..............................

Wednesday, May 19, 2010

နအဖ ၏ ရာဇသံ ရက်ကျော်လွန် - ၀ နယ်တကျော့ပြန်စည်ပြော

Tuesday, 18 May 2010 20:47

အသွင်ကူးပြောင်းရေး တိုက်တွန်းဖိအားပေးမှု တနှစ်ပြည့်သည့် ဧပြီ ၂၈ ရက် ကျော်လွန်ခဲ့သော်လည်း အချို့ အကဲခတ်များ မျှော်လင့် ထားသည့်အတိုင်း ထူးခြားသည့်တင်းမာ ပေါက်ကွဲမှုမရှိဘဲ ၀ နယ်အတွင်း တကျော့ပြန် စည်ကားလာကြောင်း ပန်ဆန်းသတင်း အသိုင်းအ၀ိုင်းက ပြောပါသည်။

“ကားအသွားအလာကော၊ ဈေးတန်းကော ပြန်စည်လာတယ်။ ဟော်တယ်တွေမှာကော လူပြည့်တယ်၊ စားသောက်ဆိုင် တွေလဲ ပြန်ရောင်းကောင်း လာတယ်။ အရင်ကထက်တောင် ပိုစည်လာသလိုဘဲ” - ဟု ပန်ဆန်း ဒေသခံ တဦးက ပြောပါသည်။

လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့အားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဧပြီ ၂၈ ရက် ၂၀၁၀ နောက်ဆုံးဟု စစ်အစိုးရ ရာဇာသံ ပေးထားသော်လည်း အပစ်ရပ် ၀ တပ်ဖွဲ့၊ မိုင်းလား၊ SSA တပ်မဟာအချို့ နှင့် KIA တပ်ဖွဲ့တို့ ကောင်းခါ ငြင်းဆန်ကာ ရက်ပေါင်း ၂၀ ကျော်လာသည့်တိုင် ထူးခြားသည့် ဖိအားပေးမှု တစုံတရာမရှိ။ အထူး သဖြင့် ၀ နယ်မြေအတွင်း စစ်ရေး စိုးရိမ်ပူပန်ခြင်း တစုံတရာ မရှိဘဲ ပုံမှန် သွားလာမှုထက် ပို၍ပင် စည်ကားလာသည် ဟု တရုတ်နယ်စပ်နေ စစ်ရေး လေ့လာသူ တဦးက ပြောပါသည်။

“လားရှိုး - တန့်ယန်း - ပန်ဆန်း (၀ ဒေသ မြို့တော်)အကြားပြေးဆွဲနေတဲ့ လိုင်းကားတွေ ပုံမှန်ဘဲ၊ ဗမာစစ်တပ်စခန်း/ ဂိတ်တွေကလဲ ဟန့်တား ပိတ်ပင်တာ မရှိဘူး။ နအဖ ကသဘောထား ပျော့ပြောင်းလာတာလား။ ဘာသဘောလဲတော့ မသိဘူး” - ပန်ဆန်းရောက် သျှမ်းအမျိုးသား တဦးကပြောပါသည်။

ဧပြီလနှောင်းပိုင်းမှစ၍ နအဖ စစ်တိုင်းမှူး ဒု စစ်တိုင်းမှူးများ ၀ နယ်အနောက်ခြမ်းတလျှောက် သံလွင်မြစ်တကျော စစ်ရေး ပြင်ဆင်မှုကို စစ်ဆေးနေသော်လည်း ၀ နယ်အတွင်း ပြည်သူများ ခရီးသွားများ ပုံမှန်ထက် စည်ကားနေကြောင်း၊ နအဖ ပေးသည့် ရာဇသံလည်း ၀ ပြည်သူများ အလေးမထားကြောင်း၊ ၀ နယ်အတွင်း ၀င်ရောက်လာသည့် ဒေသခံ ဘာသာ စကား မပြောတတ်သော ခရီးသွားများကိုမူ ၀ နယ် လုံခြုံရေးတပ်ဖွဲ့များက အထူးကြပ်မတ် စစ်ဆေးနေသေးကြောင်း၊ နယ်ခြားတလျှောက် စစ်ရေး ပြင်ဆင်မှုလည်း ဆက်လက် ပြုလုပ်နေကြောင်း အဆိုပါ ပုဂ္ဂိုလ်ကဆက် ပြောပြပါသည်။

ဝ နယ်အတွင်း ၀ပ်ရှော့ပ်၊ စားသောက်ဆိုင်၊ အနှိပ်ခန်း၊ ပန်းရံ နှင့် အခြားကျပန်း ရွေ့ပြောင်း ဗမာအလုပ်သမား လူဦးရေ ရာဂဏန်းကိုမူ ပုံမှန် အတိုင်း ဆက်လက်နေခွင့် ပြုထားကြောင်း၊ အသစ်ဝင်လာမည့် အလုပ်သမားများ အတွက်တော့ တင်းကြပ် ထားကြောင်း ၀ အရာရှိ တဦးကလည်း အတည်ပြု ပြောဆိုပါသည်။

အထူးဒေသ ၂ / ၀ မြို့တော် ပန်ဆန်း စည်းကားလာသကဲ့သို့ အထူးဒေသ ၄ ဌာနချုပ်ရုံးစိုက်ရာ မိုင်းလားမြို့လည်း ထိုနည်းအတိုင်း ဖြစ်နေကြောင်း ပန်ဆန်း - ကျိုင်းတုံ ကားဆရာ တဦးကလည်း ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့