..............................

Thursday, May 20, 2010

စစ်သား ၆ ဦး ရခိုင်အဖွဲ့ထံ လက်နက်ချ

ခိုင်စု | ဗုဒ္ဓဟူးနေ့၊ မေလ ၁၉ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် ခလရ ၂၃၂ မှ တပ်ကြပ်တဦး အပါအဝင် စစ်သား ၆ ဦးသည် လက်နက်ခဲယမ်း မီးကျောက်များနှင့်အတူ မေလ ၁၆ ရက်နေ့တွင် လက်နက်ချ ခိုလှုံလာကြောင်း စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) က ပြောသည်။

တပ်ကြပ်သန်းအေး (ကိုယ်ပိုင်အမှတ် တ/၇၅၁၈၄)- ၃၆ နှစ်၊ ဒုတပ်ကြပ်မိုးအောင် - ၂၇ နှစ် (တ/၁၁၆၅၇၄)၊ ဒုတပ်ကြပ်ဇော်ဇော်ဟန် - ၂၅ နှစ် (တ/၁၂၁၇၈၅)၊ ဒုတပ်ကြပ်မောင်မောင်နိုင် - ၂၆ နှစ် (တ/၁၂၁၇၄၃)၊ တပ်သားဇော်မင်းဦး - ၂၅ နှစ် (တ/၄ဝ၁၃၃၆) နှင့် တပ်သားစန်းဝင်း - ၂၇ နှစ် (တ/၄၂၃၁၄၈) တို့သည် ဗိုလ်ကြီး ထက်အောင်ထွန်းကို သတ်ဖြတ်ပြီးနောက် သွားရောက် ပူးပေါင်းခြင်း ဖြစ်သည်။

'သူတို့နဲ့ ကျနော်တို့ဆိုတာ ဒီနယ်မြေမှာ ခြေချင်းလိမ်နေတာပါ။ သူတို့ရှိတဲ့နေရာကို ကျနော်တို့ သိသလို၊ ကျနော်တို့ ရှိတဲ့ နေရာကိုလည်း သူတို့က သိတယ်။ ဒါကြောင့်လည်း ကျနော်တို့ ရှိတဲ့နေရာကို သူတို့က လာပြီး လက်နက်ချတာပါ'' ဟု ဟု ALA တွဲဖက်အထွေထွေ အတွင်းရေးမှူး ခိုင်သုခက ပြောသည်။

ခွဲထွက်ရေး လှုပ်ရှားနေသော ရခိုင်တပ်ဖွဲ့ လှုပ်ရှားရှာ ကုလားတန် စစ်ကြောင်းတွင် ပူးပေါင်းသွားခဲ့သူများကို လုံခြုံသော တနေရာတွင် ထားရှိသည်ဟု ဆိုသည်။

“သူတို့တွေ ဒီလိုလာပြီး ပူးပေါင်းတာကို ဝမ်းသာတယ်၊ ကြိုဆိုတယ်။ သူတို့တွေ အခု ဌာနချုပ် မရောက်သေးတော့ ဘာမှ မစီစဉ် ရသေးဘူး။ သူတို့တွေနဲ့ တွေ့ပြီး သူတို့ရဲ့ ဆန္ဒကို မေးပြီး သူတို့ ဖြစ်ချင်တာကို ကူညီပေးသွားမှာပါ။ အရင်ကလည်း ဒီလို ကူညီပေးပါတယ်” ဟု ခိုင်သုခက ပြောသည်။

ခိုလှုံလာသူများနှင့်အတူ MA (၁၁) အမျိုးအစား ၅ လက်၊ MA (၁၂) ၁ လက်၊ MA (၃) ၂ လက်၊ MA (၇၉) မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉ လုံး၊ B 100 ကွန်မန်ဒို စိန်ပြောင်း ၁ လက်နှင့် အသီး ၁၂ လုံး၊ 9 MM ပစ္စတို တလက်နှင့် ဘောက် ၂ ချပ်၊ ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နင်းမိုင်း M (၁၆) ၆ လုံး၊ Equipment ၁ဝ စုံ၊ ကျောပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် လက်နက်ငယ် ကျည်မျိုးစုံ ၁၃ဝ၈ တောင့်တို့ ပါလာသည်ဟု ALA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တွေမြို့ ရေချမ်းပြင်ရွာ အခြေစိုက် ခလရ ၂၃၂ အောက်မှ ရှေ့တန်းလှုပ်ရှားစစ်ကြောင်းကို ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်မိုးဟိန်း ဦးဆောင်၍ ပလက်ဝမြို့နယ် ငွေလက်ဝရွာအနီး၌ စခန်းချထားသည်။ ယင်းလက်အောက်ရှိ စစ်ကြောင်း ၁ အရံတပ်စုကို ဗိုလ်ကြီး ထက်အောင်ထွန်းက ဦးဆောင်၍ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မြိတ်ဝ စခန်း၌ အခြေချသည်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မောင်တော၊ ချင်ပြည်နယ် ပလက်ဝ နယ်စပ်တလျှောက်တွင် လှုပ်ရှားနေသော ALA ထံသို့ ၂ဝဝ၇ ခုနှစ်က စစ်သား ၂ ဦး လက်နက်များနှင့်အတူ ခိုလှုံခဲ့သေးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့