..............................

Friday, May 21, 2010

ကချင်ပါတီများ ပါတီတည်ထောင်ခွင့်ပင် မရသေး

လင်းနိုင်ဦး
၂၀ မေလ ၂၀၁၀

နိုင်ငံရေးပါတီသစ်များအဖြစ် ပါတီတည်ထောင်လိုသော ပါတီအားလုံးနီးပါး ခန့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ခွင့် ပြုလိုက်သော်လည်း ကချင်ပါတီ (၃) ခု ကို ယနေ့အချိန်အထိ တည်ထောင်ခွင့် မပြုသေးသည့်အပေါ် စိတ်ပျက်မိကြောင်း ပါတီ ခေါင်းဆောင်များက ပြောကြားသည်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီမှ ကချင်ခေါင်းဆောင်တဦးက “ကျနော်တို့ပါတီဟာ ဧပြီ (၅) ရက်နေ့ ကတည်းက နေပြည်တော် သွားပြီး ပါတီ တည်ထောင်လိုကြောင်း လျောက်လွှာ သွားတင်ခဲ့တယ်။ ခု (၁) လခွဲ ကျော်လာတဲ့အထိ ပထမဦးဆုံး အဆင့်ဖြစ်တဲ့ ပါတီ တည်ထောင်ခွင့်တောင် မရသေးဘူး။ စာရင်းတွေကို ကြည့်လိုက်တော့ မေလ (၁၁) ရက်နေ့ထိ ပါတီသစ် စုစုပေါင်း (၃၁) ပါတီ တည်ထောင်ခွင့် သွားလျှောက် ထားခဲ့ကြတယ်။ အဲဒီထဲက (၂၈) ပါတီကို တည်ထောင်ခွင့် ပြုလိုက်ပြီး ကျနော်တို့ အပါအဝင် ကချင် (၃) ပါတီကိုတော့ ပါတီ တည်ထောင်ခွင့် ဒီနေ့ထက်ထိ ခွင့်မပြုသေးဘူး။ အံ့သြစရာ ကောင်းသလို စိတ်ပျက်စရာလည်း ကောင်းတယ်” ဟု ပြောသည်။

အဆိုပါ ကချင် (၃) ပါတီမှာ ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ၊ ယခင် အန်ဒီအေ အဖွဲ့မှာ တာဝန်ယူခဲ့ပြီး အဖွဲ့ အစည်းအတွင်း ပြဿနာကြောင့် သာမန် ပြည်သူဘဝဖြင့် မြစ်ကြီးနားမြို့တွင် နေထိုင်နေသည့် ဦးလယောက်ဇယ်လွန်း၊ ဦးဇုံးယိမ်း ဦးဆောင်သည့် ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ဦးဇော်တန် အပါအဝင် ကချင်အတိုင်ပင်ခံ ကောင်စီတွင် ပါဝင်ခဲ့ဖူးသူများ တည်ထောင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေး ပါတီတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကချင်ပါတီများ မှတ်ပုံတင်မကျသေးသည့်ကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့မှ ကချင် ခေါင်းဆောင် တဦးက “တိုင်းရင်းသားတွေကို ဒီမိုကရေစီ ဘောင်ထဲက အခွင့်အရေး မပေးရင် အခြားသော နည်းနာတွေဘက်ကို ရောက်အောင် တွန်းပို့သလို ဖြစ်သွားနိုင်တယ်။ အခုကိစ္စ ပါတီ တည်ထောင်ခွင့်ပြုတဲ့ အဆင့်ပဲ ရှိသေးပြီး တရားဝင်ပါတီ ဖြစ်ဖို့ အခြားအဆင့်များစွာ ကျန်နေသေးတယ်” ဟု ပြောသည်။

ထိုကချင်ပါတီ (၃) ခုအနေဖြင့် ပထမဦးဆုံးအဆင့် ပါတီတည်ထောင်ခွင့် မရသေးသဖြင့် မည်သည့် လှုပ်ရှားမှုမှ မလုပ်နိုင်သေးဘဲ စည်းရုံးရေး လုပ်ငန်းများ ရပ်ထားရချိန်၌ တစည ပါတီနှင့် ကြံ့ဖွံ့ပါတီတို့မှာမူ အစည်းအဝေးများ ပြောင်ပြောင်တင်းတင်း လုပ်ပြီး လူထုကို စည်းရုံး မဲဆွယ်နေကြပြီ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

အဆိုပါ ပါတီများသည် ပထမဦးဆုံးအဆင့် ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ရန် ခွင့်ပြုချက် ရရှိရန် လိုအပ်ပြီး ခွင့်ပြုချက် ရရှိပါက တလအတွင်း ပါတီခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင် နှစ်ဦး နေပြည်တော်သွား၍ ပါတီကို မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထား ရမည်ဖြစ်သည်။

ယင်းလျှောက်ထားချက်ကို စိစစ်ရန် လိုအပ်ပါက ပါတီမှ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံခြင်း၊ အထောက်အထား စာရွက်စာတမ်း တောင်းခံခြင်းများ ပြုလုပ်ပြီးမှ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြု၊ မပြု ဆုံးဖြတ်မည်ဖြစ်သည်။

မှတ်ပုံတင် ခွင့်ပြုချက် ရရှိသည့်ပါတီသည် ပါတီအမျိုးအစားအလိုက် (၃) လအတွင်း ပါတီဝင် (၅ဝဝ) သို့မဟုတ် (၁,ဝဝဝ) စည်းရုံးရမည် ဖြစ်ပြီး၊ ပါတီဝင်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဖြစ်ကာ ပါတီဝင်စာရင်း တင်ပြပြီးမှသာ ပါတီ အနေဖြင့် တရားဝင်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့တွင် ဖော်ပြထားသည်။

မေ (၁၈) ရက်ထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၃၈) ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၁၈) ပါတီအနက် (၅) ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း၊ ကျန်လျှောက်ထားသည့် ပါတီများကို ဆက်လက် စိစစ်လျက်ရှိကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့