..............................

Thursday, March 29, 2012

NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်

တူမောင်ညို
မတ်လ ၂၈၊ ၂၀၁၂

“(၆၇) နှစ်မြောက် တပ်မတော်နေ့” မှာပြောတဲ့ ဗိုလ်မင်းအောင်အောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါအချက် ၂ ချက်ကို သတိ ပြုမိပါတယ်။

တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့ အညီ တည်ဆောက် ပေးခဲ့လို့ ကျေးဇူး တင်ထိုက်သူများ အဖြစ် တတန်းတည်း ထားပြီး ရည်ညွန်း ပြောကြားတဲ့ အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သားအမတ် ၂၅% ဘာကြောင့် ပါဝင်နေရသလဲ ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကိုရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာ ရှိခဲ့ပြီး (နဝတ-နအဖ) ခေတ် မှာ ဖြုတ်ပယ် ခဲ့ပါတယ်။ အခုလည်း ဖြုတ်ပယ်ထားဆဲပါ။ ထားပါတော့။

နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့ စစ်တပ်ကနေပြတ်ပြတ်သားသား ထွက်ပြီး နိုင်ငံရေးကို ခြေစုံပစ်ပြီး လုပ်ခဲ့သူဖြစ် တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ “ကိုအောင်ဆန်း- သခင်အောင်ဆန်း- ဗိုလ်အောင်ဆန်း- ဦးအောင်ဆန်း” စသဖြင့် ကျောင်းသား၊ နိုင်ငံရေး သမားဘဝကနေ တော်လှန်ရေး တပ်မတော်သား၊ တော်လှန်ရေး တပ်မတော်သား ဘဝကနေ နိုင်ငံရေး သမားဘဝကို အဆင့်ဆင့် ပြောင်းလဲ ခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်နေဝင်းကို တတန်းထဲထား ဖေါ်ပြစရာ ဆိုလို့ “ရဲဘော်သုံးကျိပ်” စာရင်းကို ရေးသား ဖေါ်ပြရာမှာပဲ ဖြစ်တယ်။ ဒါ တောင် ဒို့ဗမာအစည်းအရုံး ဆိုတဲ့ ရှုဒေါင့်ကနေကြည့်ရင် “သခင်ကိုယ်တော်မှိုင်း ” အုပ်စုဝင် သခင်အောင်ဆန်းနဲ့ “သခင်ထွန်းအုပ် – သခင်ဗ စိန် ”အုပ်စုဝင် သခင်ရှုမောင်အဖြစ် ကွဲပြား နေသေးတယ်။

ဗိုလ်နေဝင်းဟာ စစ်တပ်ကို တလက်ကိုင်တပ်အဖြစ် အုပ်စီးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို စတင် အခြေချခဲ့သူ အကောင်အထည် ဖော်ခဲ့သူဖြစ် တယ်။ ဒါကြောင့် ဗိုလ်နေဝင်းဟာ လက်ရှိ စစ်အုပ်စုနဲ့ စစ်အာဏာရှင် စနစ်ရဲ့ ဂေါ့ဖားသား ဖြစ်တယ်။

ဗိုလ်နေဝင်းဟာ “တော်လှန်ရေးကောင်စီ” ဆိုပြီး ၁၂ နှစ်အုပ်စိုးခဲ့ပြီး စစ်အာဏာရှင် စနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၇၄) စိတ်ကြိုက် ရေးဆွဲကာ (မဆလ) တစ်ပါတီ အာဏာရှင်စနစ်နဲ့ (၁၄) နှစ် (၁၉၇၄- ၁၉၈၈) ကြာ ဖိနှိပ်ခဲ့တယ်။

ဗိုလ်သန်းရွှေကတော့ (နဝတ-နအဖ) စစ်ကောင်စီက ၂၁ နှစ် (၁၉၈၈ -၂၀၁၀) ဖိနှိပ်အုပ်စိုးခဲ့ပြီး၊ စစ်အာဏာရှင် စနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) စိတ်ကြိုက် ရေးဆွဲပြီး “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ဆိုတဲ့ မျက်နှာဖုံး စွပ်ပေးခဲ့တယ်။

