..............................

Wednesday, May 19, 2010

စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများကို မီးဖြတ် ကုန်ဈေးနှုန်း မြင့်တက်လာဖွယ်ရှိ

မျိုးဝင်းဇော် / ၁၈ မေလ ၂၀၁၀

ရန်ကုန်တိုင်းအတွင်းမှ စက်မှုဇုန်များ၊ မြို့တွင်းမှ လျှပ်စစ်မီးအသုံးပြု စက်မှုလက်မှု လုပ်ငန်းများ၊ ကုန်တိုက်၊ စူပါမားကက်၊ ဟိုတယ်၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း အားလုံးကို လျှပ်စစ်မီးပေးမှု လုံးဝ ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ကော်မတီက အတည်ပြု ပြောဆိုသည်။

ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးဌာနမှ တယ်လီဖုန်း ဖြေကြားသူတဦးက “ပြည်သူတွေကို မီးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလ (၁၅) ရက်က စပြီး စီးပွားရေး လုပ်ငန်းတွေကို ဖြတ်လိုက်တာပါ။ နေအိမ်တွေ မီးမရတော့ ရေတင်ရ ခက်ခဲတာ၊ အဲကွန်း၊ ပန်ကာ မသုံးနိုင်တော့ သက်ကြီးရွယ်အိုတွေ ခံနိုင်ရည် မရှိတော့ဘဲ သေဆုံးတာ အဲဒါတွေကို လူကြီးတွေ ပူပန်လို့ ခုလို လုပ်တာပါ။ နေအိမ်တွေကို အုပ်စုခွဲပြီး အခု တရက်ကို မီး (၆) နာရီ ပေးပါမယ်” ဟု ယနေ့ ရှင်းပြသည်။

ထို့ကြောင့် စက်မှုလက်မှု လုပ်ငန်းများသည် အချိန်ပြည့် မီးစက်များကို အသုံးပြုရတော့မည်ဖြစ်ပြီး ကုန်ဈေးနှုန်းများလည်း ကြီးမြင့် လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

ရာသီဥတု ပူပြင်းလွန်းခြင်း၊ လျှပ်စစ်ဓာတ်အားမရ၍ ရေမတင်နိုင်ခြင်း၊ နေအိမ်တွင်း မနေနိုင်ခြင်း စသည့် အခက်အခဲပေါင်း များစွာ ကြုံနေရသည့် ရန်ကုန်ပြည်သူများ အကြား ဆူပူမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့များ ပုံမှန် ကင်းလှည့် နေရကြောင်းလည်း ပန်းဆိုးတန်း လဝကရုံးမှ ရဲအရာရှိတဦးက ပြောသည်။

လှိုင်သာယာ စက်မှုဇုန်တွင် ရေခဲစက်တည်ထားသူတဦးက ၎င်းတို့အနေဖြင့် အချိန်ပြည့် မီးစက်ကြီးလည်ပြီး အလုပ် လုပ်နေရခြင်းကြောင့် ကုန်ကျစရိတ် များလာသည့်အပြင် ရေခဲကို အလျဉ်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိတော့ကြောင်း ပြောသည်။

ယခုကဲ့သို့ မီးပျက်နေသည့်အတွက် အလတ်တန်းစား စားသောက်ဆိုင် တဆိုင်တွင် တရက်လျှင် ဒီဇယ် (၁၅) ဂါလန်ခန့် အသုံးပြုနေရပြီး ကုန်ကျစရိတ် (၅) သောင်းနီးပါး၊ တလလျှင် ကျပ်(၁၅) သိန်းခန့်ရှိပြီး ရန်ကုန်မြို့ (၅၅) လမ်းရှိ ပုံနှိပ်စက်တို့မှာ တရက်ပျမ်းမျှ ဂါလန် (၈ဝ)၊ ကုန်ကျစရိတ် (၂) သိန်းခွဲ၊ တလလျင် (၇၅) သိန်းခန့် အပိုကုန်ကျကာ လှိုင်သာဘက်မှ အအေးခန်းစက်ရုံများ အပါအဝင် စက်ရုံကြီးတို့တွင် တနေ့ ဒီဇယ်ဂါလန် (၂ဝဝ) အထက်သုံးရပြီး တရက် ကျပ် (၆) သိန်း၊ တလ ကျပ်သိန်း (၁၈ဝ) ခန့် အပို ကုန်ကျနေရကြောင်း သိရသည်။

လုပ်ငန်းသုံးပါဝါမီတာများ မသုံးရတော့သည့်အတွက် လုပ်ငန်းရှင်များက ဒီဇယ်ဆီများ ၀ယ်ယူ အသုံးပြုရမည်ဖြစ်ရာ ဒီဇယ် တဂါလန်လျှင် (၃,၂၀၀) ကျပ်မှ (၃,၃၀၀) ကျပ်ထိ ဈေးမြင့်တက်လာနေကြောင်း ဆီကုန်သည်များက ပြောသည်။

အစိုးရက စီးပွားရေးသမားများရော၊ ပြည်သူများကိုပါ လျှပ်စစ်မီးရရှိရေး မဆောင်ရွက် ပေးနိုင်သည့်အတွက် ပြည်သူများမှာ ကိုယ့်ဘာသာကိုယ် ငွေကုန်ကြေးကျ ခံနေကြရကြောင်း စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

၎င်းက “ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ မလာတဲ့အထဲမှာ လျှပ်စစ်မီးကိစ္စလည်း ပါဝင်တယ်။ မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်တွေဟာ ခုလို လျှပ်စစ်မီး မရရှိမှု၊ တယ်လီဖုန်း၊ ကား ဈေးနှုန်းတွေ မတန်တဆ ကြီးမြင့်မှု စတဲ့ အခြေအနေ တွေကြောင့် ဘယ် အာဆီယံ နိုင်ငံတွေကိုမှ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး” ဟု ပြောဆိုသည်။

အစိုးရက ရန်ကုန်မြို့နေ ပြည်သူများကို တရက် လျှပ်စစ်မီး (၆) နာရီ ပေးမည်ဟု ကြေညာထားသော်လည်း မီးပေးနေသည့် အချိန်အတွင်း အကြိမ်ကြိမ် ပြတ်တောက်ခြင်း၊ အချိန်အနည်းငယ်သာ မီးရခြင်းမျိုးလည်း ကြုံရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ထိုသို့ ပြည်သူများ မီးပုံမှန်မရရှိချိန်တွင် နေပြည်တော် အစိုးရရုံး အဆောက်အဦတို့တွင်မူ မီးထိန်ထိန်လင်းပြီး အဲကွန်းများ သုံးနေကြဆဲ ဖြစ်ကြောင်း၊ ရေပန်း ဥယျာဉ်မှာလည်း ညဘက်တွင် ထိန်လင်းနေပြီး လျှပ်စစ်မီး အခက်အခဲ လုံးဝမရှိကြောင်း နေပြည်တော် ပြည်တွင်း အခွန်ဦးစီး ဌာနရုံးတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းတဦးက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက ၂ဝဝ၈ ခုနှစ်တွင် တနိုင်ငံလုံး လျှပ်စစ်မီး (၂၄) နာရီ ရရှိစေရမည်ဟု ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်အတွင်းက ကတိပေး ပြောဆိုခဲ့ဖူးသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့