..............................

Tuesday, May 18, 2010

“ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

မောင်ချင့်ချိန်
Monday, May 17, 2010

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အ ပါအဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့်ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေ အများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီး ပြည်သူလူထု တွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အ ကြတ်နေ့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲ လို့ ကမ္ဘာကရော မြန်မာပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းခဲ့ပြီး ကျောင်းသား လူငယ်လေးတွေက အစ သေနတ်ကိုင် ပြန်တိုက်တဲ့ခေတ် (၂၂ နှစ်ကာလ) မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ် သုံးရာကျော်ပြီလို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှ တလတကြိမ်နှုန်းလောက် ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီး ဗုံးကွဲတယ် ဆိုတာကို သိပ် စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီ၊ တိုင်းပြည် မတည်ငြိမ်ဘူး ဆိုပြီး ဆက်အုပ်ချုပ်လို့ ရအောင် သူတို့ဘာသူတို့ ခွဲတာနေမှာပါ ဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထား ခဲ့ကြပါတယ်။ ခု ဧပြီလ (၁၅) ရက်၊ သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်း ဖြစ်တာကြောင့်ရော၊ လူအများ အပြားထိ ခိုက်တာကြောင့်ရော၊ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေး တာဝန်ရှိ ရာထူးကြီးကြီး မားမား ပုဂ္ဂိုလ်များနဲ့ အာဏာပိုင် အသိုင်းအဝိုင်းကြား ထိခိုက်မှု များတာကြောင့်ရော၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စု အချင်းချင်း လုပ်တာလို့ အမျိုးမျိုး ပြောနေကြတာတွေ ကြောင့်ပါ ကမ္ဘာကရော မြန်မာပြည် သူတရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့တာပါ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်က ဗုံးတွေနဲ့ မတူပဲ သေဆုံးဒါဏ်ရာရ စာရင်းတွေကို ချက်ခြင်း ထုတ်ပြန် ကြေငြာခဲ့သလို ဂျာနယ် တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာကလွဲရင်) ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြခွင့် ပေးခဲ့ပါတယ်။ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်း ပေးမယ်လို့ တယက ကြေငြာချက် ထုတ်ပြန်ပြီး ရန်ကုန်တိုင်း မြို့နယ် ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါတယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ် သပြေကုန်း ရပ်ကွက်ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီး ဝပ်လို့ အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကို နေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရ စာပေ စိစစ်ရေးက ခွင့်ပြု ထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလည်း ဖေါ်ပြ ထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး သုံးပါတ် အကြာမှာတော့ အားလုံး သိပြီးတဲ့ အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲ အချော်ချော် သတင်းစာ ရှင်းပွဲလုပ်ပါတယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူ တယောက်ကို ဖမ်းမိထားတယ် ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့ အဖွဲ့များစွာကိုလည်း စွပ်စွဲ လိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲကို သေချာ လေ့လာ ပြီးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါ ဝင်ကျူးလွန်သူလို့ စစ်အစိုးရ ဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ် ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယ ဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရ ပြောတာတွေမို့လို့၊ စိတ်အခံကြောင့် လက်မခံတာမျိုး မဟုတ်ပဲ လုပ်ကြံ ဖန်တီးထားတဲ့ ဇတ်လမ်း ဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့ အလွဲတွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံဇတ် ထွင်ရသလဲ ဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့် တရားခံ အဖြစ် ပြခံရလဲဆိုတာ ပြောစရာ ရှိလာပါတယ်။