စစ်အုပ်စုဖွဲ့ပြီး စစ်တပ်ကို တလက်ကိုင်လုပ်တဲ့အစဉ်အလာဟာ ဗိုလ်နေဝင်းလုပ်နည်းဖြစ်တယ်။ ဒီနည်းကို ဗိုလ်သန်းရွှေက ဆက်ခံခဲ့တာဖြစ် တယ်။

ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်တို့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေ တို့ရဲ့ စစ်အာဏာရှင် စနစ် အမွေခံတွေသာ ဖြစ်တယ်။

လက်ရှိ စစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နိုင်ငံရေးအစဉ်အလာကို ဆက်ခံသူတွေ မဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုအသုံးချပြီး နိုင်ငံရေးမလုပ်ခဲ့ဘူး။ ကိုယ်ကျိုးစီးပွား မစုဆောင်းခဲ့ဘူး။ ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေ တို့က စစ် တပ်ကို ခါးပိုက်ဆောင်တပ် အဖြစ် တလက်ကိုင်ပြုကာ စစ်အာဏာရှင်စနစ် ဖန်တီးပြီး ကိုယ်ကျိုး စီးပွားစု ဆောင်း ခဲ့ကြတာ ဖြစ်တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ အရင်းခံ ခြားနားချက်ဖြစ်ပါတယ်။ ထပ်တူ နှိုင်းယှဉ်လို့ မရတဲ့ မတူညီတဲ့ အစဉ်အလာ ဖြစ်တယ်။

ဒီနေ့စစ်အုပ်စုဟာ စစ်တပ်နဲ့ရှင်းရှင်းပြတ်ပြတ်ခွဲခြားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အစဉ်အလာနဲ့ ပြဒါးတလမ်း သံတလမ်း ဆန့်ကျင်ပြီး ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်တပ်ကို ခါးပိုက်ဆောင်တပ် အဖြစ် ထားပြီး နိုင်ငံရေး လုပ်ကာ ကိုယ်ကျိုးစီးပွား ရှာတဲ့ လုပ်ဟန်ကို အမွေ ဆက်ခံထားသူတြွေ ဖစ်ပါတယ်။ “အမျိုးသားနိုင်ငံရေး” ဆိုတာကို ဗန်းပြ အရေခြုံထားတယ်။

ဗိုလ်မင်းအောင်လှိုင်က “လွှတ်တော်အသီးသီးမှာ စစ်သားအမတ်တွေပါဝင်နေတယ်ဆိုတာ သမိုင်းကြောင်းအရ ပါဝင်နေတာ ဖြစ်ပြီး၊ အမျိုးသား နိုင်ငံရေး တာဝန်တစ်ရပ်ကို ထမ်းဆောင် နေတာ ဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောထားတယ်။ စစ်မှုထမ်း ဥပဒေနဲ့ စစ်သားလုပ်နေ သူတွေ မဟုတ်ဘူး၊ ခံယူချက်နဲ့ စစ်ထဲ ဝင်ခဲ့ကြသူတွေ ဖြစ်တယ်လို့လည်း ဆိုတယ်။

(လပခ) တိုင်းမှူးဟောင်း (နဝတ) ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာ ပါတဲ့ (ဝင်းဦးကိုအားကျတဲ့) ခံယူချက်မျိုးလား မသိပါ။

ဒါအပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈” ထဲက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) ကိုကိုးကားပြီး “စစ်တပ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အဓိကတာဝန် တရပ်အနေနဲ့ ကာကွယ် စောင့်ရှောက်သွားမယ်” လို့ အခိုင်အမာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

ဒီပြောကြားချက်ဟာ ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မတ်လ ၁၄ ရက်နေ့ကပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြား ချက်ကို တုန့်ပြန်တာလို့ ယူဆနိုင်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ကိစ္စ သုံးရပ်ကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တို့ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူ့ဟောပြောချက်ထဲမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက် ညီတာတွေ ထဲက ထင်ရှားတဲ့ ဥပမာတခု အဖြစ် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ရွေးကောက်ခံ မဟုတ်တဲ့ (စစ်တပ်) လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်း ပါဝင်နေတာကို ပြည်သူတွေအသိ ဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

“အခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်”လို့ဆိုရာမှာ အခြေခံဥပဒေနဲ့ အညီ အာဏာ သိမ်းနိုင်တဲ့ တာဝန်နဲ့ လွှတ်တော် အသီးသီး အတွင်းမှာရှိတဲ့ စစ်သား အမတ်တွေရဲ့တာဝန်လို့ ပေါင်းပြီး ပြောတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ အမိန့်ပေးညွန်ကြားဆောင်ရွက်မှာ ဖြစ်ပါတယ်။

လွှတ်တော် အသီးသီးမှာရှိတဲ့ ၂၅% စစ်သားအမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်/ လဲလှယ် နိုင်ပါတယ်။

စစ်သားအမတ်ဆိုတာမှာလည်း အမြင့်ဆုံးအဆင့်က “ဗိုလ်မှူးကြီး” အထိပဲပါတာပါ။ ဒါကလည်း အနည်းစုပါ။ ကျန်တဲ့ အများစုက ဗိုလ်မှူးအ ဆင့်နဲ့ ဗိုလ်ကြီးအဆင့် ဂျူနီယာလေးတွေ ဖြစ်ပါတယ်။ သူတို့ခမျာလည်း “စစ်စည်းကမ်း” ဆိုတာနဲ့ အသေ ချည်တုတ် ခံထားရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်ကို ဆန့်ကျင်တဲ့မဲ စစ်သား အမတ်တွေ မပေးဝံ့ပါဘူး။

ဒါကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ကာကွယ်စောင့်ရှောက်သွားမယ့်” ဗိုလ်မင်းအောင်လှိုင်နဲ့ NLD က ထိပ်တန်း တင်ထားတဲ့ ကိစ္စသုံးရပ် (တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ) ကတော့ ရှောင်လွှဲလို့မရအောင် ထိပ်တိုက် တွေ့နေပါပြီ။

“၁ ဧပြီ၊ ကြားဖြတ်ရွေးကောက်ပွဲ” မှာ အနိုင်ရရုံနဲ့ “NLDရဲ့ထိပ်တန်းကိစ္စသုံးရပ်” ဖြစ်မြောက် မလာနိုင်ဘူး ဆိုတာ NLD ကလည်း နားလည် သလို၊ လက်ရှိ ဦးသိန်းစိန် စစ်တစ်ပိုင်း အစိုးရကလည်း သိပါတယ်။

NLD ရဲ့ ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ဆိုတာဟာ စစ်တပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ပြောင်းလဲ၊ ပြင်ဆင် နိုင်မှသာ ဖြစ်မြောက်ပါ လိမ့်မယ်။

ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် (ပြည်သူ့လွှတ်တော်+ အမျိုးသား လွှတ်တော်) ထဲမှာ ၇၅% ကျော်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲတွေ လိုပါတယ်။ ပြည်သူ့ ဆန္ဒခံယူပွဲမှာလည်း ထက်ဝက်ကျော် မဲဆန္ဒ ရဖို့ လိုပါတယ်။

လောလောဆယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့်ဆင့်သောအာဏာပိုင်တွေရဲ့ ညစ်ပတ် ကောက်ကျစ်မှု တွေကို NLD ရင်ဆိုင် နေရပါတယ်။

ညွန်း
၁။ မတ်လ ၁၄ ရက်နေ့၊ ရေဒီယို/ရုပ်မြင်သံကြားတို့မှ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောတင်ပြချက် (ဒီလှိုင်း စာစောင် အတွဲ ၁ အမှတ် ၁၀၊ စာမျက်နှာ ၆)
၂။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကာကွယ်ရေးဦးစီးချုပ်မိန့်ခွန်း (မြန်မာ့အလင်းသတင်းစာ ၂၈ မတ်)

Ref: မိုးမခ

0 comments:

အပေါ်သို့