Monday, 17 May 2010 22:50 
အသွင်ကူးပြောင်းရေးကိစ္စ နောင်တက်လာမည့်အစိုးရသစ်နှင့်သာဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံသို့ အပစ်ရပ် SSA တပ်မဟာ ၁ က အိတ်ဖွင့်ပေးစာ ပေးခဲ့သည်ဟု စုံစမ်းသိ ရှိရပါသည်။
အသွင်ကူးပြောင်းရေးလက်မခံသည့် အပစ်ရပ် SSA  တပ်မဟာ ၁ တပ်ဖွဲ့သည် နအဖ နှင့် ရင်ဆိုင်တိုက်ပွဲ မဖြစ်လိုကြောင်း၊ နောင် တက်လာမည့် အစိုးရသစ်နှင့်သာ ဆွေးနွေးလိုကြောင်း၊ လက်ရှိ အခြေအနေအရ ၁၉၈၉ အပစ် စရပ်စဉ် သဘောတူညီချက် အတိုင်း ဆက်လက် ရပ်တည်သွားလိုကြောင်း အဓိက အကြောင်းရင်း ၄ ချက်ပါရှိသည့် အိတ်ဖွင့် ပေးစာတစောင်ကို စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံ ၂၀၁၀၊ မေ ၁၁ ရက်စွဲဖြင့် ပေးပို့ခဲ့သည်ဟု ဆိုပါသည်။
တပ်မဟာ ၁ နှင့် ၀င်ဆန့်သည့် ပုဂ္ဂိုလ်တဦးက -“တပ်မဟာ ၁ ကနေ ဗိုလ်ရဲမြင့်ထံ ပေးပို့တဲ့ စာထဲမှာက နိုင်ငံရေး ပြဿနာကို လက်နက်နဲ့ မဖြေရှင်းဘူး။ ၁၉၈၉ အပစ်စရပ် ကထဲက အပစ်ရပ် SSA  အနေနဲ့ အသက် အမြောက် အများ ရင်းပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်း လာခဲ့တယ်၊ SSA  တပ်မှူး တပ်သားများ ကိုယ်တိုင် နိုင်ထက်စီးနင်း ကျူးကျော် ဖိနှိပ်ခံရပေမဲ့ အောင့်အီး သည်းခံခဲ့တယ်။ နောင်တက်လာမယ့် အစိုးရသစ်မှာမှ အသွင်ပြောင်းဖို့ ဆွေးနွေးလိုတယ်” - ဟု ဆို၏။
ထို့အပြင် ၂၁ နှစ် အပစ်ရပ်ကာလအတွင်း SSA  တပ်မတော်သားများ အပါအ၀င်ဒေသခံ ပြည်သူများပါ ငြိမ်းချမ်းရေး အသီးအပွင့် ခံစားခဲ့ရကြောင်း၊ ၁၉၈၉ ငြိမ်းချမ်းရေး သဘောတူညီချက် အတိုင်း ဆက်လက် နေထိုင်သွားလိုကြောင်း၊ အပစ်ရပ် တပ်မဟာ ၁ အနေဖြင့် အသွင်ပြောင်းရေး ကိစ္စ သဘောတူညီမှု လုပ်ထားသည့်အတိုင်း အနာဂတ် အစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း - အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောပြ ပါသည်။
“မေ ၂၄ သျှမ်းပြည် တပ်မတော်မွေးနေ့ (သမိုင်းဝင်နေ့) ကို မျက်ကွယ်ပြုပြီး အဲဒီ့နေ့မှာမှ ပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်ခံတဲ့ ဦးလွယ်မောင်း(၀်)၊ ဦးကိုင်ဖှာ့တို့ အုပ်စုနည်းအတိုင်း ဗိုလ်ချုပ်ပန်ဖှက လက်မခံဘူး၊ ပြီးတဲ့ တနင်္ဂနွေနေ့ကလဲ မိုင်းနောင် အခြေစိုက် စကခ ၂ မှူးက ဖိတ်ခေါ်လို့  ကိုယ်စားလှယ်တွေ လွတ်ပြီး ဆွေးနွေးခိုင်း သေးတယ် အဲဒါလဲ ဘာမှ မထူးခြားဘူး”- တပ်မဟာ ၁ အရာရှိ တဦးနှင့် ၀င်ဆန့်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။
စိန်ကျော့ဌာနချုပ်မှ ဦးဆောင်၍ တပ်မဟာ ၃၊ ၇ နှင့် ဌာနချုပ်တပ်ဖွဲ့တို့ ဌာနေပြည်သူ့စစ် အသွင် ကူးပြောင်းရေး သဘောတူ လက်ခံ၍ လူသူ လက်နက် စာရင်း ပေးထားပြီးသော်လည်း ဘာ့ကြောင့် ယနေ့တိုင် အခမ်းအနား မလုပ်သေး သနည်း ဆိုသည်ကို အများက စိတ်ဝင်စားနေကြ၏။ ဌာနေပြည်သူ့စစ် ၀တ်စုံ ၀တ်သည့် တပ်သားများလည်း ဆယ်ဂဏန်း လောက်သာ ရှိသေးကြောင်း ဒေသခံများက ပြောပါသည်။
သီးခြားအတည်မြုပနိုင်သေးသည့်သတင်းအရ အသွင်ကူးပြောင်းရေးလက်ခံပြီးသည့်နောက် ဆိုင်ကျော့ (စိန်ကျော့) ဌာနချုပ် တပ်ဖွဲ့ အပါအ၀င် တပ်မဟာ ၃၊ ၇ တပ်ဖွဲ့ဝင်အချို့ တပ်မဟာ ၁ ထံ သို့ အင်အား ၈၀ ထက်မနည်း ထွက်ပြေးခိုလှုံ ပူးပေါင်း လာကြသည်ဟု ဆိုသည်။
Ref:   သျှမ်းသံတော်ဆင့်
Tuesday, May 18, 2010
အပစ်ရပ် SSA တပ်မဟာ ၁ စရာဖ အရာရှိချုပ်ထံ အိတ်ဖွင့်ပေးစာပို့
Subscribe to:
Post Comments (Atom)









































0 comments:
Post a Comment