အဓိက လုပ်ကြံဇတ်ထွင်ရတဲ့ အကြောင်းက သူ့တပ် သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူ ဘာပြောပြော၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကို လိမ်ဘို့ ဆိုတာထက် သူ့တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းဘို့၊ အာဏာရှင် သန်းရွှေနဲ့ စဉ်းစားဥာဏ် မရှိတဲ့ သူ့တပ် အသိုင်းအဝိုင်းကို ပြန်လိမ်တာပါ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီး ပုဂ္ဂိုလ်များရဲ့ သားသမီးတွေ စုဝေးရာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အချစ်တော် မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါ လာသွား နေခဲ့ပါတယ်၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက သူ့အပိုင် စစ်ဒေ သမဟုတ်ဘဲ ဖိုးလပြည့်နဲ့ VIP သားသမီးများ လုံခြုံရေးအတွက် သီးသန့် လာစောင့် ပေးနေရတာပါ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဝင်ထွက်ခွင့် တံဆိပ်ပါ ကားတွေ ရပ်ထားပြီး ဗိုလ်မှူးကြီး ကိုယ်တိုင် လုံခြုံရေး ယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှူးနဲ့ မယကဥက္ကဋ္ဌ အပါအဝင် လုံခြုံရေးများစွာ ရှိနေတဲ့ကြားမှာ ကွဲခဲ့ ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့်ကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ တခြား VIP သားသမီး တချို့ကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ ဗိုလ်မှူးကြီး အုန်းချိုကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း တခုခုက လုပ်တာလို့ သူတို့ အချင်းချင်းကြားမှာကို ထင်ကြေးတွေ ယူဆချက်တွေ အမျိုးမျိုး ဖြစ်လာခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ် အိမ်ယာက နေပြည်တော် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလွင် နေအိမ်နဲ့ နယ်စပ် စည်ပင် ဒုဝန်ကြီး ဗိုလ်မှူးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေ တွေ့ခဲ့ပြီး သတင်း ထုတ်ပြန်ခြင်း မရှိပဲ ဖုံးကွယ် ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးမှ ခု သတင်းစာ ရှင်းပွဲမှ ထုတ်ပြောတာပါ)၊ ထောက်လှမ်းရေး အသိုင်းအဝိုင်းနဲ့ အရာရှိကြီးတွေသာ သိခဲ့ပြီး ချယ်ရီဥယာဉ် အိမ်ယာကို ဆောက်နေတဲ့ ဆာကူရာ ဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမား တွေကိုတောင် အဲဒီဝန်းထဲမှာပဲ ကျိတ်ပြီး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက် လေးစားမှု မရှိပဲ အကျိုးခံစားမှုတွေနဲ့၊ အမိန့် အာဏာတွေပေါ်
ကနေ ပတ်သက်နေကြတဲ့ အသိုင်းဝိုင်း ဖြစ်တာကြောင့်၊ သတင်း လုံခြုံမှု မရှိဘဲ ပေါက်ထွက်လာပြီး ပြည်ပ သတင်းဌာနတွေကနေ ပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား၊ တယောက်ကို တယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊ သင်္ကြန်ဗုံး ပေါက်မှုဟာ ပြဿနာပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာ မလုံမခြုံ ဖြစ်လာပြီး ဗုံးပေါက်ကွဲပြီး မကြာမှီ အဆင့်မြင့်အ ရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက် အင်အားစာရင်း ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါတယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကို ထိန်းဖို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေကို နှစ်သိမ့်နိုင်ဖို့၊ အသုံးမကျသလို ဖြစ်နေတဲ့ ရဲနဲ့ ထောက်လှမ်းရေး တွေရဲ့ သိက္ခာကို ကာကွယ်ဖို့၊ ပြည်သူတွေ ကြားမှာ ပြောနေတဲ့ စစ်အစိုးရ ကိုယ်တိုင် ခွဲတာပါကွာ ဆိုတာကို ရှင်းပြီးသား ဖြစ်အောင်လို့၊ အတိုက်အခံတွေကို နိုင်ငံရေးအရ ထိုးနှက်ရအောင်လို့ စသဖြင့် အကြောင်းရာတွေကြောင့် လုပ်ကြံဇတ် ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံအဖြစ် ပြခံရလဲ ဆိုတာက ဇတ်လမ်း ဖန်တီးလွယ်မယ့် ဆက်စပ်မှုမှာ ရှိနေလို့ပါ၊ ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော် တိုင်းမှူး အိမ်ရှိရာ ချယ်ရီ ဥယျာဉ်အိမ်ယာမှာ လျှပ်စစ်တာဝန်ခံ အင်ဂျင်နီယာအဖြစ် လုပ်ခဲ့ဖူးသူ တယောက်ဖြစ်ပြီး သံသယဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်က တရင်းတနှီး နေထိုင်ခဲ့တာကြောင့် အဲဒီဗုံး ကိစ္စမှာ စစ်မေးခံဖူးသူ၊ ထောက်လှမ်းရေးတွင် ခံဝန်လုပ်ထားရသူ ဖြစ်ပါတယ်။ သင်္ကြန်အပြီး ပြစ်ချက်ဟောင်းရှိသူ သံသယ ဖြစ်စရာ အားလုံးကို ဖမ်းတာမှာ ပြန်အဖမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ်အိမ်ယာ ဝန်းထဲမှာ အလုပ်သမားတွေရှေ့မှာ စစ်ဆေးတာမျိုး မဟုတ်ဘဲ စစ်ကြောရေး စခန်းမှာ ညှင်းပန်းနှိပ် စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာ ဖြစ်တဲ့အတွက် အရင်က နိုင်ငံရေး လုပ်ခဲ့တာတွေ၊ နိုင်ငံရေး နယ်ပယ်က သူတွေနဲ့ ပတ်သက် ခဲ့တာတွေကို ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာ ဂျီတီအိုင်မှာ ကိုးလေးလုံး အရေးအခင်းတွက် စာဖြန့်တယ်ဆိုပြီး ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေး ကင်းရှင်းပြီး ကောင်းမွန်စွာ နေထိုင် ကျောင်းတက်ပါမည်ဟု ဝန်ခံ လက်မှတ် ထိုးဘူးကြောင်း၊ ၂ဝဝ၇ သြဂုတ်လကုန်က ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီ ဈေးနှုန်း တက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင် ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်း စာကို အစ္စလာမ် ဘာသာဝင်များကြား ကိုယ်တိုင်ရေးသား ဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံ ဘုန်းကြီးကျောင်းကို ထရန်စဖေါ်မာ ဆင်ပေးနေချိန် ဖြစ်၍ ၎င်းသံဃာတော်များနှင့် အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့ သူများမှာ ၂ဝဝ၇ ပြီးနောက်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်သွားပြီ ဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

