..............................

Wednesday, May 19, 2010

ရေအလှူရှင်ကို အန်အယ်လ်ဒီ ဟုတ်မဟုတ် ကြံ့ဖွံ့စစ်ဆေး

တက်လူ
၁၈ မေလ ၂၀၁၀

ရန်ကုန်တိုင်းအတွင်း ရေရှားပါးနေသည့် မြို့နယ်များသို့ သွားရောက်ရေလှူဒါန်းနေသည့် အလှူရှင်များကို အန်အယ်လ်ဒီ ဟုတ်မဟုတ် ကြံ့ဖွံ့ အသင်းက လိုက်လံ မေးမြန်းနေကြောင်း ရေအလှူ ပြုလုပ်နေသည့် အလှူရှင်များက ပြောသည်။

ယခုလ (၁၆) ရက်တွင် ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်းသို့ သွားရောက်ရေလှူခဲ့သော အဖွဲ့တဖွဲ့မှ အလှူရှင်တဦးက “ကျနော်တို့ ရေသွားလှူတော့ ကျနော်တို့ကို ကြံ့ဖွံ့အလံ တပ်ခိုင်းတယ်ဗျ။ အဲလိုတပ်မှ လှူရမယ်လို့ ကြံ့ဖွံ့အသင်းက ထုတ်ပြန် ထားတယ်လို့ ပြောတယ်။ ကျနော်တို့က မတပ်နိုင်ဘူးလို့ ပြောတယ်။ သူတို့က အတင်းအကျပ်တော့ မပြောဘူး။ ဒါပေမယ့် ဘယ်သူတွေလဲ၊ ဘယ်အဖွဲ့ကလဲ ဆိုတာ မေးတယ်။ သူတို့က အန်အယ်လ်ဒီကလားဆိုတာ သိချင်တာလို့ ပြောတယ်” ဟု ရှင်းပြသည်။

ရန်ကုန်တိုင်းအတွင်းတွင် လှိုင်သာယာ၊ တောင်ဒဂုံ၊ သံလျင်၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဒလမြို့နယ်တို့တွင် ရေ ရှားပါးနေသည့် အတွက် စေတနာရှင် ပြည်သူတို့က သွားရောက် လှူဒါန်းကြခြင်းဖြစ်သည်။

ဒလမြို့နယ်တွင် ရေရှားပါးပြတ်လတ်မှုကို စည်ပင်နှင့် ဌာနဆိုင်ရာအာဏာပိုင်တို့က လုပ်ဆောင်ပေးမှု အားနည်းကြောင်း၊ ကန်ပေါင်း (၁၀၀) ခန့် ရေခန်းနေသည့် အတွက် ယခုနှစ်တွင် ရေရှားပါးခြင်းဖြစ်ကြောင်း ညောင်ကုန်း ရပ်ကွက်နေသူတို့က ပြောသည်။

ဒလမြို့ခံတဦးက “ကျနော် ဒီမှာနေတာ အနှစ် (၃၀) ရှိပါပြီ။ တကြိမ်မှ ဒီလောက် ရေအခက်အခဲဖြစ်တာ မကြုံဖူးသေးဘူး။ ဒီမှာ စည်ပင်ပိုက်တွေ ရှိတယ်။ ဒါပေမယ့် စည်ပင်ပိုက်ရှိတဲ့ နေရာရပ်ကွက်တွေလည်း ရေမရဘူး။ အခု စေတနာရှင်တွေက ရေလာလှူတော့လည်း သူတို့က မကြိုက်ပြန်ဘူး။ ကြားထဲက ကျနော်တို့က ရေမရဘူးပေါ့။ လှူသူရှိလို့ ကျေးဇူးတင်ရမှာကို သူတို့က မတင်ဘူး” ဟု ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များက သွားရောက် ရေလှူဒါန်းရာ တွင်လည်း ဒလ ကြံ့ဖွံ့အသင်းသား တဦးက မည်သည့်အဖွဲ့မှာ လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း မေးမြန်းသည်ဟု သိရသည်။

ရေလှူရာတွင်ပါဝင်သည့် အသင်းသားတဦးက “ကျနော်တို့ မနေ့က ရေသွားလှူတာ၊ ခက်တယ်ဗျာ၊ ရေလှူတာတောင် မလွတ်လပ်ဘူး။ ကျနော်တို့လို လူတွေကိုတောင် အဲလိုလိုက်စစ်နေရင် ကျန်တဲ့လူတွေကိုတော့ ပြောစရာ မလိုတော့ဘူး” ဟု ဆိုသည်။

ရန်ကုန်ဘက်မှ တစီးလျှင် ငွေ (၁) သောင်းကျပ် ပေးရသော ဂါလန် (၁) ထောင်ဆန့် ရေသယ်သော ရေယာဉ် သမ္ဗာန်ဖြင့် ရေ၀ယ်ကာ လှူသူများ ရှိသကဲ့သို့ သောက်ရေသန့် ပုံးများဖြင့်လည်း သွားရောက် လှူဒါန်းသူများ တနေ့လျှင် ကားစီးရေ (၁၀၀) ခန့် ရှိနေကြောင်း မြို့ခံများက ပြောသည်။

ဒလမြို့ပေါ်တွင် ရပ်ကွက်ပေါင်း (၂၄) နှင့် ကျေးရွာအုပ်စုပေါင်း (၂၃) အုပ်စုရှိပြီး အများစုမှာ ကန်ရေကို အဓိက ထားရသည့်အတွက် ကန်များ ရာသီဥတုအပူချိန်ကြောင့် ရေခန်းသွားရာတွင် ပြည်သူများ ရေအခက်အခဲ ကြုံရခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီမှ ဦးအုန်းကြိုင် ဦးဆောင်သောအဖွဲ့နှင့် အန်အယ်လ်ဒီ လူငယ်များကလည်း သောက်သုံးရေ ပြတ်လပ်မှု လတ်တလော ကြုံတွေ့နေရသော ပဲခူးတိုင်းအတွင်း ကွင်းဆင်းကာ ရေလှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့