..............................

Thursday, May 20, 2010

ဘန်ကောက်တွင် ညမထွက်ရအမိန့်ထုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန်လို

မြတ်ခိုင်ဦး
၁၉ မေလ ၂၀၁၀

ဘန်ကောက်မြို့တော်တွင် မီးရှို့မှုများ နေရာတိုင်း၌ ဖြစ်ပေါ်နေကာ အစိုးရမှ ည (၈) နာရီမှ မနက် (၆) နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်သည်။

ယနေ့နေ့လယ် (၁) နာရီခွဲတွင် အင်္ကျီအနီဝတ် ဆန္ဒပြခေါင်းဆောင်များ အဖမ်းခံလိုက်သော်လည်း ဆန္ဒပြသူ အချို့သည် ဘန်ကောက်မြို့တော် နေရာ တဝိုက်တွင် ပြန့်ကျဲ ရောက်ရှိသွားကာ အထင်ကရ အဆောက်အဦများကို မီးတင်ရှို့မှုများ ဖြစ်ပွားနေပြီး ဘန်ကောက်မြို့တော် ကောင်းကင်ယံတွင် (၅) စီးထက် မနည်းသော ရဟတ်ယာဉ်များ ပျံဝဲလျက်ရှိသည်။

ထိုသို့အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “ညမထွက်ရ အမိန့်ဆိုတာ ရှင်းရှင်းပြောရရင် သတ်မှတ်ချိန်ကျော်လို့ မိမိနားနေရာမှာ မရှိဘဲ၊ လမ်းပေါ်မှာတွေ့ရင် လုံခြုံရေး အဖွဲ့ဝင်တွေက ပစ်ဖမ်းလို့ရတယ်။ မသိနားမလည်တာ တခုတည်းနဲ့ အသက် ပျောက်သွားနိုင်တယ်။ အဲဒီအတွက် အလုပ်သမားတွေ အခုညနေကစပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြပါ။ အချင်းချင်း ဖုန်းနဲ့ ဆက်သွယ် သတိပေးကြပါ။ လိုအပ်ရင် အလုပ်သမားရေး အဖွဲ့တွေကို သတင်းမေး သတင်းပို့ကြပါ။ ဖြစ်နိုင်ရင် တယ်လီဗီးရှင်း သတင်းတွေကို အမြဲဖွင့်ထားပါ” ဟု သတိပေး ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားအများစုသည် လုပ်ငန်းရှိရာ၊ နားနေရာများမှ မလိုအပ်ဘဲ ထွက်မည် မဟုတ်သည်ကို နားလည်သော်လည်း အများစုသည် နယ်စပ် ဒေသမှလာသော အလုပ်သမားများ ဖြစ်သည့်အတွက် ပါးရေနပ်ရေ အားနည်းသည်ဟု ၎င်းက ပြောသည်။

ဘန်ကောက်မြို့တော်တွင် အနီခေါင်းဆောင်များက ယနေ့နေ့လယ် (၁) နာရီခွဲတွင် အဖမ်းခံ ခဲ့သော်လည်း ယခင်က အနီဝတ်များကို လုံခြုံရေး ယူပေးခဲ့သော ဆန္ဒပြသူများက ဘန်ကောက်မြို့ပေါ်သို့ ပြန့်ကျဲ ထွက်သွားကာ အထင်ကရ နေရာများကို မီးတင်ရှို့ရန် ကြိုးပမ်း နေကြသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ မစ္စတာပန်တိနန်က ယနေ့ညနေ (၅) နာရီတွင် ရုပ်မြင်သံကြားလိုင်း အသီးသီးမှ ပြောကြားရာ၌ လူတိုင်းသည် မိမိ၏ သက်သေခံ ကတ်ပြားများကို တပါတည်း ကိုင်ဆောင် ထားရမည်ဖြစ်ပြီး လိုအပ်၍ လုံခြုံရေး ဝန်ထမ်းများမှ စစ်ဆေးလျှင် ပြသ နိုင်ရမည်ဟုဆိုသည်။

ဘန်ကောက်မြို့တော်တွင် ရွှေ့ပြောင်းအလုပ်သမား (၂) သိန်းခန့်သည် အလုပ် လုပ်ကိုင်နေကြပြီး အများစုမှာ သွားလာလှုပ်ရှား နေရသည့် ဈေးရောင်း၊ စားသောက်ဆိုင်၊ ပန်းရန် လုပ်ငန်းများတွင် လုပ်ကိုင် နေကြသူများ ဖြစ်သည့်အတွက် အချိန်မီ မိမိနားနေရာသို့ ပြန်ရောက်ရန် လိုကြောင်း၊ အရေးကြုံပါက ဆက်သွယ်ရန် အရေးပေါ် နံပါတ်မှာ ၀၂-၅၁၁၁၅၁၅ ဖြစ်ကြောင်း အလုပ်သမားအရေး လုပ်နေသူများက ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့