မူလထဲက လက်တွေ့ကျူးလွန်သူတွေကို မဖမ်းနိုင် မဖေါ်ထုတ်နိုင်လို့ တရားခံ အစားထိုးဘို့ ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့ တခြားစွပ်ဆွဲ သူတွေကို ဇွတ်ဆက်စပ် ရပါတော့တယ်။ တခြား စွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာ ပါဝင်ပတ်သက်တာ ဟုတ်မဟုတ် ဘယ်သူမှ မပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ ဇနီးကတော့ ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်း လုပ်ငန်းနဲ့ ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီးလုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူ တွဲပြီး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့) က တနေ့လုံးရန် ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျ ဝန်ထမ်းများ၊ လုံခြုံရေးများလည်း သိကြောင်း၊ လာဖမ်းသွားပြီး နောက်နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံးကိစ္စ စစ်မေးရန် ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူ ရှိနေတာပဲ၊ သူနဲ့မှ မဆိုင်တာ၊ ဒါဆို ပြန်လွတ်လာမှာပါ ပူမနေနဲ့ ပြောကြောင်း၊ ကျွန်မ အမျိုးသားက မတရား စွပ်ဆွဲခံရတာပါလို့ RFA ကို ပြောသွားတာ တွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင်ထားပြီး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က မိခင် ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာ ထက်ဝေအောင်တို့ ၁၅ မိနစ် တွေ့ခွင့် ရခဲ့ပါတယ်၊ ဒေါက်တာ ထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက်မှုမျိုး လုပ်ခံထားရပုံ ပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာ လေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ်၊ အဓိကကတော့ သူ မတရား ခံရတာဖြစ်ကြောင်း၊ လုံးဝ မပါတ်သက်ကြောင်း ပြောတာဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက ရှေ့နေ ဦးကျော်ဟိုးကို ငှားရမ်းထားပြီး ကိုယ်စားလှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကို သွားခဲ့တာမှာ ကိုဖြိုးဝေ အောင်နဲ့တွေ့ခွင့် မရခဲ့ဘဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုး လုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက် သက်တမ်းမှာ နိုင်ငံရေးမှုပဲ ဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှ မရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့် ပေးလိုက်ရင် ပုဒ်မ တခုခု တပ်ထားတာ ပြောရတော့မယ်၊ ထောင်ပို့ပြီး ဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူး ပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ) နဲ့ ပတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင် ဆီက အဖြစ်မှန် သိရတဲ့အခါ ရှေ့နေက သက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ ရန်ကင်းစင်တာက ဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေ ဖြစ်လာရင် လုပ်ကြံဇတ်လမ်း သတင်းစာရှင်းပွဲ ဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့် မပေး၊ သက်သေ ပြခွင့်မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှု မပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရား ထောင်ချမယ် ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဖို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကို လိမ်ညာ လှည့်ဖြားဖို့ ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင် ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင် လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင် ဖြစ်သွားနိုင်တာမို့ အခြေခံ အကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ် ဆိုးကို ဝိုင်းဝန်း တိုက်ဖျက်ကြပါစို့။

မောင်ချင့်ချိန်

Ref: နေ့သစ်

0 comments:

အပေါ်သို့