (၃) ရင်း၊ ပိုင်စုန်ချိန် ဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီသစ် တပ်မတော် (MNDAA) လက်ကျန်အဖွဲ့မှ (၁) ရင်း၊ ကယားပြည်နယ် အထူးဒေသ (၂) ကလလတအဖွဲ့မှ (၂) ရင်း၊ မိုင်းယောင်း၊ မိုင်းတုံမြို့နယ်များအတွင်းမှ လားဟူ ပြည်သူ့စစ် အဖွဲ့များက (၂) ရင်းဟူ၍ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ကတည်းက စ၍ ဖွဲ့စည်းလာခဲ့ရာ ယခုဆိုလျှင် နယ်ခြားစောင့် တပ်ရင်း (၉) ရင်း ရှိသွားပြီဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့