..............................

Wednesday, May 19, 2010

မြန်မာစစ်အစိုးရက လျှပ်စစ်ဓာတ်အားလိုင်းများကို နျူကလီးယား စမ်းသပ်စက်ရုံများ အတွက် သုံးစွဲနေဟု သတင်းထွက်ပေါ်

မိုးမခအထောက်တော် ၀၀၂
မေ ၁၉၊ ၂၀၁၀

မြန်မာပြည် တ၀ှမ်းလုံးတွင် လျှပ်စစ်ဓာတ်အားများ အကြီးအကျယ်ပြတ်တောက်နေသည့် အပြင် ရန်ကုန်ရှိ စက်မှုဇုံများက ပါဝါ မီတာလိုင်းများကိုပါ ယာယီ ဖြတ်တောက်သည့် ဆောင်ရွက်ချက်များကြောင့် ရန်ကုန်မြို့နေ နည်းပညာရှင် အချို့က သုံးသပ်ရာတွင် ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အား များကို စစ်အစိုးရ၏ လျို့ဝှက် နျူကလီယားစမ်းသပ် စက်ရုံများအတွက် ဆွဲယူ သုံးစွဲနေသည်ဟု ခန့်မှန်းချက် ထွက်ပေါ်လာသည်။

“မြန်မာပြည်မှာ စွမ်းအင်သယံဇာတ အမြောက်အများရှိတယ်။ သဘာဝ ဓာတ်ငွေ့တွေကို ပြည်ပကို ရောင်းချ နိုင်တဲ့အထိ သူတို့ စီမံခန့်ခွဲနိုင်တယ်။ ပြည်တွင်းမှာ ရေအားလျှပ်စစ် သာမက၊ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်စွမ်းအင်ကို ထုတ်နိုင်တဲ့ အခြေအနေလည်း ရှိတယ်။ နေပြည်တော်မှာ မီးထိန်ထိန်သာတယ်။ ရန်ကုန်နဲ့ မြို့ကြီးတွေကို မီးမပေးချင်လို့ကို မပေးဘဲ ထားတာ။ သည်လိုမျိုး ပြောချင်တယ်” ဟု မိုးမခသို့ လုပ်ငန်းရှင် တဦးက မှတ်ချက်ပေးသည်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် မြန်မာ စစ်အစိုးရသည် မြန်မာနိုင်ငံ အလယ်ပိုင်း မြိုင်မြို့အနီးတွင် နျူကလီယား စီမံကိန်းတခုကို ရုရှား အကူအညီဖြင့် အကောင်အထည် ဖော်နေကြောင်း သတင်းပို့ခဲ့ဖူးသည်။ နျူကလီးယား စီမံကိန်းဆိုသည်မှာ ယူရေနီယံများကို အသုံးပြုပြီး စွမ်းအင်အဖြစ် အသွင်ပြောင်းခြင်း သို့မဟုတ် ပျက်စီးစေနိုင်သည့် လက်နက်သဖွယ် အသုံးပြုခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။ ထိုစက်ရုံများတွင် လည်ပတ်ရန် စွမ်းအင် အမြောက်အများ လိုအပ်ကြောင်း၊ အင်အားမြင့် လျှပ်စစ် ဓာတ်အားပေး လိုင်းများကို အများအပြား သွယ်တန်း ချိတ်ဆက်နေရကြောင်း၊ ယခုလက်ရှိ အခြေအနေများကို စောင့်ကြည့်ရန်လိုကြောင်း သုံးသပ်သူ တဦးက မှတ်ချက်ပေးသည်။

(http://www.bangkokpost.com/news/investigation/21362/burma-s-nuclear-bomb-alive-and-ticking )

ဘန်ကောက်ပို့စ် သတင်းပါ အကြောင်းအရာ

၎င်းက သူ့အမြင်ကို ပြောကြားရာတွင် -
“တကယ်တမ်းမှာတော့ သူတို့ တည်ဆောက်နေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေက မြိုင်မှာ တခု၊ နောင်လိုင်မှာ တခု ရှိတယ်လို့ အေဂျင်စီ သတင်းတွေအရ သိရတယ်။ အဲသည်မှာ မြေအောက် လှိုင်ခေါင်းတွေ ရှိတယ်လို့လည်း သတင်းတွေက ဆိုတယ်။ အနောက်က အစိုးရတွေ သိရင်တောင်မှ ဒါကို သူတို့က ဖွင့်မပြောဘဲ စောင့်ကြည့် နေသလား မပြောတတ်ဘူး။ လျှပ်စစ်မီးတွေ ကတော့ ပျက်နေတာက ထုံးစံလို ဖြစ်နေပြီ။ လူတွေကို တမင် ဖိနှိပ်တဲ့အနေနဲ့ မီးကို မပေးတာ ဖြစ်နိုင်သလို၊ သူတို့ဖက်မှာ လိုအပ်တဲ့ နေရာတွေကို စွမ်းအင်တွေ ဆွဲယူ သုံးစွဲ နေသလားတော့ အတိအကျ မပြောနိုင်ဘူး။ သေချာတာကတော့ စစ်အစိုးရက ရုရှားမှာ နည်းပညာတွေ သွားယူတယ်။ မြောက်ကိုရီးယားကနေ လက်နက်တွေ ၀ယ်ယူတယ်။ နျူကလီးယား နည်းပညာကို ဖော်ထုတ် နေတာကတော့ လွန်ခဲ့တဲ့ ၂၀၀၂ လောက်ကတည်းက ဖြစ်တယ်” ဟု ပြောသည်။

ယခုလက်ရှိအချိန်တွင် သောက်သုံးရေ ခမ်းခြောက်မှုများ၊ မိုးခေါင်မှုများ၊ ရာသီဥတု ကပ်ဘေးများ ဆိုးဝါးမှုတို့ကြောင့် မြန်မာနိုင်ငံသားများ ဒုက္ခများ ရင်ဆိုင်နေရချိန်၊ အသေအပျောက်များ ရှိနေချိန်တွင် လျှပ်စစ် စွမ်းအင်များကို စစ်အစိုးရက ပိုမို ဖြတ်တောက် ထားခြင်းမှာ ရိုးသားမှု မရှိဟု ရန်ကုန်မြို့ နေသူတို့က မိုးမခသို့ ပြောကြား ကြသည်။

(ဆက်လက်ဖော်ပြပါဦးမည်)

Ref: မိုးမခ

0 comments:

အပေါ်သို့